Wednesday, January 23, 2013

ဆွမ်းဆန်နှင့် ကြွက်ချေး

       ဆွမ်းဆန်နှင့် ကြွက်ချေး
ဒီဃနိကာယ်၊ မဟာဝဂ္ဂ အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ္တ၀ဏ္ဏနာတွင် မဟာဝိဟာရ သဒိသဥှိ ၀ိဟာရ သဟဿံ မဟာစေတိယသဒိသဉ္ခ စေတိယသဟဿမ္ပိ သာသနံ ဓာရေတုံ န သက္ကောန္တိ မဟာဝိဟာရ နှင့် တူသောကျောင်းပေါင်း တစ်ထောင်၊ မဟာစေတီနှင့်တူသောစေတီပေါင်း တစ်ထောင်တို့ သည် (သက်မဲ့ရုပ် ၀တ္ထုများဖြစ်ကြ၍) သာသနာတည်တံ့အောင်ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင်ဟု ဖွင့်ဆိုထား သည်။
မြေပြင်ဝယ် ဘုရားတည်ခြင်းထက် နှလုံးသားဝယ် ဘုရားတည်ခြင်းက သာသနာအရှည်ခန့်၍ တည်တံ့အောင် ဆောင်ရွက်ရာ၌ ပဓာနကျသော ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကိုစာသင်ကျောင်းများ ပိတ်သည်နှင့်တပြိုင်နက်နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ် သင် ကြားပေးပါသည်။
ယခုနှစ်၌မူ ‘ထေရ၀ါဒဓမ္မဗိမာန်တော်’ အမည်ရှိကျောင်းဆောင်သစ်တစ်ဆောင်တည်ဆောက်နေ သဖြင့် သင်္ကြန်အပြီး တန်ခူးလပြည့်ကျော်မှသာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို စတင် ဖွင့်လှစ် သင်ကြားနိုင်တော့သည်။
နယုန်လဆန်းမှ စာမေးပွဲဖြေဆိုကြရမည်ဖြစ်သဖြင့် သင်ကြားချိန် တစ်လကျော်မျှ ရရှိပါလေသည်။ သင် ခန်းစာ အားလုံးပြီးဆုံးသောနေ့တွင် သင်တန်းသား သင်တန်းသူအားလုံးကို
       “ယခုနှစ်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို စပြီးသင်ကြားတာ တန်ခူးလပြည့်ကျော်(၉)ရက် ဆိုတော့ ဘာနေ့ကျသလဲ သိတဲ့သူတွေ ပြောစမ်းပါ။” ဟုမေးလိုက်ပါသည်။
“စနေနေ့ပါ ဘုရား” ဟု ဖြေဆိုကြ၏။
“ဒါဆိုရင်လောကနီတိပကိဏ္ဏကကဏ္ဍဂါထာနံပါတ်(၁၆)ကိုပါဠိရောမြန်မာပြန်ပါဆိုပြကြစမ်း”
“ဂုရု သိဒ္ဓေါ သိပ္ပါရမ္ဘော၊ ရ၀ိ သောကြာစ မဇ္ဈိမော။ န သိပ္ပေါ ဗုဒ္ဓ စန္ဒရော၊ သောရီ အင်္ဂါ စ မရဏံ။ ကြာ သပတေးနေ့၌အတတ်ပညာစ၍သင်မူကား အောင်မြင်ပြီးစီး၏။ တနင်္ဂနွေ၊ သောကြာနေ့၌သင်မူ လျစ် လျူ ရှုတတ်၏။ ဗုဒ္ဓဟူး၊ တနင်္လာနေ့၌သင်မူအတတ်ပညာဆုံးခန်းတိုင်အောင်မတတ်ရာ။ စနေ၊ အင်္ဂါနေ့၌ သင်မူ သေရာ၏။”
“ဒီဂါထာကိုစာမေးပွဲမှာ မေးနိုင်လို့ တမင်အဆိုခိုင်းတာ မဟုတ်ဘူး။ လောကနီတိမှာပါတဲ့ ဒီဂါထာ ဟာ မြန်မာမှု နယ်ပယ်မှာသြဇာသက်ရောက်လွန်းလှတာမို့ လက်တွေ့ပြချင်လို့အဆိုခိုင်းလိုက်တာ။ ကဲ စနေ့မှာ ဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းကို စတင် ဖွင့်လှစ် သင်ကြားခဲ့ပေမယ့် သင်တန်းသား/သင်တန်း သူ ဘယ် နှစ်ယောက် သေကြသလဲ”
“မသေကြပါဘုရား”
“စနေနေ့မှာအတတ်ပညာစပြီး သင်ပေမယ့်မသေဘူးဆိုတာရယ်၊ ပြီးတော့လောကနီတိထဲမှာပါတဲ့ တစ်ချို့ အဆိုအမိန့်တွေဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုမှ လိုက်လျောညီ ထွေမှု မရှိတဲ့အတွက် မှတ်သားလိုက်နာ ဆောင်ရွက်ဘို့ မလိုဘူးဆိုတာကို သက်သေပြ ချင်လို့ ဒီစနေနေ့ကို တမင်ရွေးပြီး သင်တန်း စပြီး ဖွင့်ခဲ့တာ။ ပြီးတော့ ဂါထာ နံပါတ် (၁၇) မှာလဆန်း (၈)ရက်၊ လဆုတ် ရှစ်ရက်နေ့၌ အတတ်သင်မူကား ဆရာကို သတ်သည်မည်၏။ လဆန်း တစ်ဆယ့်လေး၊ လဆုတ် တစ်ဆယ့်လေးရက်၌ အတတ်ပညာသင်မူ တပည့်ကို သတ်သည် မည်၏။ လဆန်းဆယ်ရက်၊ လဆုတ်ဆယ်ရက်၌ အတတ်ပညာ သင်မူအတတ်ပညာကိုသတ်သည်မည်၏။ လပြည့်နေ့၌အတတ်ပညာကို သင်မူ အမိအဖကို သတ်သည်မည်၏။ ထို့ကြောင့်ထိုရက်များ၌ပညာကိုစ၍မသင်ကြားအပ်။ တဲ့။
ဘဒ္ဒေကရတ္တ သုတ်များမှာ မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့ ‘အဇ္ဇေ၀ ကိစ္စမာတဗ္ဗံ၊ ကော ဇညာ မရဏံ သုဝေ။ နဟိနောသင်္ဂရံတေန၊ မဟာသေနေနမစ္စုနာ။ (အဘယ်သူသည် နက်ဖန်၌သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင်အားထုတ်သင့်သော ကုသိုလ်ကောင်းမှု အလုပ်ကိုပြုလုပ်သင့်၏၊ ငါတို့မှာ များသောစစ်သည် ရှိသော ထိုသေမင်းနှင့်ချိန်းချက်ထားမှုသည်မရှိသည်သာတည်း။) ဆိုတဲ့မြတ်ဗုဒ္ဓရဲ့ မူဝါဒနဲ့လောကနီတိမှာပါတဲ့ အဆိုအမိန့်တို့ ဘယ်လောက် ခြားနားတယ်ဆိုတာ နှိုင်းယှဉ်ပြီးသာ ကြည့် ကြပေရော့။ ပြီးတော့ အတတ်ပညာနဲ့ ပတ်သက်လို့ ဂါထာနံပါတ် (၁၈)မှာ ဖေါ်ပြထားတာ ရှိသေးတယ်။
အတတ်ပညာသင်သောသူသည် လဆန်းလဆုတ် ခုနစ်ရက်နေ့၌ အုန်းအာဟာရကို မစားရာ။ အတတ် သင်သောနေ့မှ ကိုးရက်မြောက်သောနေ့၌ အိမ်ဘူးကို မစားရာ။ တစ်ဆယ့်နှစ် ရက်မြောက်သောနေ့၌ ကင်ပိမ့် (ကင်းပုံ) ကို မစားရာ။ သုံးရက်မြောက်၌ ဟင်းမျိုး (ငါးသား) ကို မစားရာ။ အကယ်၍ စားမိအံ့၊ အတတ်ပညာ ပျောက်ပျက်တတ်၏။ တဲ့
ဒီ သင်တန်းတက်ရောက်သင်ကြားနေတဲ့ အချိန်အတွင်းမှာ ရှောင်ရမယ့် အစားအစာတွေကို မသိလို့ စား မိတဲ့သူတွေ ရှိကောင်းရှိမှာပါ။ ဒီအစားအစာတွေကို စားမိရုံမျှနဲ့ သင်ထားတဲ့ အတတ် ပညာတွေ ပျောက်ပျက်နိုင်တယ်၊ မပျောက်ပျက်နိုင်ဘူးဆိုတာ စဉ်းစားဝေဖန်တတ်သူမှန်သမျှ သိနိုင်လောက်ပါတယ်။ ဒီအစားအစာတွေကိုစားရင်ပျောက်ပျက်တယ်ဆိုတာဘယ်လို အတတ်ပညာ မျိုးတွေလဲ ဆိုတာတော့ ဦးစင်းလဲ ဉာဏ်မမီလို့အတိအကျမသိပါဘူး။ ဘုရားဟောပိဋကတ်တော်တွေကို သင်ကြားရာမှာတော့ရှောင်စရာ ဆောင် စရာ အစားအစာရယ်လို့ ဘုရားရှင် ဟောကြားထားခဲ့တာ ဦးစင်း လေ့လာမိသလောက် မတွေ့မိပါဘူး။ ပြီးတော့
