ဆေးကု၍မရပါ
ထိုနေ့က ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျက် သရဏဂုံမတည်ကြောင်းကို
ရှက်ရကောင်းးမှန်းမသိ ဂုဏ်ယူ ၀င့်ကြွားစွာ ပြောဆိုသူနှစ်ဦးနှင့် တိုက်တိုက်ဆိုင်ဆိုင်
တွေ့ကြုံရ၏။ တစ်ဦးမှာ စာရေးသူရွာမှ အသက်အားဖြင့် (၇၀) ကျော်ပြီဖြစ်သောဒါယိကာမကြီး
ဖြစ်သည်။ သူကိုယ်တိုင်ဆွမ်းလာပို့သဖြင့်-
“သားသမီးများ မြေးများ ဘယ်သွားကြလို့လဲ”
ဟု မေးမိသည်။
သားသမီးများ မြေးများ မအားကြကြောင်းနှင့်
မြေးတစ်ဦး၏ ကျန်းမာရေးမကောင်းပုံကို လျှောက်ထား ပါလေတော့သည်။
“ဟိုတစ်လောကမြေးအကြီးကောင်ခါးရိုးကိုက်လို့အိပ်ရာထဲကထတောင်
မထနိုင်ဘူး။ အဲဒါဟိုမေး ဒီမေးနဲ့စုံနေတာပဲလုပ်လိုက်ရတာ။ ဘယ်လိုမှမသက်သာဘူး။ မအူခုံကိုသွားပြီး
နတ်မေးတော့မှ ‘လယ်ထဲက ဖမ်းထားတာ ကျွေးလိုက်’ ဆိုတာနဲ့ ကျွေးလိုက်တော့မှပဲ ကောင်းသွားတော့တယ်ဘုရား”
“တော်တော်အံ့သြစရာကောင်းတာပဲနော်”
“ဟုတ်တယ်ဘုရား”
“ဦးဇင်း အံ့သြတယ်ဆိုတာကရောဂါပျောက်သွားတာကိုအံ့သြတာမဟုတ်ဘူး။
ဒီလိုဖမ်းစားတတ်တဲ့ ဟာတွေက ဗုဒ္ဓဘာသာဝင်ဆိုသူတွေကိုသာရွေးချယ်ပြီး ဖမ်းစားတတ်လို့အံ့သြနေတာ။
သူတို့မှာဘာသာဝင် ဦးရေ အတိအကျ ရှိတယ်နဲ့ တူတယ်နော်”
“အနီးအနားရှိ ဘာသာခြားများမှာ ထိုကဲ့သို့ယုံကြည်မှုမျိုး၊
ဖမ်းစားခံရသည်မျိုး၊ ဆောင်ရွက်မှုမျိုး မရှိ သည်ကို ရည်ရွယ်၍ပြောလိုက်ခြင်း ဖြစ်သည်။
ထိုအခါ-
“အရှင်ဘုရားကသာမယုံတာ၊ တပည့်တော်မတို့ကလက်တွေ့ပါဘုရား”
ဟုဆိုပါလေ၏။
“ကဲဒကာမကြီးကိုမေးပါအုံးမယ်။ ဘာရောဂါဖြစ်ဖြစ်ဒါတွေကြောင့်လို့ယုံကြည်တဲ့သူနဲ့မယုံကြည်တဲ့သူ၊
ဘယ်သူကအကုသိုလ်ကင်းမလဲ၊ စဉ်းစားပြီးဖြေစမ်းပါအုံး”
“ဒါကတော့ ဒါပေါ့ဘုရား။ ဘယ်တတ်နိုင်မလဲ”
ဟု ဆိုကာ ဦးချကာ ပြန်သွားပါလေသည်။
ထိုဒါယိကာမကြီးသည် “ဘာရောဂါဖြစ်ဖြစ်ဒါတွေကြောင့်ဟုယုံကြည်သူများအဖို့ဖမ်းစားသည်ဆိုသည့်
အရာ၌အမျက်ဒေါသထွက်ခြင်း၊
သူတစ်ပါးအသက်ကိုသတ်ဖြတ်၍ကျွေးရခြင်းတို့ကြောင့်အကုသိုလ်သာတိုးပွား
နိုင်ပြီး၊
