Tuesday, November 13, 2012

ကြုံလျက်လွဲကြသူများ

ကြုံလျက်လွဲကြသူများ
စာရေးသူငယ်စဉ်က စာပေသင်ယူခဲ့သောကျောင်းမှ ဆရာသည် နာမည်ကျော် လူသိများသော ဗေဒင် ဆရာ တစ်ဦးကို ခေါ်၍ နှစ်စဉ်နှစ်တိုင်း ဇာတာ စစ်ဆေးမေးမြန်းလေ့ရှိ၏။ တစ်ခုသော ညဥ့်အချိန်တွင် ဗေဒင်ဆရာ ပေးခဲ့ဟန်တူသော စာရွက်တစ်ရွက်ကိုထုတ်ပြပြီး
“ဒီဗေဒင်ဆရာဟာတော်တော်မှန်တာပဲ၊ ဒီမှာကြည့်စမ်း။ သူဟောလို့ မှန်ကန်ကြောင်း ထောက်ခံထား ကြတဲ့သူတွေလေ” ဟုဆို၏။
ဆရာကမ်းပေးသောစာရွက်ကို ယူကြည့်လိုက်သောအခါ လူဦးရေ နှစ်ဆယ်ကျော်တို့က ထိုဗေဒင်ဆရာ ဟောပြောသည့်အတိုင်း မှန်ကန်သဖြင့်ထောက်ခံပါကြောင်း လက်မှတ်ရေးထိုးထားသော စာရွက်တစ်ရွက် ဖြစ်နေသည်ကိုတွေ့ရ၏။
ထိုအခါစာရေးသူက “ဆရာ၊ အဲဒီဗေဒင်ဆရာဟာဗေဒင်ဟောစားတဲ့နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ” ဟုမ၀ံ့မရဲ မေးကြည့်လိုက်၏။
“သူ ဗေဒင်ဟောစားတဲ့နှစ် ဘယ်နဲတော့မလဲ။ နှစ်ပေါင်း အစိတ်သုံးဆယ်တော့ ရှိလောက်ရောပေါ့။”
“ဒါဆိုရင် သူဗေဒင်ဟောတာ တစ်နေ့တစ်ယောက်နှုန်း မပြောနဲ့ တစ်နှစ်တစ်ယောက်နှုန်းလောက် တောင် မှန်အောင်မဟောနိုင်ဘူးဆိုတာ ဖော်ပြနေတာပေါ့” ဟု ပြောကြားလိုက်သောအခါ မျက်မှန်ပေါက်ထွက် လုနီးပါး မျက်မှောင်ကြုတ်ကြည့်လျက်
“မင်းဟာ လူကတ်ပဲ” ဟုဆိုပါလေတော့၏။ စိတ်ထဲတွင်ကား ‘ကတ်’ (ကပ်) သူမဟုတ်၊ ခွာသူသာ ဖြစ်ကြောင်း ပြောကြားနေမိပါတော့၏။
_ _ _ _ _ _ _ _ _ _ _ _
“လှည်း စနေ၊ လှေသောကြာ” အယူသီးမှုကြောင့်တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်ကိုလည်းယခုတိုင် အမှတ်ထင်ထင်ရှိနေဆဲပါတည်း။
စာရေးသူ အသက်နှစ်ဆယ်ပြည့်၍ ပဉ္စင်းခံမည့်အချိန်က ဖြစ်ပါသည်။ ဒကာများက ပဉ္စင်းခံပစ္စည်းများ ၀ယ်ရန်အတွက်ရန်ကုန်သို့သွားမည်၊ စာရေးသူကိုလည်း ပင့်ခေါ်သဖြင့် လိုက်ခဲ့ရပါသည်။   ရဟန်းဒကာကြီးသည် ရက်ရဇာဖြစ်သော စနေနေ့တွင် ရန်ကုန်သို့ ပစ္စည်းများသွားဝယ်ရန် နေ့ကောင်းရက်သာအဖြစ် သတ်မှတ်ပြီးကာမှ ရွာမှလှည်းဖြင့် ဦးစွာထွက်ရမည်ဖြစ်သောကြောင့် ‘လှည်း စနေ၊ လှေသောကြာ’ဟုဆိုကာထိုနေ့၌ မသွားတော့ဘဲ