အတတ်ပညာနဲ့ မပတ်သက်ပေမဲ့ ဗုဒ္ဓ၀ါဒနဲ့ လုံးလုံးလျားလျား ဆန့်ကျင်တဲ့ ဂါထာနံပါတ် (၁၂) မှာ ကွမ်း ရွက်၏ အလယ်၌ကုဝေရနတ်မင်းစောင့်၏။ အရင်းဘက်၌ဘီလူးစောင့်၏။ အဖျားဘက်၌နတ်မိ စ္ဆာစောင့်၏။ ထို့ကြောင့် စားသောအခါ ထိုအရင်းအဖျားတို့ကို ဖြတ်၍ စားရာ၏။ ဤသို့စားလျှင် ဘုန်းကျက်သရေ တိုးတက်၏။ လို့ ဆိုထားတာတွေ။ ပြီးတော့ ဂါထာနံပါတ် (၁၃) မှာဗြဟ္မာသည် သင်ပုန်းကို စောင့်၏။ ဗိဿဏိုးနတ်သည် ကမ္ပလွေ (စာပလွေ) ကိုစောင့်၏။ ထို့ကြောင့် အတတ်ပညာ သင်သောသူတို့သည် ထိုဗြဟ္မာနှင့် ဗိဿဏိုးတို့ကို ပူဇော်ကုန်ရာ၏။ ထိုသို့ ပူဇော်သော သူကို ဗြဟ္မာနှင့် ဗိဿဏိုး နတ်တို့က အခါခပ်သိမ်း မြတ်နိုးကုန်၏ တဲ့။ဒီ့အပြင်တစ်ခြားဂါထာတွေလည်းရှိသေးတယ်။
ဒီဂါထာတွေဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာဆိုတဲ့ခေါင်းစဉ်နဲ့ လုံးဝလိုက်ဖက်မှုမရှိတဲ့ အတွက်ဖြုတ်ပယ်ထားသင့်တယ်။ တကယ်လို့ မဖြုတ်ပယ်ချင်ရင်လဲ အောက်မှာ ဘုရားဟော မဟုတ်ကြောင်း ရှင်းလင်းချက် ထည့်သွင်းထားရင်သိပ်ကောင်းမှာ။”
“ဒီ ဂါထာတွေဟာ ဘုရားဟော မဟုတ်ဘူးလား ဘုရား၊ ပါဠိတွေမို့ ဘုရားဟောလို့ ထင်နေတာ။”
(၁၀)တန်းကိုဖြေဆိုထားသည့် သင်တန်းသူတစ်ဦး၏ မေးလျှောက်လာသော စကားဖြစ်သည်။
“မဟုတ်ဘူး။ဒီလောကနီတိသင်ခန်းစာမှာအခြားသောဆုံးမစာတွေလိုနိဒါန်းကိုဖေါ်ပြမထားတဲ့အတွက် ဘုရားဟောလို့ ထင်တာ မဆန်းပါဘူး။ ဒီလောကနီတိကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော် ပင်းယခေတ်က စတု ရင်္ဂဗလအမတ်ဆိုသူရေးသားထားခဲ့တာ။ ဘုရားဟောပါဠိတော်တွေထဲ ကရော၊ လောကီကျမ်းတွေ ထဲကရော ထုတ်နှုတ်ပြီး ရေးသားထားခဲ့တာဖြစ်လို့သူအဆိုအမိန့်တချို့ဟာ ဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်တာတွေပါ ၀င်နေတာပေါ့။
သူပြုစုခဲ့တဲ့ကျမ်းတွေထဲမှာ ဒီလောနီတိကျမ်းဟာ အထင်ရှားဆုံးနဲ့ အသုံးအများဆုံး၊ ပြီးတော့ မြန်မာလူထုအပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးလို့ဆိုရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဘုရားေ ဟာ ပိဋ ကတ်တော်တွေကို သင်ကြားပေးတဲ့ နေရာ ဌာနတွေမှာ လောကနီတိရဲ့ အဆိုအမိန့်ကြောင့် ကြာ သပ တေးနေ့ကိုသာ ရွေးချယ်ပြီး စာပေများကို စတင် သင်ကြားပေးလေ့ရှိတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဒါ ဟာ ‘အမြင်မလျော် ဆင်တော်နဲ့ ခလောက်’လို့ ဆိုရမလိုပါဘဲ။
အဲဒီလို မဖြစ်ရအောင်နဲ့ ပါဠိမြင်ရင်ဘုရားဟောလို့ ယူဆကြပြီး လိုက်နာကျင့်သုံးကြရင် သင်ကြားပေး တဲ့ သူမှာ အပြစ်မကင်းနိုင်တာမို့ ခုလို ရှင်းပြနေရတာ။ ကဲ ဒီဂါထာတွေဟာ ဘုရားဟော မဟုတ်ဘူးဆိုတာကို ရှင်းရှင်း လင်းလင်း သိကြပြီ မဟုတ်လား”
“သိကြပါပြီး ဘုရား”
“သိရုံမျှနဲ့တော့မပြီးသေးဘူး။ အကျင့်မပါတဲ့အသိဟာအကျိုးနဲ့တူသတဲ့၊ အသိမပါတဲ့အကျင့်ဟာလဲ အကန်း နဲ့တူသတဲ့။ ဒါကြောင့် အသိနဲ့ အကျင့်တစ်ထပ်တည်းကျအောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါ တယ်” ယခုမှ ပင်လျှင်လောကနီတိ၊ ပကိဏ္ဏကကဏ္ဍ ထိုဂါထာတို့ကို သင်ကြားပေးစဉ်အခါက ဘုရားဟော ဟု အထင်ရှိကြပြီး လိုက်နာကျင့်သုံးကြသော် သင်ပြပေးသူမိမိမှာ အပြစ်မကင်းဟု ယူဆထားသော စိုးရိမ် ပူပန်မှုများ အနည်းငယ် လျော့ပါးသွားသည်ဟု ယူဆမိပါတော့၏။
        အမျိုး၊ ဘာသာ၊ သာသနာကိုပခုံးပြောင်း တာဝန်ယူကြမည့်ထိုသူတို့၏ လက်ထက်တွင်မူ ဆင်တော် ကို ခလောက်ဆွဲခြင်းမှ ကင်းဝေးကြပါစေ... ဟု။

  ၂၀၁၀-ခုနှစ်၊ ဇန်န၀ါရီလ၊ ဓမ္မရတနာမဂ္ဂဇင်း။

Tuesday, January 22, 2013

မိုးနတ်လိုက်သူများ



မိုးနတ်လိုက်သူများ
      မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းဒေသနာတော်အရ “ပတ်ဝန်းကျင်သည်ထိုထိုပုဂ္ဂိုလ်တို့အား ဥပနိဿယပစ္စည်း အနေအားဖြင့်ကျေးဇူးပြုသည်” ဟုသိရပါသည်။ ထိုပတ်ဝန်းကျင်တွင်တောသည်လည်း အပါအ၀င်ဖြစ်၏။
သို့ဖြစ်၍ဥတုရာသီတောကိုမှီရကား ကျေးဇူးတုံ့ပြန်သောအားဖြင့်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ထိန်း သိမ်းမှုတို့ကို မလွဲမသွေ ပြုသင့်ပါ၏။ ထိုသို့မပြုဘဲ ဆန့်ကျင်မှုပြုပါလျှင် တန်ပြန် သက်ရောက်မှုဒဏ်ကို ခံကြရမည်ဖြစ်သည်။
စာရေးသူနေထိုင်ရာဒေသသည်သုံးနှစ်တစ်ကြိမ်၊ လေးနှစ်တစ်ကြိမ်ခန့်မျှ မိုးခေါင်လေ့ရှိသည်။ ပတ် ၀န်း ကျင် တော၏ တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရသော ဒေသဟု ဆိုနိုင်ပါ၏။ ထိုသို့မိုးခေါင်ပါလျှင် မိုးခေါင်ခြင်း၏ အဓိကအကြောင်းရင်းမှန်ကိုမဝေဖန်မဆန်းစစ်ဘဲရှေးအစဉ်အလာဟုဆိုကာ မိုးနတ် လိုက်ခြင်း၊ လွန်ဆွဲခြင်းတို့ကို ဆောင်ရွက်ကြ၏။ မိုးနတ်လိုက်ခြင်းနှင့် လွန်ဆွဲခြင်းတို့သည် ဘာသာရေး ရှုထောင့်မှကြည့်လျှင် လွန်စွာ အရုပ်ဆိုး၊ အကျည်းတန်လှသော လုပ်ရပ်များ ဖြစ်ကြ၏။
_ _ _ _ _ _ _ _ _ _ _ _
မိုးရွာစေရန် နတ်ပူဇော်သည့်နေရာသည် ရွာမှနှစ်မိုင်ခန့်ဝေးကွာသောအရပ်တွင် တည်ရှိ၏။ နတ် ပူဇော်ရာ အရပ်သို့ရွာရှိအိမ်ထောင်ဦးစီးများ အားလုံး လိုက်ကြရသဖြင့် မိုးနတ်လိုက်သည်ဟူသော စကား ဖြစ်ပေါ်လာဟန် ရှိ၏။