မယုံကြည်သူများအဖို့ထိုကဲ့သို့အလားတူအကုသိုလ်ကံများ ကင်းဝေနိုင်ကြောင်း” ရှင်းပြမည့်စကားကိုပင်
နားထောင်နိုင်စွမ်း
မရှိပါချေ။
_ _ _ _ _ _ _ _ _ _ _
_
ဆွမ်းစားအပြီး စီရွာကျောင်းသို့ ကိစ္စရှိသဖြင့်
သွားသည်။ ထိုစီရွာကျောင်းတွင် အသိဒကာတစ်ဦးနှင့် တွေ့ကြုံပါလေ၏။ ထိုဒကာကို “မတွေ့တာကြာပြီ၊
ဘယ်သွားနေတာလဲ” ဟု စကားစမိပါသည်။
အိမ်တိုင်ကျင်းတူရာတွင် ပေါင်တွင်းကြောထဲက
ငန့်ခနဲဖြစ်ပြီး မထနိုင်တော့ဘဲ ရက် (၂၀) လောက် ၀မ်းလျားမှောက်ပြီး ထမင်းစားရကြောင်း၊
ပြည်က အထူးကုသမားတော်ကြီးထံ သွားပြောတော့အကြောညပ်တာ လို့ပြောကြောင်း၊ သောက်ဆေးများ၊
လိမ်းဆေးများ ပေးလိုက်သော်လည်း သိပ်ထူးခြားမှု မရှိကြောင်း၊ နောက် ဂွေးချိုမှခေါင်းစွဲဆရာက]]အိမ်ခြံထဲမှာကျင်းတစ်ခုရှိလိမ့်မယ်၊
အဲဒီကျင်းထဲမှာဝက်သားတစ်ပိဿာကျွေးလိုက် ပါ” လို့ ခိုင်းတာနဲ့ ကျွေးလိုက်လို့ ပျောက်ကင်းသွားကြောင်း
စီကာပတ်ကုံး ရှင်းပြနေလေသည်။
“ဒကာ့စကားကြားတော့ဦးဇင်းရဲ့ဇာတိရွာကသီလရှင်ကြီး
ပြောတဲ့စကား သွားပြီး အမှတ်ရမိတယ်”
“သီလရှင်ကြီးက ဘယ်လိုများပြောလို့လဲဘုရား”
အဖိတ်နေ့တစ်နေ့မှာ ဆွမ်းဆန်ရပ်ထွက်ရင်း
သီလရှင်ကြီးကိုခွေးကိုက်ခံရတယ်လေ။ အဲဒီလိုခွေးကိုက် ခံရတော့သူ့ကိုခင်မင်ရင်းနှီး ကြည်ညိုကြတဲ့သူတွေက
‘အဖွား၊ ခွေးကိုက်ခံရလို့ဆို။ ဘယ်လောက်များသလဲ’ နဲ့ မေးမြန်းကြတယ်။ မေးမြန်းကြသူတိုင်းကိုသီလရှင်ကြီးက
‘ရှက်ဖို့ကကောင်းသနဲ့၊ မမေးကြပါနဲ့ကွယ်’ လို့ဆိုလေ့ ရှိတယ်။
“ဒီတုန်းကစာရေးသူက ကျောင်းသားဘ၀ခပ်ငယ်ငယ်ရယ်။
‘အဖွားကလဲခွေးကိုက်ခံရတာရှက်စရာ လိုက်လို့’ လို့ပြောမိတယ်။ သီလရှင်ကြီးကဘာပြန်ပြောတယ်မှတ်သလဲ။
‘ငါ့မြေးနှယ်၊ရှက်စရာကောင်းတာပေါ့။ သူတော်ကောင်းအ၀တ် ၀တ်ထားပြီး မေတ္တာခေါင်းပါးတာ လူသိတာပေါ့’
လို့ ပြန်ပြောတယ်။
“ခုလဲဒကာကကိုယ့်ကိုယ်ကိုဗုဒ္ဓဘာသာဖြစ်နေပြီး
သရဏဂုံမတည်တာလူသိခံသလိုဖြစ်နေပြီ” ဟု ပြော လိုက်ပါသည်။
“မဆိုင်လောက်ပါဘူးဘုရား” ဟု ဆိုလေ၏။
