မြူမှောင်ဝေကင်း
တစ်ခုသော ညနေတွင် တပည့်ဖြစ်သူ မောင်မြင့်ဇော်
ကျောင်းသို့ရောက်လာသည်။ အကြောင်း မရှိ လျှင် မလာတတ်သဖြင့် ‘ဘာကိစ္စရှိလို့လဲ’ ဟု မေးလိုက်သည်။
“မနက်ဖြန် ဆွမ်းဝတ် အလှည့်ကျလို့ပါ
ဘုရား”
“အဲဒါ ဘာဖြစ်လို့လဲ”
“တပည့်တော်ရဲ့အမျိုးသမီး မီးဖွားနေလို့
မီးတွင်းထဲမှာ ဆွမ်းဝတ်ချက်ရင် ငရဲကြီးတတ်တယ်ဆိုတာနဲ့ ဆွမ်းဝတ် ပျက်ကြောင်း လာလျှောက်တာပါ
ဘုရား”
“ဟေ. . . ငရဲကြီးတတ်တယ်ဆိုတာ ငရဲကျတတ်တယ်လို့
ပြောတာမို့လား”
“မှန်ပါ ဘုရား”
“မီးတွင်းထဲ ဆွမ်းချက်တာနဲ့ ငရဲကျရောတဲ့လား”
“အဲဒီလိုပဲ လူကြီးသူမတွေ ပြောနေကြပါတယ်
ဘုရား”
“အေး... လူကြီးသူမတွေပြောတယ်ဆိုပြီးတော့လဲအရာရာကိုလိုက်မလုပ်သင့်ဘူး။
ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစား ဝေဖန်လေ့လာသုံးသပ်ပြီး လုပ်သင့်မှလိုက်လုပ်ရမယ်။
“မီးတွင်းထဲမှာ ဆွမ်းချက်လို့ ရရုံတင်မကဘူး၊
ဆွမ်းကပ်လို့တောင် ရတယ်ဆိုတဲ့အကြောင်း ရှင်းပြ ရအုံး မယ်”
“မှန်ပါအမိန့်ရှိတော်မူပါဘုရား”
“တို့ဗုဒ္ဓ လက်ထက်က ရှင်သီဝလိမထေရ်ဆိုတာ
ရှိတယ်။ အဲဒီ ရှင်သီဝလိမထေရ်လောင်းကို သူ့ရဲ့မိခင် သုပ္ပါဝါသာဟာ ခုနစ်နှစ်နဲ့ခုနစ်လကိုယ်ဝန်ဆောင်ခဲ့ရတယ်။
တိုတိုပြောကြပါစို့ကွာ။ ရှင်သီဝလိ မထေရ်လောင်းကို ဖွားမြင်တဲ့နေ့မှာ ဘုရားအမှူးရှိတဲ့
သံဃာတော်တွေကို အိမ်ပင့်ပြီး ဆွမ်းဆက်ကပ်တယ်။ မီးမထွက်သေးလို့ ဆိုပြီး တို့ဘုရားက မငြင်းခဲ့ပါဘူး။
ပြီးတော့ အင်္ဂုလိမာလ မထေရ်မြတ်ကြီးဟာ
ဆွမ်းခံကြွတော်မူစဉ် မီးမဖွားနိုင်လို့ ညည်းညူအော် ဟစ် နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသံကိုကြားခဲ့ရတယ်။
မြတ်စွာဘုရားထံချဉ်းကပ်ပြီး သူ့အနေဖြင့် ထိုအမျိုး သမီး ချမ်းချမ်းသာသာ ဖွားမြင်နိုင်ရေး
ဆောင်ရွက်ပေးနိုင်ဖို့ နည်းလမ်းပေးတော်မူ ပါရန် လျှောက် ထား တောင်းပန် တယ်။ အဲဒီ အခါမှာမြတ်စွာဘုရားက
သစ္စာအဓိဋ္ဌာန်ပြုဖို့ နည်းပေးလိုက်တယ်။
“အဲဒီနောက် မီးမဖွားနိုင်တဲ့ အမျိုးသမီးအိမ်
ကြွသွားတယ်။ မြတ်စွာဘုရား သင်ပေးတော်မူလိုက်တဲ့ အတိုင်း သစ္စာအဓိဋ္ဌာန်ပြုရွတ်ဆိုလိုက်တဲ့အခါမှာ
မီးမဖွားနိုင်တဲ့အမျိုးသမီးဟာ ချမ်းချမ်းသာသာပဲ သား ယောက်ျားကလေးကို ဖွားမြင်ခဲ့တယ်။
