Tuesday, January 22, 2013

၈၁၊ ဂနက်ရှ်နဒီသို့

       ၈၁၊ ဂနက်ရှ်နဒီသို့
စာရေးသူတို့ ငယ်စဉ်က လက္ခဏာဗေဒင်ဆရာကြီးတစ်ဦးသည် အထူး နာမည်ကျော်ကြားခဲ့ပါသည်။ သူရေးသားခဲ့သော ‘ဘ၀ခရီးနှင့်အတွေ့အကြုံများ’ စာအုပ်ကိုဘာသာရေး စာစောင်တစ်စောင်က အခန်း ဆက် ပြန်လည်ဖော်ပြသဖြင့် ဖတ်ခွင့်ရခဲ့ပါသည်။
ထိုစာစောင်ပါ အကြောင်းအရာများထဲမှ ဆရာကြီး အိန္ဒိယပြည်သို့ ပညာသင်သွားခြင်း အခန်းပါ အကြောင်းအရာတချို့မှာ အထူး စိတ်ဝင်စားဖွယ်ကောင်းသဖြင့် ကောက်နှုတ်ဖော်ပြပါမည်။ ဆရာကြီးသည် ဘုရားလည်းဖူးရန် ပညာလည်းရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၂-ခုနှစ်၊ ဇန်န၀ါရီလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။
ဤတွင်နဒီဗေဒင်နှင့် ပတ်သက်၍ အံ့သြဖွယ်ကြုံတွေ့ခဲ့ရပုံများ အကြောင်းကို တခမ်းတနား ဖော်ပြ ထားလေသည်။
_ _ _ _ _ _ _ _ _ _ _ _
အထူးကံကောင်းသည်မှာ ဆူလီပတန်မြို့တွင် ရှိတုန်းက ဗေဒင်ဆရာကြီး ဒေါက်တာရောင်း က ဗေဒင်ကျမ်းများရှိသော နေရာနှစ်ခုကို ညွှန်ပြလိုက်သည်။ တစ်ခုမှာ(သုခနဒီ)ဟုခေါ်သည်။ သုခအမည် ရှိသော ဈာန်အဘိညာဉ်ရသော ရသေ့ကြီးက ဟောသွားသော ဗေဒင်ဟောစာတမ်းများ ဖြစ်သည်။ တစ်ခု က ဂနက်ရှ်နဒီဖြစ်သည်။ ဈာန်အဘိညာဉ်ရသော ဂနက်ရှ်အမည်ရှိရသေ့ကြီးက ရေးသွားခြင်း ဖြစ်သည်။
နဒီဗေဒင်အဟောများမှာ မြန်မာပြည်ရှိ ပေစာများကဲ့သို့ ပေရွက်တွင်ရေး၍ မြန်မာဘုန်းကြီး ကျောင်း များရှိ ပေထုပ်များကဲ့သို့ တစ်ထွာတစ်မိုက်မြင့်သော အထုပ်ပေါင်းများစွာရှိသည်။
ပေထုပ်များထဲတွင် ဗေဒင်မေးလာသူ၏ အကြောင်းအရာ၊ အဖေနာမည်၊ အမေနာမည်မှ စ၍ လွန်ခဲ့သော ဘ၀ကအကြောင်း၊ ယခုဘာဖြစ်နေသည့်အကြောင်း၊ ရှေ့ကိုဘာဖြစ်မည့်အကြောင်းများကို အံ့သြဖွယ်ရာရေးထား ခဲ့သည်။ ပြောလျှင် ယုံနိုင်မည် မဟုတ်ချေ။
နဒီပေစာများမှာ အဟောကိုသိလိုလျှင်မိမိ၏ ဇာတာခွင်ကိုလည်းကောင်း၊ သို့မဟုတ်မိဿလဂ်၊ ပြိဿလဂ်စသည် ပြောရသည်။ သို့မဟုတ် လက္ခဏာကိုပြရသည်။ ထိုစာကို ဘာသာပြန်သူက ဤကဲ့ သို့ ထောင်ပေါင်းများစွာသော ပေထုပ်ထဲမှ မိမိအတွက်ဟောစာတမ်းကို ရှာဖွေ၍ ယူလာသည်။ ရှာဖွေခ ၅-ကျပ်ပေးရသည်။
နောက်ဆုံး မိဘနာမည်နှစ်မျိုးနှင့်တကွ အကြောင်းစုံပါသော ပေထုပ်ကိုရသည်။ အလွန် အံ့သြ စရာ ကောင်းသည်မှာ အဖေ အမေ မရှိသော လူတစ်ယောက်သည် ဗေဒင်ကျမ်းများရှိရာသို့ ရောက် လာမည်ကို မည်ကဲ့သို့ သိသနည်း။ စဉ်းစားကြည့်လျှင်လုံးဝအံ့သြစရာဖြစ်သည်။