မိုးနတ်ပူဇော်ရန်လိုက်ကြသည့်အခါ ဦးထုပ်ဆောင်းခြင်း၊ ဖိနပ်စီးခြင်းတို့ကိုမပြုကြရပေ။ ဦးထုပ် မဆောင်း ရခြင်း၏ ရည်ရွယ်ချက်မှာ ဘာကြောင့်ဖြစ်သည်ကိုတိတိပပမသိရသော်လည်း ဖိနပ်မစီးရခြင်း မှာ ပြန် လာလျှင် ဖိနပ်စီး၍မရနိုင်လောက်အောင် မိုးသည်းထန်စွာရွာလိမ့်မည်ဟု ယူဆ ကြသောကြောင့်ဖြစ်၏။
ဝါးတစ်လုံး၊ သက်ကယ်တစ်ပျစ်နှင့်ကြက်အရှင်များ၊ အရက်များကိုလည်း တစ်ပါတည်း ယူဆောင်သွား ကြရ၏။ ၀ါးတစ်လုံး၊ သက်ကယ်တစ်ပျစ်နှင့်ပင် နတ်စင်ပုံပေါ်အောင် အပြီးဆောက် လုပ်ကြရသည်။ ကြက် အရှင်များကို နတ်တင်ရာအရပ်သို့ ရောက်မှသတ်ဖြတ်ပြီးလျှင် ချက်ပြုတ်၍ အရက်တို့ဖြင့် ပူဇော်ပသကြရ လေသည်။ နတ်တင်သည့်အခါပန်းကန်ဖြင့် ကျကျနနတင်ရသည်မဟုတ်။ ဖက်ရွက်ခူးကာ ကတော့ပြုလုပ်၍ တင်ကြရသည်။ (ဤသို့ဤသို့သော အဆင့်ရှိသည့် နတ်တစ်ပါးပေ တကား) ထိုသို့ ဆောင်ရွက်သည်ကို မိုးနတ်လိုက်သည်ဟု ဆိုကြလေ၏။
လူသားတို့ အသိဉာဏ်မဖွံ့ဖြိုးမီကာလက ဆောင်ရွက်ခဲ့ကြသည့်နည်းများအနက်က ယဇ်ပူဇော် သည့် နည်း တစ်မျိုးသာဖြစ်သည်။ မိမိနေထိုင်ရာအဆောက်အဦး တစ်ခုကိုမျှပင် ကိုယ့်အစွမ်းအစဖြင့် ဖန်တီး နိုင်ခြင်းလည်း မရှိ၊ လူတို့ပေးစကမ်းစကို မှီခိုကပ်ရပ်စားသောက်နေရသော ထိုနတ်ဆိုသူကား အဘယ်မှာလျှင် မိုးရွာအောင် စွမ်းဆောင်နိုင်ပါမည်နည်း။ စဉ်းစားဝေဖန်သင့်ပါ၏။
ရွာသို့ ပြန်ရောက်လျှင် လွန်ဆွဲခြင်းကို ပြုလုပ်ကြ၏။ မိုးခေါင်သဖြင့် မိုးကိုမျှော်ကာ စိတ်မော လူမော ဖြစ်လျက်ရှိခြင်းကြောင့်အခိုက်အတန့်စိတ်အပြောင်းအလဲဖြစ်စေရန် ရသေ့စိတ်ဖြေသဘော မျိုးဖြင့်ပြုလုပ်ခြင်းဖြစ်ပါမူ အပြစ်ဟုမဆိုသာသော်လည်းယခုလွန်ဆွဲခြင်းမှာမူ မိုးနတ်ကိုပျော်တော်ဆက် သည့်အနေဖြင့် လွန်ဆွဲကြခြင်း ဖြစ်၏။
ထိုသို့ မိုးရွာရန် အကြောင်းမဟုတ်သည်ကို အကြောင်းဟုထင်ခြင်းသည် (၀ိသမဟေတုက ဒိဋ္ဌိ) နည်းလမ်းမမှန် ဖောက်ပြန်မှားယွင်းသော အယူသာ ဖြစချေ၏။ အကယ်၍ တိုက်တိုက်ဆိုင်ဆိုင် မိုးရွာပါ လျှင်မူ မိမိတို့ လုပ်ရပ်ကို အမှန်ဟု ယူစွဲသည့် အယူမှား (သီလဗ္ဗတပရာမာသဒိဋ္ဌိ) ပင်ဖြစ်လိုက်ကြသေး၏။ အကုသိုလ်အပေါ် အကုသိုလ်ဆင့်လျက်ရှိရကား နူရသည့်အထဲ ၀ဲစွဲခြင်းကိုခံရသကဲ့သို့ပါတည်း။
ထို့ကြောင့်ဒေါက်တာအရှင်ဓမ္မပီယ(ပါမောက္ခ) ဆရာတော်က “အသိဉာဏ်နည်းရှာသောလူတွေ သည် တကယ်ပင် နတ်တွေနှင့် အလုပ်တွေရှုပ်နေကြသည်။ ဒီဥပါဒါန်အစွဲကြောင့် မမှားသင့်သော အမှားမျိုးတွေကို ပြုလုပ်နေတတ်ကြပြီး အမှားသံသရာတွေလည်နေရှာကြသည်” ဟုသုံးသပ်ထားပါ၏။
_ _ _ _ _ _ _ _ _ _ _ _
ဗုဒ္ဓဘာသာဝင်တို့သည် မြတ်ဗုဒ္ဓ လမ်းညွှန်ဆုံးမသည်နှင့်အညီ သက်ဝင်ယုံကြည်စွာ လိုက်နာကျင့်သုံးသင့် ပါ၏။ သို့မှသာ ဗုဒ္ဓဘာသာဝင်ဟူသော ဂုဏ်ဒြပ်နှင့် လျော်ညီမည် ဖြစ်၏။ မိရိုးဖလာ အစဉ်အလာဖြစ်ရုံမျှဖြင့် ၀ိဘဇ္ဇဉာဏ်အခြေမခံဘဲလိုက်နာဆောင်ရွက်ခြင်း မပြုကြရန်ကေသမုတ္တိသုတ်တော်တွင် ကာလာမမင်း တို့အား မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါ၏။
“ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားရုံမျှဖြင့် (ဟုတ်ပြီ၊ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက်စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ဖြစ်ဖူးသတတ်ဟူသောစကားမျှဖြင့်လည်း မယူ ကုန်လင့်ဦး၊ စာပေနှင့်ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး။
“နည်းမှီယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကိုကြံစည်သောအားဖြင့်လည်း မယူကုန် လင့်ဦး၊
(ငါတို့) ကြံစည်နှစ်သက်၍ယူထားသော အယူနှင့်တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူ ထိုက်သောသဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူ ကုန်လင့်ဦး။”
“ကာလာမမင်းတို့ ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ကဲ့ရဲ့အပ်သောတရားတို့တည်း၊ ဤတရားတို့ကိုပြည့်စုံစေ အပ် ဆောက်တည်အပ်ကုန်သည်ရှိသော်အစီးအပွားမဲ့ခြင်းငှာဆင်းရဲခြင်းငှာဖြစ်ကုန်၏ဟု သင်တို့သည် မိမိကိုယ်တိုင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။”
(ဤအကြောင်းအရာကိုဖတ်ဖူး၊ ကြားနာဖူးသူများပါလိမ့်မည်။ သို့သော်ထပ်ဖတ် ရှုနှလုံးသွ င်းနိုင်ကြစေရန် ဖော်ပြလိုက်ပါသည်။)
သတ္တ၀ါတို့သန္တာန်၌ အယူမှားမှုအယူမှန်မှုသည် ထိုကာလာမသုတ်တော်ပါ အခြင်းအရာ ဆယ်မျိုးအနက်  တစ်မျိုးမျိုးကို အခြေခံကာ ၀ိဘဇ္ဇဉာဏ်ရှိမှု၊ မရှိမှုအပေါ် မူတည်၍ဖြစ်ပေါ်ကြကုန်၏။ ထို့ကြောင့်အကြောင်း အကျိုး အကောင်းအဆိုးတို့ကို ခွဲခြမ်းဝေဖန်တတ်သော ၀ိဘဇ္ဇဉာဏ်ရှိရန် အထူးလိုအပ်ပါသည်။
ဝိဘဇ္ဇဉာဏ်ဖြင့် ခွဲခြမ်းဝေဖန်၍ စွန့်အပ်သောအရာဟု သိလျှင်သိချင်း စွန့်ပယ်ခြင်း ပြုရပါလိမ့်မည်။ ထိုသို့ စွန့်ပယ်ခြင်း မပြုပါလျှင်တစ်စတစ်စရှင်သန်ကြီးထွားလာနိုင်ရကား နိယတမိ စ္ဆာဒိဋ္ဌိအဖြစ်သို့ သက်ရောက် နိုင်ပါ သည်။
ထိုနိယတမိစ္ဆာဒိဋ္ဌိကံသည် ပဉ္စာနန္တရိယကံထက်ပင် အပြစ်ကြီးလေးသောကံဖြစ်၍ ဘုရားအဆူဆူ ချွတ် သော်လည်း မကျွတ်နိုင်ပါချေ။ ထိုသို့ မကျွတ်နိုင်ကြောင်းကို အဋ္ဌသာလိနီ၌-