အင်္ဂုလိမာလမထေရ်မြတ်ကိုလဲ အိမ်မှာပဲ ဆွမ်းဆက်ကပ် လှူဒါန်း ကြတယ်”
“မှန်ပါ၊ အဲဒီ အကြောင်းတွေကို ကြားတော့
ကြားဖူးကြပါတယ် ဘုရား။ ဒါပေမဲ့ တပည့်တော်တို့က လိုက်နာရကောင်းမှန်း မသိကြဘူး။ လူကြီးသူမတွေရဲ့ပါးစပ်ဖျားမှာပဲလမ်းဆုံးနေကြပါတယ်”
“အေး...ဟုတ်တာပေါ့။ တို့ဗုဒ္ဓဘာသာဝင်ဆိုသူတွေကဗုဒ္ဓရဲ့လမ်းစဉ်အတိုင်း
လိုက်နာခြင်းတော့မရှိဘဲ တခြားဘာသာတွေရဲ့
အယူအဆတွေကိုသာ ရှေ့တန်းတင် လိုက်နာကျင့်သုံးနေကြတယ်”
“မှန်ပါ့၊ ဒါနဲ့ အဲဒီအယူအဆ စကားတွေဟာ
ဘယ်ကနေ ဖြစ်ပေါ်လာတာလဲဘုရား”
“အဲဒီအယူအဆတွေဟာလောကီအစီအရင်ပြုလုပ်သူတွေရဲ့အယူအဆတွေပါ။
မီးတွင်းထဲမှာဆွမ်း
မချက်ကောင်းတာသာ မဟုတ်သေးဘူး။ မီးနေခန်းထဲယောက်ျားကလေးဝင်ရင်ပဲ
ဘုန်းနိမ့်တတ်တယ်လို့ ဆိုကြတာတွေလဲ ရှိတယ်မဟုတ်လား”
“မှန်ပါ့၊ရှိပါတယ်ဘုရား”
“ငါ့တပည့် သေသေချာချာစဉ်းစားကြည့်ပေါ့၊
အဲဒီပြောတဲ့သူတွေ ကိုယ်တိုင်ရောမီးနေခန်းနဲ့ ကင်း ခဲ့ကြလို့လား”
“မကင်းကြပါဘူးဘုရား”
“အေး...မီးနေခန်းထဲဝင်လို့သာ ဘုန်းကံနိမ့်မယ်ဆိုရင်
ငယ်ငယ်ကတည်းက ဘုန်းကံဆိုတာလဲ ပါလာ နိုင်စရာအကြောင်းမရှိပါဘူး။ ဘုန်းကံဆိုတာကို သူတို့တစ်တွေက
တန်ခိုးဣဒ္ဓိပါဒ်တစ်မျိုးလို့ ယူဆဟန် ရှိတယ်ကွဲ့”
“မဟုတ်ဘူးလား ဘုရား”
“ဘယ်ကလာ ဟုတ်ရမှာလဲ၊ ဘုန်းကံဆိုတာ
‘ပုညကမ္မ’ သဒ္ဒါကလာတာ။ ‘ပုညကမ္မ’ ကနေ ‘ပုဉ်းကံ၊’ အဲဒီကနေမှအသံတွေအက္ခရာတွေပြောင်းလွဲပြီး
‘ဘုန်းကံ’ရယ်လို့ ဖြစ်ပေါ်လာတာပေါ့။ ‘ပုညကမ္မ-ကောင်း မှုကံ’ ကို ဆိုတာဖြစ်ခြင်းကြောင့်
‘ဘုန်းကံကြီးတယ်’ ဆိုတာ ‘ကောင်းမှုကံကြီးတာ’ ကို ဆိုတာကွဲ့။
“ကောင်းမှုကံကလဲ သူ့အလိုလို ကြီးလာတာမှ
မဟုတ်ဘဲ။ ကောင်းမှုပြုလုပ်မှ ကောင်းမှုကြီး မှာပေါ့။ ကောင်းမှုမလုပ်ဘဲ ကောင်းမှုမကြီးနိုင်ပါဘူး။
ဒါကိုမီးနေခန်းထဲဝင်ရုံနဲ့ ဘုန်းကံနိမ့်တယ်၊ မီးနေ ခန်းထဲ မ၀င်ရင် ဘုန်းကံရှိတယ်ဆိုတာ
ဖြစ်နိုင်ပါ့မလား။ စဉ်းစားသာကြည့်ပေတော့။ ဒီလောက်ဆိုရင် မီးတွင်းထဲမှာ ဆွမ်းချက်ရုံ
သာမကဆွမ်းကပ်လို့ပါရတယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။
“ကဲ...မီးတွင်းထဲမှာဆွမ်းချက်တဲ့အတွက်