“ဦးဇင်းက ဘုရားဟောဒေသနာတော်နဲ့ အညီပြောတာ၊
ဒါကို မဆိုင်လောက်ပါဘူးဆိုတော့ သရဏဂုံ မတည်တာထောက်ခံနေသလိုဖြစ်နေပြီပေါ့။ ဘုရားရှင်သက်တော်ထင်ရှားရှိတော်မူစဉ်ရာဇဂြိုဟ်ပြည်ကထင်း
လှည်းသမား သားအဖနှစ်ဦးအကြောင်း ကြားဖူးတယ်မဟုတ်လား”
“မှန်ပါ့၊ ကြားဖူးပါတယ်ဘုရား”
“အင်းလေ၊ ကြားဖူးကြသူတွေတော့များပါတယ်။
အတုယူလိုက်နာရကောင်းမှန်းသာမသိကြတာပါ။ အဲဒီထင်းလှည်းသမား သားအဖနှစ်ယောက် တောထဲထင်းခုတ်သွားရာကအပြန်
သုသာန်တစ်ခုအနီးမှာ ထမင်း စား အပန်းဖြေသဘောနဲ့နားနေခဲ့တယ်။ အဲဒီအခိုက်နွားတွေကိုဖြေလွှတ်ထားတာနွားတွေမြို့ထဲပြန်ဝင်သွား
ကြလို့ဖခင်ဖြစ်သူကနွားတွေကိုသွားဖမ်းရတယ်။
“အပြန်မြို့တံခါးပိတ်ထားတဲ့အတွက် သားတစ်ဦးတဲသုသာန်အနီးက
လှည်းအောက်မှာ အိပ်ရရှာတယ်။ အဲဒီမှာ ဘီးလူနှစ်ကောင်ရောက်လာပြီး တစ်ကောင်ကကလေးကိုစားဖို့ဆွဲတယ်။
ကလေးက ‘နမောဗုဒ္ဓဿ’ လို့ ရွတ်လိုက်လို့ ဘီလူးစားမယ့် ဘေးရန်က လွတ်ကင်းသွားတယ်။ ဒါ့အပြင်
ဘီလူးက ဘုရင်ပွဲတော်ဆက်တဲ့ ရွှေခွက်နဲ့ ဘောဇဉ်တွေယူဆောင်ကျွေးမွေးပြီး တစ်ညလုံး စောင့်ရှောက်ထားခဲ့ကြတယ်။
“အဲဒီကလေးဟာဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။
သူနဲ့ကစာားဖော်ဗုဒ္ဓဘာသာဝင်ကလေးငယ်တစ်ဦးက သူနဲ့ခုံညင်းထိုးတဲ့အခါ]နမောဗုဒ္ဓဿ} လို့ရွတ်ဆိုထိုးတိုင်း
အနိုင်ရတာကိုအားကျအတုယူပြီး အလေ့အကျင့် ပြုလုပ် ရွတ်ဆိုနေတာ။
“ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ကလေးငယ်တစ်ဦးတောင်
ဘုရားဂုဏ်တော် ရွတ်ဆိုရုံမျှနဲ့ ဘီလူးစားမယ့် ဘေးရန်က လွတ်ကင်းခဲ့ပါသေးတယ်။ ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်ဖြစ်ကြသူတွေက
အလားတူအန္တရာယ်တွေ တွေ့ကြုံနေကြတာဟာ မျောက်အုန်းသီးရသလိုဖြစ်နေကြဟန်တူပါရဲ့။
“နံနက်မိုးသောက်အလင်းရောက်လို့ဘုရင်ပွဲတော်ဆက်တဲ့ရွှေခွက်ပျောက်တာသိကြပြီး
လိုက်လံရှာဖွေ တဲ့အခါ သုသာန်အနီး ကလေးငယ်တစ်ဦးထံမှာ တွေ့လို့ စစ်ဆေးမေးမြန်းဖို့ ဘုရင့်ထံ