“နိယတမိ စ္ဆာဒိဋ္ဌိံ ဂဟေတွာ ဌိတပုဂ္ဂလံ ဗုဒ္ဓသတမ္ပိ၊ ဗုဒ္ဓသဟဿမ္ပိ ဗောဓေတုံ နသက္ကောတိ”
နိယတမိ စ္ဆာဒိဋ္ဌိအယူရှိသောပုဂ္ဂိုလ်ကိုဘုရားအရာ၊ အထောင်ပင်ချွတ်သော်လည်း မကျွတ်နိုင်”ဟုဆို ထားပေ၏။
ဓမ္မာစရိယ ဦးဌေးလှိုင်သည် ကေသမုတ္တိသုတ္တန်လာ အချက်အလက်များနှင့် အယူမှားခြင်းကြောင့် ရရှိမည့် အပြစ်တို့ကို မှတ်သားရလွယ်ကူစေရန် အောက်ပါအတိုင်း လင်္ကာသီကုံးထား ပါသည်။
“ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏၊ ၀ါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊ ကယ်မရတည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊ စေ့စုံ ဉာဏ်ဖြင့်၊ မြော်ထောက်ချင့် ကာ၊ တစ်ဆင့်ကြားသိ၊ မိရိုးဖလာ၊ ကောလာဟလ၊ ကျမ်းစာမျှဖြင့်၊ ကြံဆနည်းမှီ၊ ဆီလျော်သုံးသပ်၊ ယူခြင်းထပ်၍၊ ယုံအပ်သူပဲ၊ ဆရာစွဲဖြင့်၊ လွဲပုံစိတ်ချ၊ မယူကြလင့်၊ ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်၊ မှား မှန် ကောင်း ဆိုး၊ သိအောင်ကြိုးဟု၊ မျိုးကာလာမ၊ ဟောညွှန်ပြသည်၊ ၀ါဒအယူစစ်တမ်းပေ။”
မိရိုးဖလာအစဉ်အလာဟုဆိုကာ သမိုင်းပေး တာဝန်တစ်ရပ်သဖွယ်သဘောထားလျက်ဆောင် ရွက်နေကြ သည့် ထိုမိုးနတ်လိုက်ခြင်း၊ လွန်ဆွဲခြင်းတို့သည် ၀ိဘဇ္ဇဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဝေဖန်မှု ပြုသည် ရှိသော် စင်စစ်အကုသိုလ်အမှုတို့သာဖြစ်ပါသည်။ အပြစ်ရှိပြီးလျှင်ပညာရှိသူတော်ကောင်းတို့ မနှစ်မြို့ဖွယ် ကဲ့ရဲ့ ထိုက် သောအမှုတို့ပါတည်း။
ထိုအမှုတို့ကို ပြုကြကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာသာဖြစ်ပါမည်။ ထိုအစီးအပွား မဲ့မည့် ဆင်းရဲမည့် အရာတို့ကိုသားစဉ်မြေးဆက်တိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်၍ အမွေ ပေးသင့်သောအရာများ မဟုတ်ပါသဖြင့်အချိန်မနှောင်းမီဗုဒ္ဓအလိုတော်ကျစွန့်ပယ်သင့်ပါကြောင်း တိုက်တွန်း အပ် ပါသည်။ ။

                                                                         
အမှတ်၊ ၁၅၁၊ ၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရတနာမဂ္ဂဇင်း။

ကြုံလျက်လွဲကြသူများ



ကြုံလျက်လွဲကြသူများ
စာရေးသူငယ်စဉ်က စာပေသင်ယူခဲ့သောကျောင်းမှ ဆရာသည် နာမည်ကျော်လူသိများသော ဗေ ဒင် ဆရာ တစ်ဦးကို ခေါ်၍ နှစ်စဉ်နှစ်တိုင်း ဇာတာ စစ်ဆေးမေးမြန်းလေ့ရှိ၏။ တစ်ခုသော ညဥ့်အချိန် တွင် ဗေဒင်ဆရာ ပေးခဲ့ဟန်တူသော စာရွက်တစ်ရွက်ကိုထုတ်ပြပြီး
“ဒီဗေဒင်ဆရာဟာတော်တော်မှန်တာပဲ၊ ဒီမှာကြည့်စမ်း။ သူဟောလို့မှန်ကန်ကြောင်း ထောက်ခံ ထား ကြတဲ့သူတွေလေ” ဟု ဆို၏။
ဆရာကမ်းပေးသောစာရွက်ကို ယူကြည့်လိုက်သောအခါ လူဦးရေ နှစ်ဆယ်ကျော်တို့က ထိုဗေဒင် ဆရာ ဟောပြောသည့်အတိုင်း မှန်ကန်သဖြင့်ထောက်ခံပါကြောင်း လက်မှတ်ရေးထိုးထားသော စာရွက် တစ်ရွက် ဖြစ်နေသည်ကိုတွေ့ရ၏။
ထိုအခါစာရေးသူက “ဆရာ၊ အဲဒီဗေဒင်ဆရာဟာဗေဒင်ဟောစားတဲ့နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ” ဟုမ၀ံ့မရဲ မေးကြည့်လိုက်၏။
“သူ ဗေဒင်ဟောစားတဲ့နှစ် ဘယ်နဲတော့မလဲ။ နှစ်ပေါင်း အစိတ်သုံးဆယ်တော့ ရှိလောက်ရောပေါ့။”
“ဒါဆိုရင် သူဗေဒင်ဟောတာ တစ်နေ့တစ်ယောက်နှုန်း မပြောနဲ့ တစ်နှစ်တစ်ယောက်နှုန်းေ လာက် တောင် မှန်အောင် မဟောနိုင်ဘူးဆိုတာ ဖော်ပြနေတာပေါ့” ဟု ပြောကြားလိုက်သောအခါ မျက် မှန်ပေါက်ထွက် လုနီးပါး မျက်မှောင်ကြုတ်ကြည့်လျက်
“မင်းဟာ လူကတ်ပဲ” ဟုဆိုပါလေတော့၏။ စိတ်ထဲတွင်ကား ‘ကတ်’ (ကပ်) သူမဟုတ်၊ ခွာသူ သာ ဖြစ်ကြောင်း ပြောကြားနေမိပါတော့၏။
_ _ _ _ _ _ _ _ _ _ _ _
“လှည်း စနေ၊ လှေသောကြာ” အယူသီးမှုကြောင့်တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်ကိုလည်းယခုတိုင် အမှတ်ထင်ထင်ရှိနေဆဲပါတည်း။
စာရေးသူ အသက်နှစ်ဆယ်ပြည့်၍ ပဉ္စင်းခံမည့်အချိန်က ဖြစ်ပါသည်။ ဒကာများက ပဉ္စင်းခံ ပစ္စည်း များ ၀ယ်ရန်အတွက်ရန်ကုန်သို့သွားမည်၊ စာရေးသူကိုလည်း ပင့်ခေါ်သဖြင့်လိုက်ခဲ့ရပါသည်။ ရဟန်း ဒကာကြီးသည် ရက်ရဇာဖြစ်သော စနေနေ့တွင် ရန်ကုန်သို့ပစ္စည်းများ သွားဝယ်ရန် နေ့ကောင်း ရက်သာ အဖြစ်သတ်မှတ်ပြီးကာမှ ရွာမှလှည်းဖြင့်ဦးစွာထွက်ရမည်ဖြစ်သောကြောင့် ‘လှည်း စနေ၊ လှေသောကြာ’ ဟု ဆိုကာထိုနေ့၌ မသွားတော့ဘဲ တနင်္ဂနွေနေ့မှပစ္စည်းဝယ်ထွက်ခဲ့ကြ၏။
လမ်းခုလတ် လှည်းချင်းရှောင်တိမ်းရန် ခက်ခဲသောနေရာသို့ အရောက်တွင် မျက်နှာချင်းဆိုင် မှ မောင်းနှင် လာသောလှည်းတစ်စီးနှင့်ထိပ်တိုက်ဆုံပါလေတော့၏။ တစ်ဖက်မှလှည်းသည် ၀န်လေးဖြစ် သဖြင့် စာရေးသူတို့ လှည်းမှ နွားများကို ဖြုတ်ပြီး လမ်းကျယ်ရာရောက်အောင် နောက်ဆုတ်ပေးရသည်။ စာရေးသူက မီးပြရပြီး သူကိုယ်တိုင်ထမ်းတွန်းကာနောက်ဆုတ်ပေးကြရ၏။
မြင်မြင်ထင်ထင်ဆိုပါလျှင် ဤမျှမကြန့်ကြာနိုင်သော်လည်း ထိုစဉ်ကမူဆောင်တွင်ကာလက လည်း ဖြစ်ပြန် လမိုက်ရက် နံနက် တုံးမောင်းခေါက်ချိန်ခန့် ဖြစ်၍ နာရီဝက်ခန့် အချိန်ကြန့်ကြာသွားလေ သည်။ လှည်းချင်း ရှောင်ပေးအပြီး နွားများကို အပြင်းနှင်ခဲ့သောကြောင့်သာ နံဂါတ်မော်တော်ကို မီခြင်းဖြစ် ၏။