တနင်္ဂနွေနေ့မှပစ္စည်းဝယ်ထွက်ခဲ့ကြ၏။
လမ်းခုလတ် လှည်းချင်းရှောင်တိမ်းရန် ခက်ခဲသောနေရာသို့ အရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင် လာသောလှည်းတစ်စီးနှင့်ထိပ်တိုက်ဆုံပါလေတော့၏။ တစ်ဖက်မှလှည်းသည် ၀န်လေးဖြစ်သဖြင့် စာရေးသူတို့ လှည်းမှ နွားများကို ဖြုတ်ပြီး လမ်းကျယ်ရာရောက်အောင် နောက်ဆုတ်ပေးရသည်။ စာရေးသူက မီးပြရပြီး သူကိုယ်တိုင်ထမ်းတွန်းကာနောက်ဆုတ်ပေးကြရ၏။
မြင်မြင်ထင်ထင်ဆိုပါလျှင် ဤမျှမကြန့်ကြာနိုင်သော်လည်း ထိုစဉ်ကမူဆောင်တွင် ကာလကလည်း ဖြစ်ပြန် လမိုက်ရက် နံနက် တုံးမောင်းခေါက်ချိန်ခန့် ဖြစ်၍ နာရီဝက်ခန့် အချိန်ကြန့်ကြာ သွားလေသည်။ လှည်းချင်း ရှောင်ပေးအပြီး နွားများကို အပြင်းနှင်ခဲ့သောကြောင့်သာ နံဂါတ်မော်တော်ကို မီခြင်းဖြစ်၏။
ထိုနံဂါတ်မော်တော်ဖြင့် သာရဝေါသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သော်လည်း သာရဝေါမှနေ့လယ်၂-နာရီထွက်လျှင် ကြည့်မြင်တိုင်သို့ ည၈-နာရီပုံမှန်ရောက်နေကျရထားသည် ခမုံဘူတာအလွန်တွင် ပျက်နေသဖြင့် သန်းခေါင်ကျော် ၁-နာရီထိုးမှကြည့်မြင်တိုင်ဘူတာသို့ ဆိုက်ရောက်တော့၏။
တည်းခိုမည့်ကျောင်းမှာ ဘူတာနောက်ကျောကပ်လျက် ဥယျာဉ်တိုက်ဖြစ်၍ တော်သေးသည်ဟု ဆိုရပေမည်။ တည်းခိုရန်ကျောင်းသို့ရောက်သောအခါကျောင်းထိုင်ဆရာတော်က
“မနေ့က ရထားအချိန်မှန်တယ်။ ဒီနေ့ ဘာဖြစ်လို့နောက်ကျနေကြတာလဲ။” ဟုဆီးကြို၍မေးလေ၏။
ဒကာကြီးရဲ့ “လှည်း စနေ၊ လှေသောကြာကြောင့်ပေါ့” ဟုအစချီကာ အဖြစ်သနစ်အစုံကိုလျှောက်ထား လိုက်ပါ၏။ တစ်ဆက်တည်းပင်ဒကာကြီးဘက်သို့လှည့်ကာ
“ဒကာကြီးရဲ့ လှည်း စနေ၊ လှေသောကြာဆိုတာ မသွားသင့်တဲ့ရက်လို့ မယူဘဲသွားသင့်တဲ့ရက်လို့ ပြောင်းပြန်ယူရင် လမ်းမှာလှည်းချင်း မရှောင်ရလောက်ဘူး။ ဘာကြောင့်လည်းဆိုတော့ အယူသီးသူတွေလှည်း မထွက်ကြလို့ပေါ့” ဟု ဆိုလိုက်ရာ