ဖမ်းဆီးခေါ်ဆောင် သွားကြ တယ်။ ဗိမ္ဗိသာရမင်းကြီးဟာဘီလူးတို့ အာနုဘော်နဲ့ ရွှေခွက်မှာရေးထားတဲ့
အက္ခရာများကို မြင်ရုံနဲ့အဖြစ်သနစ်စုံကို သိရှိသွားတယ်။
“ဒါကြောင့်ဘုရားရှင်ထံ သွားရောက်ပြီးတော့
‘အရှင်ဘုရား၊ ဗုဒ္ဓါနုဿတိသည်သာလျှင် အစောင့် အရှောက်ဖြစ်နိုင်ပါသလား၊ ဓမ္မာနုဿတိတို့သည်လည်း
အစောင့်အရှောက်ဖြစ်ပါသေးသလား ဘုရား’ လို့မေးလျှောက်တယ်။
“မြတ်စွာဘုရားက ‘ဒကာတော်မင်းကြီး၊ ဗုဒ္ဓါနုဿတိသည်သာ
အစောင့်အရှောက်ဖြစ်စေသည်မဟုတ်၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ ကာယဂတာသတိနဲ့၊ သတ္တ၀ါများအပေါ်
ကရုဏာထားမှု၊ မေတ္တာပွားမှုရယ်လို့ ခြောက်မျိုးရှိတယ်။ ထိုခြောက်မျိုးတို့စိတ်မှာကောင်းစွာပွားများထားပါလျှင်လည်း
အစောင့်အရှောက် ဖြစ်နိုင် တယ်’လို့ ဟောကြားတော်မူတယ်။
‘”ဲဒီခြောက်မျိုးမှာ ‘စိတ်ကို ကောင်းစွာပွားများထားပါလျှင်
ထိုသူတို့အား တစ်ပါးဖြစ်သော အစောင့် -
အရှောက်
ပိတ်ပင်တားမြစ်ခြင်းဖြင့်လည်းကောင်း၊ မန္တန်ဆေးဝါးတို့ဖြင့်လည်းကောင်း ပြုလုပ်ဖွယ်မရှိတော့ပြီ’
လို့
အာမခံချက်
ပေးထားပါသေးတယ်။ (တေသံ အညေန ရက္ခာဝရဏေန ၀ါ အန္တောသဓေဟိ ၀ါ ကိစ္စံ နတ္ထိ)
“အဲဒီဓမ္မပဒအဋ္ဌကထာမှာပဲ အမြဲမပြတ်မစွမ်းနိုင်သော်
တစ်နေ့သုံးကြိမ်၊ သို့မဟုတ်နှစ်ကြိမ်၊ သို့မဟုတ် တစ်ကြိမ်မျှ အောက်မေ့အမှတ်ရပွားများပါလျှင်
အစောင့်အရှောက်ဖြစ်နိုင်ပါတယ်လို့ ဖွင့်ပြထားတယ်။ အဲဒီ လောက်ကိုပဲ လျှော့လျှော့ပေါ့ပေါ့
ဆိုထားတာ။
“ဗုဒ္ဓဘာသာဝင်ဖြစ်နေပြီး ရတနာသုံးပါးကို
တစ်နေ့တစ်ကြိမ်လောက်မှ အောက်မေ့အမှတ်ရမှုမရှိလို့သာ ခုလို အဖမ်းခံထိပြီးဟိုကျွေးရ၊ ဒီကျွေးရနဲ့အလုပ်တွေ
ရှုပ်နေတာပေါ့။ ဒါကိုရှက်ရကောင်းမှန်း မသိဘဲပြောဆို နေတာဟာ ကိုယ့်နူနာ လူတကာလိုက်ပြနေတာနဲ့
အတူတူပဲပေါ့”
ထိုဒကာအား အချိန်ရသဖြင့်အကျယ်တ၀င့်
ရှင်းလင်းပြောပြခဲ့ပါသည်။ သို့သော်ထိုဒကာမူကား...။
အမှတ် ၁၄၆၊ ၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဓမ္မရတနာမဂ္ဂဇင်း။
No comments:
Post a Comment