ထိုနံဂါတ်မော်တော်ဖြင့် သာရဝေါသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သော်လည်း သာရဝေါမှနေ့ လယ်၂-နာရီထွက်လျှင် ကြည့်မြင်တိုင်သို့ ည၈-နာရီပုံမှန်ရောက်နေကျရထားသည် ခမုံဘူတာအလွန်တွင် ပျက်နေသဖြင့် သန်းခေါင်ကျော် ၁-နာရီထိုးမှကြည့်မြင်တိုင်ဘူတာသို့ ဆိုက်ရောက်တော့၏။
တည်းခိုမည့်ကျောင်းမှာ ဘူတာနောက်ကျောကပ်လျက် ဥယျာဉ်တိုက်ဖြစ်၍ တော်သေးသည်ဟု ဆိုရပေမည်။ တည်းခိုရန်ကျောင်းသို့ရောက်သောအခါကျောင်းထိုင်ဆရာတော်က
“မနေ့က ရထားအချိန်မှန်တယ်။ ဒီနေ့ ဘာဖြစ်လို့နောက်ကျနေကြတာလဲ။” ဟုဆီးကြို၍မေးလေ၏။
ဒကာကြီးရဲ့ “လှည်း စနေ၊ လှေသောကြာကြောင့်ပေါ့” ဟုအစချီကာအဖြစ်သနစ်အစုံကိုလျှောက် ထား လိုက်ပါ၏။ တစ်ဆက်တည်းပင်ဒကာကြီးဘက်သို့လှည့်ကာ
“ဒကာကြီးရဲ့လှည်းစနေ၊ လှေသောကြာဆိုတာမသွားသင့်တဲ့ရက်လို့မယူဘဲသွားသင့်တဲ့ရက်လို့ ပြောင်းပြန်ယူရင် လမ်းမှာလှည်းချင်း မရှောင်ရလောက်ဘူး။ ဘာကြောင့်လည်းဆိုတော့အယူသီးသူတွေလှည်း မထွက်ကြ လို့ပေါ့” ဟု ဆိုလိုက်ရာ
ဒကာကြီးသည် ခွန်းတုံ့မဆိုဘဲ ဆိတ်ဆိတ်သာနေလေ၏။ ထိုဆိတ်ဆိတ်နေခြင်းသည် အပြစ်ကိုဝန်ခံ သည့် ဆိတ်ဆိတ်နေခြင်းမျိုးကား မဟုတ်ချေ။
_ _ _ _ _ _ _ _ _ _ _ _
တစ်ခုသော ဆွမ်းကပ်လှူပွဲတွင် ဆွမ်းဘုဉ်းပေးအပြီး ရေနွေးဝိုင်း၌ ဒုလ’ဘကိုယ်တော်ကြီးတစ်ပါးက ပရိသတ်ထဲမှသူ၏မြေးတော်စပ်သူအမျိုးသမီးတစ်ဦးကို
“ဟဲ့- နင်တို့အိမ်ညကပစ္စည်းအခိုးခံရလို့ဆို” ဟုမေးလေ၏။ မြေးဖြစ်သူကလည်းဟုတ် မှန်ကြော င်း ဖြေကြား၏။
ကိုယ်တော်ကြီးသည် “အိုကြင်ယာဥဒကေ၊ ကြာကန်သူဝနေ၊ စိတ်တူ၏ဂူပေ” စသည်ဖြင့်ရွတ်ဆိုကာ
“ဘယ်အရပ်၊ ဘယ်ထောင့်က၊ ဘယ်နေရာမှာရှိတယ်။ ရှာကြ” ဟုဆိုလေ၏။
စာရေးသူလည်း နားကြားပြင်းကတ်လှသဖြင့်
“ကိုယ်တော်ကြီးရယ်၊ သူတို့ရှာရင် ဟိုနေရာမှာလိုလို၊ ဒီနေရာမှာလိုလိုနဲ့ ဇဝေဇ၀ါ ဖြစ်နေပါအုံးမယ်။ ကိုယ်တော်ကြီး အတိအကျသိနေတဲ့နောက်ကိုယ်တိုင်သွားရှာပေးလိုက်ပါ။”ဟုဆိုလိုက်ရာ အားလုံးက သဘော ကျကာပြုံးရယ်ကြသော်လည်း ထိုကိုယ်တော်ကြီးကမူ ရာဇ၀င်ထဲက သီလ၀မင်းသား ၀င်စားလာ သူနှယ် အပြုံးအရယ် ကင်းမဲ့လျက် ...။
_ _ _ _ _ _ _ _ _ _ _ _
ဘုရားပန်းကပ်လှူရာတွင်သာ ရက်မကြာခင် ညှိုးပါမူ စိတ်ပျက်ညည်းညူကြကာ ရေရှည်ခံ ပန်းတို့ကို ၀ယ်ယူပူဇော်လေ့ရှိကြ၏။ နတ်တင်သည့်ငှက်ပျောပွဲရက်မကြာခင်မှည့်ပါမူ မကြာခဏ ပွဲလဲကြရသော် လည်း စိတ်ပျက်ညည်းညူလေ့မရှိကြ။ ပွဲပျော်သည်ဟုပင် ယူဆကာ ဂုဏ်ယူဝင့်ကြွားလေ့ရှိကြ၏။
တစ်ခုသော ဥပုသ်နေ့တွင် ဒကာမကြီးတစ်ဦးက သူအိမ်မှပွဲသည် တင်ပြီးရက်မကြာခင် မှည့်တတ် သဖြင့် ပွဲပျော်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေ၏။ ထို့ကြောင့်
“ဒကာမကြီးရဲ့ပွဲ ပျော်တယ်-မပျော်တယ် သိရအောင် အဖူးလွတ်စ ငှက်ပျောဖီးနဲ့ တင်ကြည့်ပါလား” ဟု ဆိုလိုက်ရာ ပုဆိန်ပေါက် ဦးချ၍ ပြန်သွားပါလေတော့၏။
_ _ _ _ _ _ _ _ _ _ _ _
ဘိုးတော်ဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းဆရာတစ်ဦးသည် သူတို့၏ဂိုဏ်းက မြွေကို မည်သို့မည်ပုံ နိုင် နင်း ကြောင်း၊ မြွေကိုက်သော်လည်း မသေကြောင်း ကျောင်းသို့ လာရောက်ကာ ကြွားလုံးထုတ်နေ၏။ စာရေးသူက-
“ရေမြွေကိုလား” ဟု မေးလျှင်-
“အရှင်ဘုရားက မယုံဘူးနဲ့တူတယ်။ လက်တွေ့ပြရမလား” ဟု ဆို၏။
“မလုပ်လိုက်ပါနဲ့ သေရင် အမှုပတ်နေပါ့မယ်” ဟု ပြောလိုက်ရ၏။
“ဒီလိုလုပ်ပါလား၊ ထိုင်းနဲ့မလေးရှားက အမျိုးသမီးနှစ်ဦး မှန်လုံခန်းတစ်ခုထဲမှာ အဆိပ်ပြင်းတဲ့ ကင်းမြီး ကောက် အကောင်ပေါင်း ဘယ်နှထောင်နဲ့ ဘယ်သူက ရက်ပေါင်း ဘယ်လောက်ကြာ ကြာ နေနိုင်တယ် ဆိုပြီး သူနိုင်ကိုယ်နိုင်အပြိုင်ကြဲနေကြလေရဲ့။ ဒကာသာမြွေကို တကယ်နိုင်တယ် ဆိုရင်မြွေပွေး အကောင်ဆယ်ကောင် လောက်နဲ့ မှန်လုံခန်းတစ်ခုထဲမှာ တစ်ရက်လောက်ပဲနေပြလိုက်မယ် ဆိုရင် သူတို့ထက်နှာတစ်ဖျားသာသွားပြီး-မြန်မာသာမက ကမ္ဘာပါ ကျော်သွားမှာ” ဟု ဆိုလိုက်ရာ-
“အရှင်ဘုရားကလဲ၊ အကောင်းပြောတယ်မှတ်လို့” ဟုအပြစ်တင်စကားဆို၏။

များမကြာမြင့်မီပင် ထိုသူနှင့်ဆုံကြပြန်ရာ
“ဘယ်ကပြန်လာသလဲ” ဟု နှုတ်ဆက်စကားဆိုလျှင်
“ဟိုဘက်ရွာကပယောဂဝေဒနာရှင်တစ်ဦးကိုဆေးကုပြီး ပြန်လာတာ” ဟူ၍ဖြေ၏။
ထိုဂိုဏ်းသည် ရေကိုသာမန်းပြီး ဆေးကုလေ့ရှိသည့်အပြင် သူဆေးသွားကုသောရွာတွင် လည်း ရေတွင်း တစ်တွင်းသာ ရှိခြင်းတို့ကြောင့်
“ပယောဂဖြစ်တယ်ဆိုတိုင်း ဒကာ သွားသွားနေရတာ ပင်ပန်းလှပါတယ်။ နောင်သွားစရာ မလိုအောင် ရွာထိပ်က ရေတွင်းကို မန်းပေးထားခဲ့ရင် ပြီးရော၊ နောင်သွားစရာ မလိုတော့ဘူးပေါ့” ဟု ဆိုလိုက်ရာ- ရှူးရှူးရှားရှားဖြစ်ကာ ထွက်ခွာသွားပါလေတော့၏။
_ _ _ _ _ _ _ _ _ _ _ _
သြော်အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကမူ“အပြစ်ကိုထောက်ပြလျက်ဆုံးမသွန်သင်သောသူအား လက်ကိုဆွဲပြီး ရွှေအိုးကိုညွှန်ပြသူအဖြစ်” မှတ်ယူထားသည်နှင့်အညီ သာမဏေငယ်တစ်ပါးက မထေရ် မြတ် ကြီး၏ သင်္ကန်း အ၀န်းမညီပါကြောင်း ထောက်ပြသည်ကို အလေးအနက်ထားကာ လိုက်နာခြင်းဖြင့် ရွှေအိုး ကိုအရယူပြခဲ့ပါသော်လည်း....