ဒကာကြီးသည် ခွန်းတုံ့မဆိုဘဲ ဆိတ်ဆိတ်သာနေလေ၏။ ထိုဆိတ်ဆိတ်နေခြင်းသည် အပြစ်ကိုဝန်ခံ သည့် ဆိတ်ဆိတ်နေခြင်းမျိုးကား မဟုတ်ချေ။
_ _ _ _ _ _ _ _ _ _ _ _
တစ်ခုသော ဆွမ်းကပ်လှူပွဲတွင် ဆွမ်းဘုဉ်းပေးအပြီး ရေနွေးဝိုင်း၌ ဒုလ္လဘကိုယ်တော်ကြီးတစ်ပါးက ပရိသတ်ထဲမှ သူ၏မြေးတော်စပ်သူအမျိုးသမီးတစ်ဦးကို
“ဟဲ့- နင်တို့အိမ်ညက ပစ္စည်းအခိုးခံရလို့ဆို” ဟုမေးလေ၏။ မြေးဖြစ်သူကလည်းဟုတ်မှန်ကြောင်း ဖြေကြာ၏။
ကိုယ်တော်ကြီးသည် “အိုကြင်ယာဥဒကေ၊ ကြာကန်သူဝနေ၊ စိတ်တူ၏ဂူပေ” စသည်ဖြင့်ရွတ်ဆိုကာ
“ဘယ်အရပ်၊ ဘယ်ထောင့်က၊ ဘယ်နေရာမှာရှိတယ်။ ရှာကြ” ဟုဆိုလေ၏။
စာရေးသူလည်း နားကြားပြင်းကတ်လှသဖြင့်
“ကိုယ်တော်ကြီးရယ်၊ သူတို့ရှာရင် ဟိုနေရာမှာလိုလို၊ ဒီနေရာမှာလိုလိုနဲ့ ဇဝေဇ၀ါ ဖြစ်နေပါအုံးမယ်။ ကိုယ်တော်ကြီး အတိအကျသိနေတဲ့နောက်ကိုယ်တိုင်သွားရှာပေးလိုက်ပါ။”ဟုဆိုလိုက်ရာ အားလုံးက သဘော ကျကာပြုံးရယ်ကြသော်လည်း ထိုကိုယ်တော်ကြီးကမူ ရာဇ၀င်ထဲမှ သီလ၀မင်းသား ၀င်စားလာသူနှယ် အပြုံးအရယ် ကင်းမဲ့လျက် ...။
_ _ _ _ _ _ _ _ _ _ _ _
ဘုရားပန်းကပ်လှူရာတွင်သာ ရက်မကြာခင် ညှိုးပါမူ စိတ်ပျက်ညည်းညူကြကာ ရေရှည်ခံ ပန်းတို့ကို ၀ယ်ယူပူဇော်လေ့ရှိကြ၏။ နတ်တင်သည့်ငှက်ပျောပွဲရက်မကြာခင်မှည့်ပါမူ မကြာခဏ ပွဲလဲကြရသော်လည်း စိတ်ပျက်ညည်းညူလေ့မရှိကြ။ ပွဲပျော်သည်ဟုပင် ယူဆကာ ဂုဏ်ယူဝင့်ကြွားလေ့ရှိကြ၏။
တစ်ခုသော ဥပုသ်နေ့တွင် ဒကာမကြီးတစ်ဦးက သူအိမ်မှပွဲသည် တင်ပြီးရက်မကြာခင် မှည့်တတ် သဖြင့် ပွဲပျော်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေ၏။ ထို့ကြောင့်
“ဒကာမကြီးရဲ့ပွဲ ပျော်တယ်-မပျော်တယ် သိရအောင် အဖူးလွတ်စ ငှက်ပျောဖီးနဲ့ တင်ကြည့်ပါလား” ဟု ဆိုလိုက်ရာ ပုဆိန်ပေါက် ဦးချ၍ ပြန်သွားပါလေတော့၏။
_ _ _ _ _ _ _ _ _ _ _ _