ငရဲကြီးနိုင်သလား။....ငရဲမကြီးနိုင်ဘူးလားဆိုတာ ဆက်ပြီး စဉ်းစားကြည့်ကြရအောင်။ ငရဲကျတယ်၊
ငရဲကြီးတယ်ဆိုတာငရဲကျကြောင်း၊ ငရဲကြီးကြောင်း ပြုလုပ်မှငရဲကျ ငရဲကြီးတတ်တာပါ။ ဒီတော့ငရဲကျကြောင်းဖြစ်တဲ့
မကောင်းမှုအကုသိုလ်ဒုစရိုက်ဘယ်နှစ်ပါးရှိတယ်လို့ ကြား ဖူးသလဲ”
“ဆယ်ပါးရှိတယ်လို့ ကြားဖူးပါတယ်ဘုရား”
“အေး...အဲဒီ ဆယ်ပါးက ကာယ ဒုစရိုက် သုံးပါး၊
ဝစီ ဒုစရိုက် လေးပါး၊ မနော ဒုစရိုက် သုံးပါးတို့ပဲ။ ကာယဒုစရိုက်သုံးပါးကသူ့အသက်ကိုသတ်ခြင်း၊
သူမပေးသောဥစ္စာကိုမတရားသဖြင့်ရယူခြင်း၊ သူ့အိမ်ရာ ကို ပြစ်မှား ကျူးလွန်ခြင်းတို့ပဲ။
အဲဒီ အထဲမှာ မီးတွင်းထဲ ဆွမ်းချက်တာ ပါရဲ့လား”
“မပါပါဘုရား”
“၀စီဒုစရိုက်လေးပါးဆိုတာကလိမ်ညာပြောဆိုခြင်း၊
ကုန်းတိုက်စကား ပြောဆိုခြင်း၊ ကြမ်းတမ်းသော စကားကိုပြောဆိုခြင်း၊ အနှစ်မရှိသိမ်ဖျင်းတဲ့စကားကိုပြောဆိုခြင်းတို့ပဲ။
အဲဒီအထဲမှာမီးတွင်းထဲဆွမ်းချက်တာ ပါရဲ့လား”
“မပါပါဘုရား”
“နောက်ဆုံး မနောကံသုံးပါးကတော့ သူတစ်ပါးစည်းစိမ်ကို
မတရားကြံစည်ခြင်း၊ သူတစ်ပါးသေစေ ရန် ကြံစည်ခြင်း၊ အယူအဆ မှားယွင်းခြင်းတို့ပဲ။ အဲဒီ
မနောကံ သုံးပါးထဲမှာလဲ မီးတွင်းထဲ ဆွမ်းချက်ခြင်း ဆိုတာ မပါလေတော့ ဘယ်မှာလာပြီး ငရဲကြီးကြောင်း၊
ငရဲကျကြောင်း ဖြစ်နိုင်ပါ့မလဲ။
“ငရဲကြီးကြောင်း၊ ငရဲကျကြောင်း မဟုတ်ရင်
ဘာဖြစ်နိုင်သလဲ အဖြေရှာကြည့်တော့ ပုညကိရိယ ၀တ္ထု ဆယ်ပါးဆိုတာရှိတယ်။ ကုသိုလ်ကောင်းမှုဖြစ်ကြောင်းလို့ခေါ်တာပေါ့။
အဲဒီ အထဲမှာ အလှူပေးခြင်း ဆိုတာထိပ်ဆုံးကပါရှိလေတော့ကောင်းမှုကုသိုလ်ဖြစ်တာထင်ရှားပါတယ်။
ကောင်းမှုကုသိုလ်ဟာကောင်း ကျိုးကိုပဲ ပေးမှာပေါ့။ ဘယ့်နှယ်ကြောင့် ငရဲကျကြောင်း၊ ငရဲကြီးကြောင်း
ဖြစ်ရမှာတဲ့လဲ။
“ကုသိုလ်ပြုလုပ်ရင်ကောင်းကျိုးကိုသာ
ရနိုင်ပြီး မကောင်းမှုကိုပြုလုပ်ရင်မကောင်းကျိုးကိုပဲ ခံစား ရမှာပါ။ မကောင်းမှုကိုပြုပြီး
ကောင်းကျိုးခံစားချင်လို့မရသလို၊ ကောင်းမှုကိုပြုလုပ်ပြီး မကောင်းကျိုး ခံစားရ ဖို့လဲ
အကြောင်း မရှိပါဘူ။
“ဒါကို မြတ်စွာဘုရားက ‘ကမ္မ၀ိပါကောနာမ
မယာ ၀ါ ကေနစိ ၀ါ ပဋိဗာဟိတုံ န သက္ကာ- ကံရဲ့အ ကျိုးကို ငါဘုရားသည်ဖြစ်စေ၊