ထိုသူတို့မှာမူလက်ကိုဆွဲပြီး ရွှေအိုးကိုညွှန်ပြသူရှိပါလျက် ရွှေအိုးနှင့်အလွဲကြီး လွဲကြသူများဟု ဆိုရ မည်သာဖြစ်ပါ၏။ ။


အမှတ်စဉ် (၂၃၅)၊ ၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရံသီမဂ္ဂဇင်း။

လူပီသပါစေ



လူပီသပါစေ
မကြာသေးမီက မလေးရှားနိုင်ငံရောက်မြန်မာများကို ဟောပြောသော ဓမ္မဆရာတစ်ဦး၏ ‘ကံကံ၏ အကျိုး’ တရားခွေကို ကြည့်ရှုနားထောင်လိုက်ရ၏။ ထိုသူ၏ ‘ကံ ကံ၏အကျိုး’ တရားသည် ဗုဒ္ဓ တရား တော်နှင့်သာမဟုတ်၊ ခရစ်ယာန်သမ္မာကျမ်းစာနှင့်လည်း လွဲချော်သောအချက်တို့ကို တွေ့ရှိရပေ၏။ (ဗုဒ္ဓတရား တော်များနှင့်ဆန့်ကျင်သော အချက် (၁၀)ချက်တို့ကို ဗုဒ္ဓဂုဏ်ရည်ကျောင်းတွင် ဆရာဦးဆန်း လင်း (ဆယ် မြောင်း)က ရှင်းပြထားပြီး ဖြစ်သဖြင့် ထပ်မံ ရှင်းပြခြင်း မပြုလိုပါ။)
ထို ‘ကံ ကံ၏အကျိုး’ တရားသည် သမ္မာကျမ်းစာ ထွက်မြောက်ရာကျမ်း အခန်းကြီး-၂၃။ အခန်းငယ်- ၁၃ ပါ ‘ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသော ဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်က မြွက်သံကို သူတစ်ပါး မကြားစေနှင့်။’ ဟူသော ပညတ်ချက်ကို ဆန့်ကျင်ပြီးလျှင် မြတ်ဗုဒ္ဓ၏ နာမတော်ကို တစ်နာရီနီးပါးမျှ ကြာအောင် အထပ်ထပ် အခါခါ ထုတ်ဖော်မြွက်ဆိုထားပေ၏။ သမ္မာကျမ်းစာကို ဆန့်ကျင်ရာ ရောက်ပါသည်။
တဖန် မြတ်ဗုဒ္ဓ၏ တရားတော်ကို မသိနားမလည်ဘဲ ဟောပြောသောကြောင့် ထွက်မြောက်ရာ ကျမ်း၊ ၂၃။ ၁ ပါ ‘သင်သည်မှားသော သတင်းစကားကို မကြား မပြောရ’ ဟူသော ပညတ်ချက်ကို ထပ်မံချိုးဖောက်ရာ ရောက်နေပါ၏။ ဤသို့ဆိုလျှင် သူသည် ရှင်ယာကုပ်သြ၀ါဒစာ (၂။ ၁၀ )တွင် ‘ပညတ် တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားမိလျှင် ပညတ်တရား အလုံးစုံကို လွန် ကျူးသော အပြစ်ရှိ၏။’ ဟု ဆိုထားခြင်းကြောင့် ပညတ်တရားအားလုံးတို့ကို ချိုးဖောက်ရာ ရောက်နေပေ၏။
ထိုသို့ ပညတ်တရားများကို ချိုးဖောက်လျှင် ၀တ်ပြုရာကျမ်း (၂၆။ ၁၄၊ ၁၅၊ ၁၆) တွင် “သင်တို့သည် ငါ့စကားကို နားမထောင် ဤပညတ်အလုံးစုံကို မစောင့်၊ ငါစီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍ မထီမဲ့မြင်ပြုလျက် ငါ့ပညတ်တရားကို မကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင် သင်တို့၌ ငါပြုလတ္တံ့သော အမှုဟူမူကား= သင်တို့၌ မျက်စိပျက်လျက် စိတ်ပူပန်လျက် ရှိစေခြင်းငှါ ထိန့်လန့်သော သဘောတူလာ၊ ဖျားနာတို့ကို သင့်တို့ အပေါ်မှာ ငါခန့်ထားမည်။’ ဟု ဆိုခြင်းကြောင့်လည်းကောင်း၊ သုတ္တံကျမ်း (၁၃။ ၁၃) တွင် 'နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။’ ဟုဆိုထားခြင်း တို့ကြောင့်လည်းကောင်း ထိုသူ့အပေါ် ငဲ့ညှာ ထောက်ထားသနားသောအားဖြင့် ယခုကဲ့သို့ ထောက်ပြဝေဖန်ရခြင်းဖြစ်ပါ၏။
မှော်ဘီမြို့နယ်၊ ဆတ်သွားတောကျေးရွာအုပ်စု၊ ကရင်ရေသိုးကျေးရွာ၊ ဗုဒ္ဓဂုဏ်ရည်ကျောင်း၌ ကံကံ၏ အကျိုးတရားနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာတွင် ထိုဓမ္မဆရာက ‘ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာ ၀င် သူတော်ကောင်း သူတော်စင်များနဲ့ ဗုဒ္ဓအယူဝါဒကို တိုက်ခိုက် ဖျက်ဆီးလိုမှု လုံးဝ မပါဘူးဆိုတာတော့ ကျွန်တော် ဘုရားရှင်ရှေ့မှာ ပြောရဲတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က ဓမ္မန္တရာယ်ထိုက်မှာ အရမ်းစိုးတယ်။
ကိုယ့်ဟာကိုယ်နေတာ အကောင်းသား အမှားပြောမိလို့ အပါယ်ကျမယ့် ကိစ္စမျိုးကိုတော့ ကျွန်တော် ဘယ်တော့မှ မလိုလားဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်ကိုယ်တိုင်က အပါယ်က လွတ်ချင်တဲ့ သူ ဖြစ်တာကို။ အဲဒီမှာ ဗုဒ္ဓဘာသာတွေ ရှိသော်ငြားလည်းပဲ ဗုဒ္ဓတရားကို တကယ်နားမလည်တာကို နား လည် စေချင်တဲ့ စိတ်လည်း ကျွန်တော့်မှာ ရှိတယ်။ နောက်ပြီးတော့ တချို့ခရစ်ယာန်တွေဆိုရင်လည်း မိရိုး ဖလာ အနေနဲ့ ရှိပြီးတော့ ဗုဒ္ဓရဲ့တရားကို နားမလည်ပဲနဲ့ ဘာသာရေးပုတ်ခတ်ပြောဆိုမှုတွေလည်း ရှိတတ်တယ်။ ဒါတွေကိုကျွန်တော်ကမလိုလား မဖြစ်စေချင်လို့ တဖက်လည်းသိအောင် တဖက်လည်း သိအောင်ပါ။ သူတို့ရဲ့ ဉာဏ်ပညာနဲ့ သူတို့သိလောက်တဲ့ အခြေအနေမျိုးကို ကျွန်တော်က အလွယ် တကူ နဲ့ ပြောလိုက်တာ ဖြစ်ပါ တယ်။’ ဟု ဖြေရှင်းထားပေ၏။
သို့သော် သူ့၏ ဖြေရှင်းချက်များမှာ ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးအုပ်ရန် ကြိုးစားထားခြင်း သာ ဖြစ်ကြောင်းကို သူ၏ စကားတို့က သက်သေခံလျက်ရှိ၏။