ဘိုးတော်ဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းဆရာတစ်ဦးသည် သူတို့၏ဂိုဏ်းက မြွေကို မည်သို့မည်ပုံ နိုင်နင်း ကြောင်း၊ မြွေကိုက်သော်လည်း မသေကြောင်း ကျောင်းသို့ လာရောက်ကာ ကြွားလုံးထုတ်နေ၏။ စာရေးသူက-
“ရေမြွေကိုလား” ဟု မေးလျှင်-
“အရှင်ဘုရားက မယုံဘူးနဲ့တူတယ်။ လက်တွေ့ပြရမလား” ဟု ဆို၏။
“မလုပ်လိုက်ပါနဲ့ သေရင် အမှုပတ်နေပါ့မယ်” ဟု ပြောလိုက်ရ၏။
“ဒီလိုလုပ်ပါလား၊ ထိုင်းနဲ့မလေးရှားက အမျိုးသမီးနှစ်ဦး မှန်လုံခန်းတစ်ခုထဲမှာ အဆိပ်ပြင်းတဲ့ကင်းမြီး ကောက် အကောင်ပေါင်း ဘယ်နှထောင်နဲ့ ဘယ်သူက ရက်ပေါင်း ဘယ်လောက်ကြာကြာ နေနိုင်တယ်ဆိုပြီး သူနိုင်ကိုယ်နိုင်အပြိုင်ကြဲနေကြလေရဲ့။ ဒကာသာမြွေကိုတကယ်နိုင်တယ်ဆိုရင်မြွေပွေးအကောင်ဆယ်ကောင် လောက်နဲ့ မှန်လုံခန်းတစ်ခုထဲမှာ တစ်ရက်လောက်ပဲနေပြလိုက်မယ်ဆိုရင် သူတို့ထက်နှာတစ်ဖျားသာသွားပြီး-
မြန်မာသာမက ကမ္ဘာပါ ကျော်သွားမှာ” ဟု ဆိုလိုက်ရာ-
“အရှင်ဘုရားကလဲ၊ အကောင်းပြောတယ်မှတ်လို့” ဟုအပြစ်တင်စကားဆို၏။
များမကြာမြင့်မီပင် ထိုသူနှင့်ဆုံကြပြန်ရာ
“ဘယ်ကပြန်လာသလဲ” ဟု နှုတ်ဆက်စကားဆိုလျှင်
“ဟိုဘက်ရွာကပယောဂဝေဒနာရှင်တစ်ဦးကိုဆေးကုပြီး ပြန်လာတာ” ဟူ၍ဖြေ၏။
ထိုဂိုဏ်းသည် ရေကိုသာမန်းပြီး ဆေးကုလေ့ရှိသည့်အပြင် သူဆေးသွားကုသော ရွာတွင်လည်း ရေတွင်း တစ်တွင်းသာ ရှိခြင်းတို့ကြောင့်
“ပယောဂဖြစ်တယ်ဆိုတိုင်း ဒကာ သွားသွားနေရတာ ပင်ပန်းလှပါတယ်။ နောင်သွားစရာမလိုအောင် ရွာထိပ်က ရေတွင်းကို မန်းပေးထားခဲ့ရင် ပြီးရော၊ နောင်သွားစရာ မလိုတော့ဘူးပေါ့” ဟု ဆိုလိုက်ရာ- ရှူးရှူးရှားရှားဖြစ်ကာ ထွက်ခွာသွားပါလေတော့၏။
_ _ _ _ _ _ _ _ _ _ _ _
သြော်အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကမူ “အပြစ်ကိုထောက်ပြလျက် ဆုံးမသွန်သင်သောသူအား လက်ကိုဆွဲပြီး ရွှေအိုးကိုညွှန်ပြသူအဖြစ်” မှတ်ယူထားသည်နှင့်အညီ သာမဏေငယ်တစ်ပါးက မထေရ် မြတ်ကြီး၏ သင်္ကန်း အ၀န်းမညီပါကြောင်း ထောက်ပြသည်ကို အလေးအနက်ထားကာ လိုက်နာခြင်းဖြင့် ရွှေအိုးကိုအရယူပြခဲ့ပါသော်လည်း....