ဥပမာ-ကျွန်ုပ်၏ အဖေသည်ဦးခ၊ အမေနာမည်ဒေါ်ခဖြစ်သည်။ အဖေသည် ၀ါဂွမ်း ကုန်သည်ဖြစ် ပါသည် ဟုပါသည်။ အမေသည် ကုန်မျိုးစုံရောင်းဝယ် လုပ်ကိုင်ပါသည်ဟု ပါသည်။ အလွန် တိကျသည်။
ကျွန်ုပ်ကိုဟောရာတွင် ကျွန်ုပ်သည်၁၀-အောင်သည်။ ဆရာဖြစ်အောင်သည်။ လုပ်ငန်းအမျိုးမျိုး လုပ်သည်။ စာရေးလည်း ၀ါသနာပါသည်မှစ၍ နောက်ကအဖြစ်များကို အားလုံးပြောပြသည်။ မည်သည့်နှစ် တွင် သေလုနီးပါး မည်သည့်ရောဂါဖြစ်ကြောင်း အံ့သြဖွယ်ပါသည်။ ထိုမျှမကသေး၊ သင်သည် ၃၆-နှစ်က စ၍ ဗေဒင်ဆရာဖြစ်လာသည်။
တစ်လတွင်ဝင်ငွေမည်မျှရသည်ကိုအတိအကျရေးထားသည်။ အံ့သြ၍မကုန်နိုင်အောင်ပါ။
_ _ _ _ _ _ _ _ _ _ _ _
သုခနဒီမှာ ချစ်တီးစာဖြင့် ရေးထားသည်။ ဂနက်ရှ်နဒီမှာ တမေလ်ဘာသာဖြင့် ရေးထားသည်။ ကျွန်ုပ်သည် လမ်းပြလုပ်သော ဘီအေအောင်သည့် တမေလ်လူမျိုးလေးတစ်ယောက်ကို တစ်နေ့၅-ကျပ်ဖြင့် ငှားထားသဖြင့် သူကတမေလ်ဘာသာမှ အင်္ဂလိပ်ဘာသာဖြင့် ပြန်ပေးသည်။
_ _ _ _ _ _ _ _ _ _ _ _
..........တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်သော နဒီအဟောများဖြစ်သည်။ ဟောစာတမ်းကို ဈာန် အဘိညာဉ်ရသောရသေ့ကြီးများ ရေးထားခဲ့ခြင်း ဖြစ်သည်။ ဟောပြောချက်များမှာအံ့သြဖွယ်မှန်ရုံမျှမဟုတ်။ ကမ္ဘာအရပ်ရပ်ကလူမျိုးပေါင်းစုံကုလား၊ မြန်မာ၊ အင်္ဂလိပ်၊ဂျာမန်မှစ၍နဒီရှိရာသို့ရောက်လာမည်ကို ဘယ်ပုံ သိသလဲ။ အဘယ့်ကြောင့်အဖေနာမည်၊ အမေနာမည်မှစ၍ တစ်လ၀င်ငွေ ဘယ်လောက် အထိ အမှန်ဟောနိုင်ပုံ ကို စဉ်းစားကြည့်လျှင် အံ့သြ၍ မဆုံးနိုင်အောင်ဖြစ်သည်။
မည်သည့်လောကဓာတ်ပညာနှင့်မှ ရှာဖွေတွေ့နိုင်မည်မဟုတ်။ ဗုဒ္ဓဘာသာအလိုအားဖြင့် ဈာန် အဘိညာဉ်တန်ခိုးသာဖြစ်သည်။ အကျင့်ပြင်းထန်သော၊ တရားပေါက်ရောက်သော ရသေ့ကြီးများ ရေး ထားခြင်း ဖြစ်သည်။
ပေစာများမှာအချို့ အနှစ်တစ်ထောင်ကျော်ပြီ။ အချို့အနှစ်သုံးထောင်ကျော်ပြီ။ အိန္ဒိယပြည်ရှိ မဒရပ်မြို့တွင်နှစ်နေရာ၊ ကွိုင်ဘာတိုမြို့တွင် တစ်နေရာသာရှိသည်။ နေရာတကာ ရှိသည့် ပစ္စည်းမျိုး မဟုတ်ချေ။ ထို့ကြောင့် မြန်မာပြည်မှသွားရောက်လိုသောသူများအတွက် လိပ်စာကို အောက်တွင် ထည့်ပေး လိုက်ပါသည်။
GANESHNADI
No.81.PADAWATTAMANKILSTREET.KOSAPET.MADRAS.INDRA.