ဗုဒ္ဓဘာသာတို့၏ ကမ္မဿကတာသမ္မာဒိဋ္ဌိအယူကို ပြက်ရယ်ပြုသော အားဖြင့်လောကမှာ ကိုယ် မလုပ်ဘဲနဲ့ ရတာတွေ အများကြီးရှိတယ်။ နံပါတ် ၁။ အလင်းရောင်ရဖို့အတွက် နံနက်မိုးလင်း ခါနီးကျ မှ နေကို ကိုယ့်ဟာကိုယ် လုပ်သလား။ ကိုယ်မလုပ်ဘဲနဲ့ အလင်းရောင် မရဘူးလား။ အရိုင်းဆုံးပြောမယ်။ ကိုယ်လုပ်မှ ကိုယ်ရတာ တကယ် မှန်သလားလို့ စဉ်းစားတဲ့အခါ။ ကိုယ်...ကရောကိုယ်လုပ်လို့ရလာ တာလား။ လောကမှာ ကိုယ်မလုပ်ဘဲနဲ့ရတာတွေ အများကြီးရှိတယ်။’ ဟု ဆိုထား၏။
နေကို ကိုယ့်ဘာသာကိုယ် မလုပ်ဘဲ ရသည် မရသည်ကို သဘာဝနိယာမတရားဖြစ်၍ အငြင်းမပွား လိုပါ။ သို့သော် နေကို ကိုယ့်ဘာသာကိုယ် မလုပ်ဘဲ ရရှိရုံမျှဖြင့် အလင်းရောင် ရရှိသည် ဆိုသောစကားမှာ စက္ခုပသာဒ ချို့တဲ့သူအဖို့ ထိုစကားသည် အမှားသာ ဖြစ်၏။ စက္ခုပသာဒချို့တဲ့နေသူအဖို့ နေသည် ဆယ်စင်းမက ကိုယ်မလုပ်ဘဲ ရသော်ငြားလည်း အလင်းရောင် မရရှိ နိုင်ပါပေ။ ထို့အတူ မျက်စိနှစ်ကွင်း အလင်းရသည် ဆိုငြားသော်လည်း မျက်စိဖွင့်ခြင်း အလုပ်ကိုတော့ မိမိကိုယ်တိုင် မလုပ်ဘဲနှင့် အလင်းရောင်ကို မည်သို့မျှ ရနိုင်လိမ့်မည် မဟုတ်ပါချေ။
ကိုယ်...ကရောကိုယ်လုပ်လို့ ရလာတာလား။ ဆိုသောစကားသည်လည်း တစ်ဖက်စွန်း ရော က် နေပြန်ပါသည်။ ထာဝရဘုရားသခင်ကို မဆိုထားလင့် မိဘတို့ကြောင့် ရသည်ဟု ယူဆပါလျှင် မွေးရာပါ လူစဉ်မမီ ဆွံ့အ နားမကြား ခြေမပါ၊ လက်မပါဒုက္ခိတများအဖို့ မိမိတို့ကိုသူများနည်းတူ ဖန်တီးမပေး ရကောင်းလားဟု မိခင်ဖခင်တို့ကိုတသက်လုံး အပြစ်ဆိုရတော့မည်သို့ ရှိပါသည်။ မည်သည့် မိခင်ဖခင်မဆို မိမိ၏ သားသမီး များကို သူတကာထက်သာသော သားကောင်း သမီးမွန်များ ဖြစ်စေလိုသည်မှာ ဓမ္မတာ ပင် ဖြစ်ပါ၏။
ထို့အပြင် ဗုဒ္ဓဘာသာဝင် သာမန် ပုထုဇဉ်အားလုံတို့ကိုလည်း ငရဲသို့ ဇွတ်အတင်း ပို့ဆောင်ထား သည်ကို တွေ့ရပြန်၏။” ဒါကြောင့် ကျွန်တော်တို့တွေ ကိုယ့်ရဲ့ဘ၀တိုးတက်ကြီးပွားအောင်မြင်ရေး အတွက် ရှေးရှုပြီး ဆက်လက်ပြီး ဘ၀တိုးတက်အောင် ဆက်လုပ်ဆောင်နေမယ်ဆိုရင် ငရဲကလွတ်ပါ့မလား။ အဲဒီအလုပ်-တွေ မလုပ်တော့ဘဲနဲ့ တရားအားထုတ်တော့မယ် ဆိုတော့လဲ လုပ်နိုင်သလား။ ဒါဆိုရင် အခုသေမယ်ဆိုရင် ဘယ်ရောက်မလဲ။ (အပါယ်ရောက်မှာပါ) မလွတ်ချင်ဘူးလား။ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ကို လွတ် မြောက်ခွင့် ပေးပြီးသွားပြီ။ ဘာကြောင့်လည်းဆိုတော့။ ကျွန်တော်တို့ ငရဲက လွတ်မြောက်အောင် လုပ်ပေးပြီး သွားပြီ။
ယနေ့ ကျွန်တော်တို့ဟာ တရားရဲ့သဘောသဘာဝနဲ့ လွတ်မြောက်ခြင်းကို သိပြီဆိုရင် ယနေ့ကစပြီး အလုပ်ထွက်ပေတော့။ လောကနဲ့စပ်ဆိုင်တဲ့ အရာတွေကို ဘာမှမလုပ်ဘဲနဲ့ တရားကျင့်ကြံ အားထုတ် မယ်ဆိုရင် မကောင်း ဘူးလား။ အကယ်လို့ ကျွန်တော်တို့က လွတ်လမ်းသိရဲ့နဲ့ အားမထုတ်ဘူးဆိုရင် လွတ်ပါ့မလား။ မလွတ်တဲ့အပြင် မနက်ဖြန်၊ သဘက်ခါ၊ ဖိတ်နွဲခါ ဆက်လက်ပြီးတော့ စီးပွားရှာနေဦးမယ်၊ ဘ၀တိုး တက်မှုတွေကို ရှာနေဦးမယ်ဆိုရင် ဘာတွေနဲ့ရှာနေမှာလဲ။ လောဘတွေနဲ့ ရှာနေမယ်။ အဆင်မပြေရင် ဒေါသတွေနဲ့ ရှာနေမယ်။ ဘာတရားတွေနဲ့လဲ။ အကုသိုလ်တရားတွေနဲ့။ ဒါဆိုရင် တစ်နေ့ထက်တစ်နေ့ ဘာတွေပဲ ကြီးကြီးလာသလဲ။ အကုသိုလ်တွေပဲ ကြီးကြီးလာတယ်။ အကုသိုလ်ကြီး ရင် ဘာတွေထပ်ကြီး လာသလဲ။ဒုက္ခတွေကြီးလာတယ်။ အဲဒီဒုက္ခရဲ့အဖိုးအခကို ငရဲမှာ အကြီး အကျယ် ပေးဆပ်ရမယ်။ လွတ်လမ်း မရှိဘူး’။
ဤစကားရပ်က ဗုဒ္ဓဘာသာဝင်များအနေဖြင့် သံသရာကလွတ်ရေးကိုဦးစားပေးပြီး မဂ္ဂင်ရှစ်ပါး အကျင့် များကို မကျင့်မပွားဘဲ မိမိဘ၀ တိုးတက်ကြီးပွားအောင်မြင်ရေးကို ရှေးရှုဆောင်ရွက်နေမည် ဆိုပါလျှင် သံသရာ ၀ဋ်မှ မလွတ်ကင်းနိုင်။ ခရစ်ယာန်ဘာသာကား မိမိတို့ဘ၀ တိုးတက်ကြီး ပွားအောင်မြင်ရေးကို ဆောင်ရွက် ရင်းဖြင့်လည်း လွတ်မြောက်နိုင်သည်ဟု ဆိုလိုရိပ်ထွက်နေပါသည်။
ရှင်မဿဲခရစ်ဝင်(၁၉။ ၂၃၊ ၂၄)၌ ‘ ငါအမှန်ဆိုသည်ကား။ ငွေရတတ်သောသူ သည် ကောင်း ကင်နိုင်ငံ တော်သို့ ၀င်ခဲလှ၏၊ တဖန်ငါဆိုသည်ကား။ ကုလားအုတ်သည်အပ်နဖားကို လျှိုလွယ် ၏၊ ငွေရတတ်သော သူသည်ဘုရားသခင်၏ နိုင်ငံတော်သို့ ၀င်ခဲသည်ဟုတပည့်တော်တို့အား မိန့်တော်မူ ၏၊’ ဟု ပါရှိသည်။ ဓမ္မ ဆရာက ဤကျမ်းလာစကားကိုမည်သို့ အဓိပ္ပာယ်ကောက်ယူပါသနည်း။
သူ၏ နောက်ဆုံး ဘာသာရေးဆွဲဆောင်သော စကားလုံးတို့ကား ဤသို့ပါတည်း။