ထိုသူတို့မှာမူလက်ကိုဆွဲပြီး ရွှေအိုးကိုညွှန်ပြသူရှိပါလျက် ရွှေအိုးနှင့်အလွဲကြီး လွဲကြသူများဟုဆိုရမည် သာဖြစ်ပါ၏။ ။


အမှတ်စဉ် (၂၃၅)၊ ၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရံသီမဂ္ဂဇင်း။

Tuesday, November 6, 2012

ဆွမ်းဆန်နှင့် ကြွက်ချေး



                                               ဆွမ်းဆန်နှင့် ကြွက်ချေး
          ဒီဃနိကာယ်၊ မဟာဝဂ္ဂ အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ္တ၀ဏ္ဏနာတွင် -- (မဟာဝိဟာရ သဒိသဥှိ ၀ိဟာရသဟဿံ မဟာစေတိယသဒိသဥှိ စေတိယသဟဿမ္ပိ သာသနံ ဓာရေတုံ န သက္ကောန္တိ ) 
  မဟာဝိဟာရ နှင့်တူသော ကျောင်းပေါင်း တစ်ထောင်၊ မဟာစေတီနှင့် တူသော စေတီပေါင်းတစ်ထောင်တို့သည် (သက်မဲ့ရုပ် ၀တ္ထုများဖြစ်ကြ၍) သာသနာ တည်တံ့အောင် ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင် ဟု ဖွင့်ဆို ထားသည်။                              
  မြေပြင်ဝယ် ဘုရားတည်ခြင်းထက် နှလုံးသားဝယ် ဘုရားတည်ခြင်းက သာသနာအရှည်ခန့်၍ တည်တံ့အောင်  ဆောင်ရွက်ရာ၌ ပဓာနကျသော ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို စာသင်ကျောင်းများ ပိတ်သည်နှင့် တပြိုင်နက် နှစ်စဉ် နှစ်တိုင်း  ဖွင့်လှစ်သင်ကြားပေးပါသည်။
          ယခုနှစ်၌မူ ‘ထေရ၀ါဒ ဓမ္မဗိမာန်တော်’အမည်ရှိ ကျောင်းဆောင်သစ် တစ်ဆောင် တည်ဆောက် နေသဖြင့်  သင်္ကြန်အပြီး တန်ခူးလပြည့်ကျော်မှသာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို စတင် ဖွင့်လှစ် သင်ကြားနိုင်တော့သည်။
နယုန်လဆန်းမှ စာမေးပွဲ ဖြေဆိုကြရမည် ဖြစ်သဖြင့် သင်ကြားချိန် တစ်လကျော်မျှ ရရှိပါလေသည်။ သင်ခန်းစာ အားလုံးပြီးဆုံးသောနေ့တွင် သင်တန်းသား^ သင်တန်းသူအားလုံးကို
          ‘’ယခုနှစ် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကို စပြီးသင်ကြားတာ တန်ခူးလပြည့်ကျော် (၉)ရက်ဆိုတော့  ဘာနေ့ကျသလဲ သိတဲ့သူတွေ ပြောစမ်းပါ။’’ ဟုမေးလိုက်ပါသည်။
          ‘’စနေနေ့ပါ ဘုရား’’ ဟု ဖြေဆိုကြ၏။
          ‘’ဒါ ဆိုရင် လောကနီတိ ပကိဏ္ဏက ကဏ္ဍ ဂါထာနံပါတ် (၁၆)ကို ပါဠိရော မြန်မာပြန်ပါ ဆိုပြကြစမ်း’’
          ‘’ဂုရု သိဒ္ဓေါ သိပ္ပါရမ္ဘော၊ ရ၀ိ သောကြာစ မဇ္ဈိမော။
          န သိပ္ပေါ ဗုဒ္ဓ စန္ဒရော၊ သောရီ အင်္ဂါ စ မရဏံ။
          ကြာသပတေးနေ့၌ အတတ်ပညာ စ၍ သင်မူကား အောင်မြင်ပြီးစီး၏။ တနင်္ဂနွေ၊ သောကြာနေ့၌ သင်မူ