အခြားသူ တစ်ဦးဦးသည်ဖြစ်စေ တားမြစ်ဟန့်တားလို့ မရနိုင်ဘူး” တဲ့။
“ဒီစကားတော်ရဲ့ အလိုအရ မီးတွင်းထဲမှာ
ကုသိုလ်ကောင်းမှု လုပ်လို့လဲ မကောင်းကျိုးခံစား ရအောင် ဘယ်သူမှပြုလုပ်လို့မရဘူးဆိုတာကိုဖော်ပြနေတာပဲ။
ကံတရားဆိုတာသမာသမတ်အရှိဆုံး တရား သူကြီးဆိုတာ မေ့မထားသင့်ဘူ။
“ကဲ ငါတပည့်ကို နောက်ဆုံးပြောချင်တာကတော့
မီးတွင်းထဲမှာမို့ ဆွမ်းမချက်နိုင်လို့ ဆွမ်းမချက်ရင် ကုသိုလ် မရရုံဘဲရှိမယ်။ မင်းပြောတဲ့
ငရဲမကြီးနိုင်ဘူး။ အေး....ဒီလိုမှ မဟုတ်ဘဲ မီးတွင်းထဲမှာ ဆွမ်းချက်ရင် ငရဲကြီးတယ်လို့ထင်ပြီး
ဆွမ်းမချက်ရင်တော့ ကုသိုလ်မရတဲ့အပြင် ငရဲကြီးတတ်တယ်”
“ဘုရား” ဟု အံ့သြသော မျက်နှာထားဖြင့်
တုံ့ပြန်လာပါသည်။
“ငါ့တပည့် နားမရှင်းဘူးနဲ့တူတယ်။ အေး...ထပ်ရှင်းပြမယ်။
ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးသူကို ဗုဒ္ဓဘာသာဝင် လို့ခေါ်တယ်မဟုတ်လား။ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း
လိုက်နာမှုမရှိဘဲ တခြားတစ်ပါး အယူအဆအတိုင်း လိုက်နာကျင့်သုံးရင် ဗုဒ္ဓဘာသာဝင်မဟုတ်တော့ဘူး။
အယူလွဲသူ လို့ ခေါ်တယ်။ ဒီတော့ မနောဒုစရိုက်သုံးပါးထဲမှာ အယူအဆမှားယွင်းခြင်းဆိုတာ ပါတယ်လေ။
ဒါကြောင့် အပါယ်ကျကြောင်းဖြစ်တဲ့ မနောဒုစရိုက်ကို ကျူးလွန်ရာရောက်လို့ ‘ကုသိုလ်မရတဲ့အပြင်
ငရဲကြီးတတ်တယ်’ လို့ ပြောတာ။ မင်း ဘာသာ မင်း စဉ်းစား ဆုံးဖြတ်ပါလေ။
“ကုသိုလ်ရပြီး ငရဲမကြီးတဲ့လမ်းကို ရွေးမလား။
ဒါမှမဟုတ် ကုသိုလ် မရတဲ့အပြင် ငရဲပါကြီးတတ်တဲ့ လမ်းကို ရွေးမလား။ စဉ်းစား ဆုံးဖြတ်ပေါ့”
“မှန်ပါ့၊ တပည့်တော်နားလည်သွားပါပြီဘုရား”
ဟုပြန်လည်လျှောက်ထားကာ ဦးချ ခွင့်ပန်ပြီး ပြန် သွား ပါလေသည်။
_ _ _ _ _ _ _ _ _ _ _
_
နောက်တစ်နေ့ နံနက်တွင် တပည့်ဖြစ်သူ
မောင်မြင့်ဇော်ဆွမ်းလာပို့ကြောင်း ဆွမ်းဝတ် အမြဲ လှယ်နေကျ ဖြစ်သော ကျောင်းဆရာကလေး မောင်အောင်မြတ်သိန်းက
လျှောက်ထားပါသည်။
လမ်းကောင်းလမ်းမှန်ကိုရွေးကာ ရဲရဲလျှောက်ဝံ့သော
တပည့်အတွက် ၀မ်းသာကြည်နူး မဆုံး ဖြစ်မိ ပါ တော့သည်။ ။
အမှတ် ၁၃၈ ၂၀၀၈- ခုနှစ်၊
ဇွန်လ၊ ဓ မ္မရတနာမဂ္ဂဇင်း။
No comments:
Post a Comment