‘သေသေချာချာ နားထောင်မယ်နော်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ လုပ်ဆောင်မှုကို ယုံကြည်ရင် အကျိုးပေး တယ်။ ဘာအကျိုးလဲ။ ဒုက္ခက လွတ်မြောက်ရခြင်းဆိုတဲ့ အကျိုး။ ယေရှုခရစ်တော်ဟာ အပြစ်သားတွေ ငရဲကျ ဒုက္ခ အကြီးအကျယ်ရောက်ရမယ့် ဘေးကလွတ်မြောက်အောင် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီး သုံးရက် မြောက်သောနေ့မှာ ရှင်သန် ထမြောက်ခဲ့တယ်။ သူ့ရဲ့ လွတ်မြောက်မှုကို ယုံကြည်ရင် ဘာပေးမလဲ။ (အကျိုးပေးတယ်။) ဘယ်က  လွတ်မြောက်တာလဲ။ (ဒုက္ခကလွတ်မြောက်တာ) ဒါဆိုရင်အဓိကက ကျွန်တော်တို့က ဘာလဲဒုက္ခကလွတ်မြောက်ဖို့။
အဲဒီတော့ ကျွန်တော်တို့တွေ အကျိုးပေးတဲ့အလုပ်ကို ယုံကြည်ပါ။ ဒါပေမယ့် ဗုဒ္ဓကိုယုံကြည်ရင်...... တစ်ခုရှိတာက ယုံကြည်တဲ့အတိုင်း ကျင့်ကြံ အားထုတ်မှ ဒုက္ခကလွတ်မှာ။ ဒီဘက်ကကျတော့ အဲ့ဒီလို မလုပ်နိုင်တဲ့ သူတွေအတွက် လွတ်မြောက်ခွင့်ကိုမေတ္တာတရားနဲ့ လုပ်ဆောင်ပေး သွားတယ်။ လွတ်ဖို့က အရေးကြီးတယ်။ ဘယ်ထဲကလွတ်တာလဲ၊ (ဒုက္ခကလွတ်တာ) အဲဒီတော့ယေရှုခရစ်တော်ကို ယုံကြည်ရင် ဒုက္ခက လွတ်မြောက်မယ်။ ဒါကြောင့် ကျွန်တော်တို့က ပြောတာ။ ယေရှုခရစ်တော်ကို ယုံကြည် ပါလို့။’
ဤစကားတို့က အဓိပ္ပာယ်အဘယ်သို့ သက်ရောက်သွားကြောင်း ဓမ္မဆရာစဉ်းစားမိဟန် မတူပါချေ။’ မိမိတို့ ဘာသာသည်အကျင့်မပါဘဲ ယုံကြည်ရုံမျှဖြင့် လွတ်မြောက်နိုင်သော ဘာသာဖြစ်သည်” ဟုဆိုလိုရာ ရောက်နေပါသည်။ မိမိဘာသာကို သေးသိမ်အောင်ပြောရာရောက်သွားပါသည်။ အကြောင်း မှာ’ အကျင့်မပါဘဲ ယုံကြည်မှုသက်သက်ဖြင့် မလွတ်မြောက်နိုင်ကြောင်း’ ကို သမ္မာကျမ်းစာများ၌ ဖော်ပြ ထားပါသည်။
‘ထိုပညတ္တိကျမ်းစာအတိုင်းကျင့်မည်ဟု ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ နေ့ညဥ့်မပြတ် ဘတ်ရွတ် အပ်သည်’ (ယောရှုမှတ်စာ၊ ၁။ ၈)
"ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ကရုဏာကို ပြသော ဘုရားဖြစ်၏။  (ထွက်မြောက်ရာကျမ်း-၂၀။ ၆)
‘ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့၊ အာဏာတော်ကို မဆန်နှင့်။ သင်တို့ ပြစ်မှား သော အပြစ်ကို သူသည် မလွတ်၊ ငါ့နာမတော်သည် သူ၌တည်ရှိ၏။ အကယ်စင်စစ် သင်သည် သူ့ စကားကို နားထောင်၍ ငါ ပညတ်သမျှအတိုင်းပြုလျှင် သင်၏ရန်သူတို့ကို ငါရန်ဘက်ပြုမည်။ သင့်ကို ဆီးတား သော သူတို့ကိုလည်း ငါဆီးတားမည်။’ (ထွက်မြောက်ရာကျမ်း-၂၃။ ၂၁၊ ၂၂)
‘ငါ့ညီအစ်ကိုတို့ တစ်စုံတစ်ယောက်သောသူက ငါသည် ယုံကြည်ခြင်းရှိသည်ဟု ပြောလျက် အကျင့် ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။ ညီအစ်ကို နှမတို့သည် အ၀တ်အချည်းစည်းရှိ၍ နေ့တိုင်းစားရသော အစာမရှိသော အခါသင်တို့တွင် တစ်စုံ တစ်ယောက် သောသူက ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့၊ ၀ကြလော့ ဟု ပြောလျက် သူတို့ ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုနည်းတူ အကျင့်နှင့်ကင်းသော ယုံကြည် ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။’ (ရှင်ယာကုပ်သြ၀ါဒ စာ-၂။ ၁၄၊ ၁၅၊ ၁၆၊ ၁၇)
ဤကျမ်းချက်များကို ထောက်ရှုလျှင် ခရစ်ယာန်ဘာသာသည်လည်း အကျင့်မပါဘဲ ယုံကြည်မှု သက်သက်ဖြင့် မလွတ်မြောက်နိုင်ကြောင်း ထင်ရှားပါ၏။ သို့ပါလျက် အကျင့်မပါဘဲ ယုံကြည်မှု သက်သက်ဖြင့် လွတ်မြောက်နိုင်သည်ဟု ဆိုခြင်းမှာ သူကိုယ်တိုင်ပင် ရေသာခို အချောင်လိုက်တတ်သော ဘာသာရေး စိတ်ဓာတ် ရှိနေခြင်းကြောင့်ပေလောဟု တွေးဆဖွယ်ဖြစ်လာပါသည်။
အလျဉ်းသင့်၍ သူ၏ ပင်ကိုယ်ဘာသာရေးစိတ်ဓာတ် အကဲခတ်မိနိုင်မည့်အချက်ကို သူ၏’ ကံ၊ ကံ၏ အကျိုးတရား’ ဟောပြောချက်ထဲမှ ထုတ်နှုတ်ဖော်ပြလိုက်ပါ၏။
‘ကိုယ်နေမကောင်းတဲ့အခါ ဘယ်ဆရာနဲ့ပဲကု၊ ကု။ ဘယ်ဆရာဝန်ပဲကု၊ ကု။ နေကောင်း သွားဖို့က အရေးကြီးတယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒီလိုပဲ ဒုက္ခကလွတ်မြောက်ဖို့အတွက် ဘယ်ဘုရားပဲကယ်၊ ကယ်။ အရေးကြီးတာက ဒုက္ခက လွတ်မြောက်ဖို့ပဲ။’ ဟု ပြောထားပါသည်။
ဤစကားသည်သူ၏ ပုဂ္ဂလိကကိုယ်ပိုင် အယူအဆဖြစ်၍ မှားသည်မှန်သည်ဟု ထောက်ပြ ဝေဖန်မှု မပြုလိုပါ။
သို့သော် ကံကံ၏အကျိုး ဟောပြောချက်ထဲမှာ ‘လူဆိုသည်မှာ တွေးခေါ်ဆင်ခြင်ဉာဏ် ရှိသော ခြေနှစ် ချောင်းသတ္တ၀ါဖြစ်သည်’ ဟု ရှင်းပြထားပါသည်။ ထို့ကြောင့် ဆရာရမ်းကုများနှင့် မကြုံတွေ့ ရလေအောင် ဆရာကို တွေးခေါ်ဆင်ခြင်ဉာဏ်ဖြင့် စိစစ်ရွေး ချယ်ပြီး ကုသမှု ခံယူသင့်ပါကြောင်း စေတနာ အမှန်ဖြင့် အကြံ ပြုအပ်ပါသတည်း။


ဓမ္မရံသီ၊ အမှတ်စဉ်(၂၇၂)၂၀၁၂ ခုနှစ်၊ သြဂုတ်လ။