_ _ _ _ _ _ _ _ _ _ _ _
တစ်ဆက်တည်းပင် ‘ပညာရှိတို့သည်မတုန်လှုပ်’ ဟုခေါင်းစဉ်တပ်ကာ၊ ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ လကုဏ္ဍက
ဝတ္ထုပါ-
‘တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသောလေကြောင့် မတုန် လှုပ် သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတို့ကြောင့်မတုန်လှုပ်ကုန်’ ဟူသော စကားရပ်ကို ထည့်သွင်း ဖော်ပြထားပါသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ထည့်ထားလေသည် မသိပါ။
မျက်မှောက်ခေတ်တွင် ဘာသာရေးမဂ္ဂဇင်း စာစောင်တို့ အလျှိုလျှိုပေါ်ပေါက်လာခြင်းအတွက် ၀မ်းမြောက်မိပါသည်။ ထေရ၀ါဒဗုဒ္ဓဘာသာသန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ရည်ရွယ်ချက်များ ထားရှိ သည်ဟု ဖော်ပြကြ၍ သိရသည့်အတွက်လည်း အားတက်စရာဖြစ်ပါသည်။ သို့သော် မိမိတို့ထားရှိသော ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်ရာ၌ဖြစ်ထွန်းမှုမှာ မူလရည်ရွယ်ချက်ဖြင့် ဝေးကွာသွားတတ်ကြသည်ကို လည်း တွေ့နေရပါသည်။
“အဖြာအဖြာ၊ နှီးနှယ်ဖြာ၍၊ ပညာရှေ့ထား၊ သဒ္ဓါအားဖြင့်၊ နှစ်ပါးညီစွာ၊ မျှစေရာ၏၊ သဒ္ဓါပညာ၊ သမာဝီရိ၊ စောင်းနှယ်ညှိလော့” ဟူ၍လည်းကောင်း-
     “ပညာမဖက်၊ သဒ္ဓါထက်က၊ နက်၏ဆင်းရဲ၊ အမြဲမှန်စွာ၊ သဒ္ဓါနုံ့ဆွန့်၊ တွန့်၍ ဉာဏ်ကွန်၊ ပညာလွန်သော်၊ ၀က င်္ံကောက်ကျစ်၊ ကျိုးမဖြစ်ဘူး” ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။
ဖော်ပြပါဆောင်းပါးကိုလည်း သဒ္ဓါပညာနှစ်ပါး အညီအမျှထားလျက်စဉ်းစားကြစေလိုပါသည်။ “သုခ နဒီမှာ ချစ်တီးစာဖြင့်ရေးထားသည်၊ ဂနက်ရှ်နဒီမှာတမေလ်ဘာသာဖြင့်ရေးထားသည်” ဟူသော အချက်နှင့် “ပေစာများမှာအချို့အနှစ်တစ်ထောင်ကျော်ပြီ၊ အချို့အနှစ်သုံးထောင်ကျော်ပြီ” ဟူသောအချက်တို့ကို အလေး အနက်ထား စဉ်းစားကြည့်စေလိုပါသည်။
ထိုချစ်တီးစာပေ၊ တမေလ်စာပေတို့မှာ လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ကျော်ကတည်းက စတင်၍ ပေါ်ပေါက်ခဲ့သည်- မပေါ်ပေါက်သည်တို့ကို လက်လှမ်းမမီ၍ အတိအကျမသိနိုင်ပါ။ သို့သော် ထိုစာပေအက္ခရာ တို့ကို ယခုခေတ်ဘီအေအောင်တမေလ်လူမျိုးတစ်ယောက်က ဖတ်နိုင်စွမ်းရှိသည် မှာ ဟောစာတမ်းပါ အကြောင်း အရာတို့ထက်ပင်အံ့သြဖွယ်ကောင်းလျက်ရှိပါသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၃၂၇-နှစ်ခန့်က ရေးထိုးထားသည့် အသောကခေတ် ကျောက်စာ တို့ကို ပင် ရှေးဟောင်းသမိုင်း သုတေသီတို့ ယနေ့တိုင်အောင် အလုံးစုံဘာသာပြန်ဆိုနိုင်စွမ်း မရှိသေးဟု သိရ ပါသည်။
ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော်ကရေးသားထားခဲ့ပါသော ပေထုပ်များ ယနေ့ တိုင်အောင် ပျက်စီးယိုယွင်းခြင်း မရှိသည်မှာလည်း အထူးအံ့သြဖွယ်ဖြစ်နေပြန်ပါသည်။
     လွန်ခဲ့သောနှစ်ပေါင်း ၂၁၀၆- နှစ်ခန့်ကသီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) တွင်ဝဋ္ဋဂါမဏိမင်း လက် ထက်၌ စတုတ္ထသင်္ဂါယနာတင်စဉ်အခါက ပေရွက်များပေါ်တွင် အက္ခရာများ ရေးထိုး၍ တင်တော်မူကြ သည်ဟု ဆိုပါသည်။
       ထိုမူရင်း ပေပိဋကတ်တော်များသည် ယနေ့ခေတ်တိုင်အောင် တည်ရှိနေသေးသည်ဟူ၍ကား မကြားရ ပါချေ။ ဤမျှဝေးကွာသောကာလကိုမဆိုထားလင့် လွန်ခဲ့သောနှစ်၉၅၀-ခန့်က အနော်ရထာ မင်းကြီး သထုံပြည်မှ ပင့်ဆောင်တော်မူခဲ့သောပေပိဋကတ်တော်များသည်ပင် ယနေ့တိုင်အောင် တည် ရှိနေသည်ဟု မကြားရပါချေ။
ထိုသို့ဖြစ်ရသည်မှာ ဂနက်ရှ်ရသေ့ကြီး၏ ရေရှည်တည်တန့်အောင် စီမံမှုနည်းစနစ်တို့ကို မ ရခြင်းကြောင့် ဖြစ်နိုင်ရာ၏။ ဂနက်ရှ်ရသေ့ကြီး၏ ရေရှည်ခံနည်းစနစ်တို့ကို စတုတ္ထသင်္ဂါယနာတင်  မထေရ်မြတ်တို့ အကယ်၍ ရရှိခဲ့ကြပါမူမူရင်းပေပိဋကတ်တော်များ တည်နေဦးမည်ဖြစ်၍ ပဉ္စမသင်္ဂါယနာ၊ ဆဋ္ဌသင်္ဂါယနာများ တင်ဖွယ်လို မည် မဟုတ်တော့ချေ- ဟူ၍များ ဆိုကြလေဦးမည်လား။
ဤမျှ အံ့သြဖွယ်ကောင်းသည်တို့ကို ကမ္ဘာ့စံချိန်စာအုပ်တွင် မှတ်တမ်းတင်ထားသည်- မထား သည်ကို မသိရပါ။ အိန္ဒိယနိုင်ငံသို့ရောက်သူများ ဆရာကြီးဖော်ပြထားသော လိပ်စာအတိုင်း သွားရောက် ၍ လေ့လာဖူးသူ ရှိသည်ဟူ၍ မဖတ်ရဘူး၊ မကြားရဘူး၊ မသိရဘူးပါ။ လေ့လာသင့်ကြလှပါသည်။
စာရေးသူအနေဖြင့်အခြားစာပေပညာရှင်များ ရေးသားသောစာပေများကိုဖတ်ရှုပြီး ဝေဖန်မှုမပြုလို သည်မှာ အမှန်ပင် ဖြစ်ပါသည်။ သို့သော် ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ၊ ပန်းပု အစရှိသော အနုပညာ ရပ်များမှာ လူတို့၏ စိတ်နှလုံးကိုအလွှမ်းမိုးနိုင်ဆုံးသော အရာများဖြစ်ခြင်းကြောင့် အရိပ်မည်းများ မလွှမ်းမိုးစေလိုသော ဆန္ဒမွန်ဖြင့် ‘ဆိုရေးရှိကဆိုအပ်စွ’ ဟူသည်နှင့်အညီ ဆိုရေးရှိ၍သာ ဆိုရခြင်းဖြစ်ကြောင်းပါ။ ။

အမှတ်စဉ် (၂၂၁) ၂၀၀၈-ခုနှစ်၊ မေလ၊ ဓမ္မရံသီမဂ္ဂဇင်း။

No comments:

Post a Comment