လျစ်လျူရှုတတ်၏။ ဗုဒ္ဓဟူး၊ တနင်္လာနေ့၌ သင်မူ အတတ်ပညာ ဆုံးခန်းတိုင်အောင် မတတ်ရာ။ စနေ၊ အင်္ဂါနေ့၌
သင်မူ သေရာ၏။’’
          ‘’ဒီ ဂါထာကို စာမေးပွဲမှာ မေးနိုင်လို့ တမင် အဆိုခိုင်းတာ မဟုတ်ဘူး။ လောကနီတိမှာပါတဲ့ ဒီဂါထာဟာ မြန်မာမှုနယ်ပယ်မှာ သြဇာသက်ရောက်လွန်းလှတာမို့ လက်တွေ့ပြချင်လို့ အဆိုခိုင်းလိုက်တာ။ ကဲ စနေ့မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကို စတင် ဖွင့်လှစ် သင်ကြားခဲ့ပေမယ့် သင်တန်းသား^သင်တန်းသူ ဘယ်နှစ်ယောက် သေကြသလဲ’’
          ‘မသေကြပါ ဘုရား’
          ‘စနေနေ့မှာ အတတ်ပညာ စပြီး သင်ပေမယ့် မသေဘူးဆိုတာရယ်၊ ပြီးတော့ လောကနီတိထဲမှာပါတဲ့ တစ်ချို့ အဆိုအမိန့်တွေဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုမှ လိုက်လျော ညီထွေမှု မရှိတဲ့အတွက် မှတ်သားလိုက်နာ ဆောင်ရွက်ဘို့ မလိုဘူးဆိုတာကို သက်သေပြချင်လို့ ဒီစနေနေ့ကို တမင်ရွေးပြီး သင်တန်း စပြီး ဖွင့်ခဲ့တာ။ ပြီးတော့ ဂါထာ နံပါတ် (၁၇) မှာ-
          လဆန်း (၈)ရက်၊ လဆုတ် ရှစ်ရက်နေ့၌ အတတ်သင်မူကား ဆရာကို သတ်သည်မည်၏။ လဆန်း တစ်ဆယ့်လေး၊ လဆုတ် တစ်ဆယ့်လေးရက်၌ အတတ်ပညာသင်မူ တပည့်ကို သတ်သည် မည်၏။ လဆန်း ဆယ်ရက်၊ လဆုတ် ဆယ်ရက်၌ အတတ်ပညာသင်မူ အတတ်ပညာကို သတ်သည်မည်၏။ လပြည့်နေ့၌ အတတ်ပညာကို သင်မူ အမိအဖကို သတ်သည် မည်၏။ ထို့ကြောင့် ထိုရက်များ၌ ပညာကို စ၍ မသင်ကြားအပ်။ တဲ့။
          ဘဒ္ဒေကရတ္တ သုတ်များမှာ မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့ ‘အဇ္ဇေ၀ ကိစ္စမာတဗ္ဗံ၊ ကော ဇညာ မရဏံ သုဝေ။ န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။ (အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှု အလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။) ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ မူဝါဒနဲ့ လောကနီတိမှာပါတဲ့ အဆိုအမိန့်တို့ ဘယ်လောက် ခြားနားတယ်ဆိုတာ နှိုင်းယှဉ်ပြီးသာ ကြည့်ကြပေရော့။ ပြီးတော့ အတတ်ပညာနဲ့ ပတ်သက်လို့ ဂါထာနံပါတ် (၁၈)မှာ ဖေါ်ပြထားတာ ရှိသေးတယ်။
          အတတ်ပညာသင်သောသူသည် လဆန်းလဆုတ် ခုနစ်ရက်နေ့၌ အုန်းအာဟာရကို မစားရာ။ အတတ်သင်သောနေ့မှ ကိုးရက်မြောက်သောနေ့၌ အိမ်ဘူးကို မစားရာ။ တစ်ဆယ့်နှစ်ရက်မြောက်သောနေ့၌ ကင်ပိမ့် (ကင်းပုံ) ကို မစားရာ။ သုံးရက်မြောက်၌ ဟင်းမျိုး (ငါးသား) ကို မစားရာ။ အကယ်၍ စားမိအံ့၊ အတတ်ပညာ ပျောက်ပျက်တတ်၏။ တဲ့
          ဒီ သင်တန်းတက်ရောက်သင်ကြားနေတဲ့ အချိန်အတွင်းမှာ ရှောင်ရမယ့် အစားအစာတွေကို မသိလို့ စားမိတဲ့သူတွေ ရှိကောင်းရှိမှာပါ။ ဒီအစားအစာတွေကို စားမိရုံမျှနဲ့ သင်ထားတဲ့ အတတ်ပညာတွေ ပျောက်ပျက်နိုင်တယ်၊  မပျောက်ပျက်နိုင်ဘူးဆိုတာ စဉ်းစားဝေဖန်တတ်သူမှန်သမျှ သိနိုင်လောက်ပါတယ်။ ဒီအစားအစာ တွေကို စားရင် ပျောက်ပျက်တယ်ဆိုတာ ဘယ်လို အတတ်ပညာမျိုးတွေလဲဆိုတာတော့ ဦးဇင်းလဲ ဉာဏ်မမီလို့ အတိအကျ မသိပါဘူး။ ဘုရားဟော ပိဋကတ်တော်တွေကို သင်ကြားရာမှာတော့ ရှောင်စရာ ဆောင်စရာ အစားအစာရယ်လို့ ဘုရားရှင် ဟောကြားထားခဲ့တာ ဦးစင်း လေ့လာမိသလောက် မတွေ့မိပါဘူး။ ပြီးတော့ အတတ်ပညာနဲ့ မပတ်သက်ပေမဲ့ ဗုဒ္ဓ၀ါဒနဲ့ လုံးလုံးလျားလျား ဆန့်ကျင်တဲ့ ဂါထာနံပါတ် (၁၂) မှာ
          ကွမ်းရွက်၏ အလယ်၌ ကုဝေရနတ်မင်းစောင့်၏။ အရင်းဘက်၌ ဘီလူးစောင့်၏။ အဖျားဘက်၌ နတ်မိစ္ဆာစောင့်၏။ ထို့ကြောင့် စားသောအခါ ထိုအရင်းအဖျားတို့ကို ဖြတ်၍ စားရာ၏။ ဤသို့စားလျှင် ဘုန်းကျက်သရေ တိုးတက်၏။လို့ ဆိုထားတာတွေ။ ပြီးတော့ ဂါထာနံပါတ် (၁၃) မှာ-
          ဗြဟ္မာသည် သင်ပုန်းကို စောင့်၏။ ဗိဿဏိုးနတ်သည် ကမ္ပလွေ (စာပလွေ) ကိုစောင့်၏။ ထို့ကြောင့် အတတ်ပညာ သင်သောသူတို့သည် ထိုဗြဟ္မာနှင့် ဗိဿဏိုးတို့ကို ပူဇော်ကုန်ရာ၏။ ထိုသို့ ပူဇော်သော သူကို ဗြဟ္မာနှင့် ဗိဿဏိုးနတ်တို့က အခါခပ်သိမ်း မြတ်နိုးကုန်၏ တဲ့။ ဒီ့ အပြင် တစ်ခြားဂါထာတွေလည်း ရှိသေးတယ်။ ဒီဂါထာတွေဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ ဆိုတဲ့ ခေါင်းစဉ်နဲ့ လုံးဝ လိုက်ဖက်မှု မရှိတဲ့အတွက် ဖြုတ်ပယ် ထားသင့်တယ်။ တကယ်လို့ မဖြုတ်ပယ်ချင်ရင်လဲ အောက်မှာ ဘုရားဟော မဟုတ်ကြောင်း ရှင်းလင်းချက် ထည့်သွင်းထားရင် သိပ်ကောင်းမှာ။ ‘
          ‘ဒီ ဂါထာတွေဟာ ဘုရားဟော မဟုတ်ဘူးလား ဘုရား၊ ပါဠိတွေမို့ ဘုရားဟောလို့ ထင်နေတာ။’
           (၁၀)တန်းကို ဖြေဆိုထားသည့် သင်တန်းသူ တစ်ဦး၏ မေးလျှောက်လာသော စကားဖြစ်သည်။
          ‘မဟုတ်ဘူး။ ဒီ လောကနီတိသင်ခန်းစာမှာ အခြားသော ဆုံးမစာတွေလို နိဒါန်းကို ဖေါ်ပြမထားတဲ့အတွက် ဘုရားဟောလို့ ထင်တာ မဆန်းပါဘူး။ ဒီလောကနီတိကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော် ပင်းယခေတ်က စတုရင်္ဂဗလ အမတ်ဆိုသူ ရေးသားထားခဲ့တာ။ ဘုရားဟော ပါဠိတော်တွေထဲကရော၊ လောကီကျမ်းတွေထဲကရော ထုတ်နှုတ်ပြီး ရေးသားထားခဲ့တာ ဖြစ်လို့ သူအဆိုအမိန့် တချို့ဟာ ဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်တာတွေ ပါဝင်နေတာပေါ့။       သူပြုစုခဲ့တဲ့ ကျမ်းတွေထဲမှာ ဒီလောနီတိကျမ်းဟာ အထင်ရှားဆုံးနဲ့ အသုံးအများဆုံး၊ ပြီးတော့ မြန်မာလူထုအပေါ်  သြဇာလွှမ်းမိုးမှု အရှိဆုံးလို့ ဆိုရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဘုရားဟော ပိဋကတ်တော်တွေကို သင်ကြားပေးတဲ့ နေရာ ဌာနတွေမှာ လောကနီတိရဲ့ အဆိုအမိန့်ကြောင့် ကြာသပတေးနေ့ကိုသာ ရွေးချယ်ပြီး စာပေများကို စတင် သင်ကြားပေးလေ့ရှိတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဒါဟာ ‘အမြင်မလျော် ဆင်တော်နဲ့ ခလောက်’ လို့ ဆိုရမလိုပါဘဲ။
          အဲဒီလို မဖြစ်ရအောင်နဲ့ ပါဠိမြင်ရင် ဘုရားဟောလို့ ယူဆကြပြီး လိုက်နာကျင့်သုံးကြရင် သင်ကြားပေးတဲ့ သူမှာ အပြစ်မကင်းနိုင်တာမို့ ခုလို ရှင်းပြနေရတာ။ ကဲ ဒီဂါထာတွေဟာ ဘုရားဟော မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိကြပြီ မဟုတ်လား’
          ‘သိကြပါပြီး ဘုရား’
          ‘သိရုံမျှနဲ့တော့ မပြီးသေးဘူး။ အကျင့်မပါတဲ့ အသိဟာ အကျိုးနဲ့တူသတဲ့၊ အသိမပါတဲ့ အကျင့်ဟာလဲ အကန်းနဲ့တူသတဲ့။ ဒါကြောင့် အသိနဲ့ အကျင့် တစ်ထပ်တည်းကျအောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်’
          ယခုမှပင်လျှင် လောကနီတိ၊ ပကိဏ္ဏက ကဏ္ဍ ထိုဂါထာတို့ကို သင်ကြားပေးစဉ်အခါက ဘုရားဟောဟု အထင်ရှိကြပြီး လိုက်နာကျင့်သုံးကြသော် သင်ပြပေးသူ မိမိမှာ အပြစ်မကင်းဟု ယူဆထားသော စိုးရိမ်ပူပန်မှုများ  အနည်းငယ် လျော့ပါးသွားသည်ဟု ယူဆမိပါတော့၏။
          အမျိုး၊ ဘာသာ၊ သာသနာကို ပခုံးပြောင်း တာဝန်ယူကြမည့် ထိုသူတို့၏ လက်ထက်တွင်မူ ဆင်တော်ကို ခလောက်ဆွဲခြင်းမှ ကင်းဝေးကြပါစေ... ဟု။

                                                                             ဒါးစမ်း-အရှင်ကောဏ္ဍည(ထူးကြီး)
                                                                                                                                                                                                                      ၂၀၁၀-ခုနှစ်၊ ဇန်န၀ါရီလ၊ ဓမ္မရတနာမဂ္ဂဇင်း။