Sunday, January 13, 2013

လူးလွန့်လာသော အမှိုက်များ


လူးလွန့်လာသော အမှိုက်များ
(က)
မကြာသေးမီက နာဆာအာကာသစခန်းမှ ထုတ်ပြန်ကြေငြာသည်။ “နိုင်ငံတကာမှ လွှတ်တင်သော အာကာသယဉ်တို့၏ စွန့်ပစ်ပစ္စည်းများကြောင့်အာကာသအတွင်း ညစ်ညမ်းမှုများ ဖြစ်ပေါ်၍နေကြောင်း၊ ထိုညစ်ညမ်းမှုများကိုအချိန်မီတားဆီးကာကွယ်ခြင်း မပြုလုပ်နိုင်ပါကစိုးရိမ်ရဖွယ် အခြေအနေသို့ ဆိုက်ရောက် နိုင်ကြောင်း” အသိပေး ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
ထိုသတင်း၌ “နိုင်ငံတကာမှ” ဟုဆိုသော်လည်း ကမ္ဘာပေါ်ရှိနိုင်ငံများအားလုံး အာကာသအတွင်းသို့ အာကာသယာဉ်များ လွှတ်တင်နိုင်ခြင်း မရှိသေးပါ။ နိုင်ငံအနည်းစုသာလျှင်လွှတ်တင်နိုင်ခြင်းရှိပါသေး၏။ ထိုအနည်းစုဖြစ်သော အာကာသယာဉ်များကြောင့်ပင်လျှင်အာကာသအတွင်း ညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည် ဆိုပါကလား...။
ဤသို့ဆိုလျှင် ခေတ်ကာလကြာမြင့်လှပြီဖြစ်သော ဗုဒ္ဓဘာသာသာသနာမြတ်၌လည်း ဗုဒ္ဓဘာသာဝင် ဆိုသူများကြောင့် ညစ်ညမ်းမှု အန္တရာယ်များရှိ၊ မရှိဆက်စပ်အတွေးပွား စဉ်းစားကြည့်မိပါသည်။
ထိုအခါ ထေရ၀ါဒဗုဒ္ဓဘာသာဝင်အချို့သည် မိမိတို့၏ ဘာသာကို ညစ်နွမ်းစေနိုင်သည့် အယူဝါဒများ စွဲကိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။
အထက်ပုဂ္ဂိုလ်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဇာ၊ မယိ ဒ္ဓိ၊ ဥုံဖွဂါထာ၊ မန္တရား၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မှော်၊ စုန်း၊ ကဝေ၊ ပယောဂ၊ ဗေဒင်၊ အဂ္ဂိရတ်၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်၊ နိမိတ်၊ နတ်ပူဇော်မှုများ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် ထိုအယူဝါဒများကို တိရ စ္ဆာန၀ိဇ္ဇာ (တိရ စ္ဆာန်တို့၏ အတတ်) ဟု ဗြဟ္မဇာလ သုတ်၊ သာမညဖလသုတ်စသည်တို့၌ဟောကြားတော်မူခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ဘုရားရှင်ပယ်ရှားတော်မူ ခဲ့သော အယူဝါဒများကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအကြား၌ လိုက်နာကျင့်သုံးနေသူများ ရှိနေခြင်းကပင် သာသနာတော်၌ ညစ်ညမ်းမှုအန္တရာယ်များ ကျရောက်လျက်ရှိကြောင်း သိနိုင်ပါသည်။
ထိုအယူဝါဒများသည် မဟာယာနမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်း ဖြစ်၏။ ယခုမှ ၀င်ရောက်လာသည်တော့မဟုတ်။ သရေခေတ္တရာခေတ်(အေဒီ-၄ရာစု)ကပင်မဟာယာနရောက်ရှိနေသည်ဟု ယူဆရသော အထောက်အထားများ ရှိနေပါသည်။
သရေခေတ္တရာမြို့ဟောင်းမှ တွေ့ရှိရသော ဗောဓိသတ္တရုပ်ကြွ ကျောက်ဆစ်လက်ရာ၊ ဘောဘောကြီး စေတီ၌တွေ့ရသော အ၀လောကိတေသွာရ ကြေးရုပ်တု၊ ဘုရားကြီးစေတီအနီးမှ တွေ့ရှိရသော အရိမေတ္တေယျ-
ဘုရားလောင်းကြေးဆင်းတု၊ အ၀လောကိတေသွာရ ဘုရားလောင်း၏ ကြင်ယာတော်တာရာဒေ၀ီ၊ အရှေ့ဈေးဂူအတွင်းမှ တွေ့ရှိရသော ကျောက်ချပ်တွင်မြတ်စွာဘုရားကို ၀ဲယာရံလျက် မကိုဋ်ဆောင်း   ဗောဓိသတ္တ နှစ်ပါးပုံ၊ လေးမျက်နှာစေတီ တောင်ဘက်မုခ်ဗဟိုအူတိုင်နံရံတွင် ရုပ်ကြွဖော်ထားသော ကျောက်ပြားပေါ်၌ အရိမေတ္တေယျဘုရားလောင်းပုံနှင့် အ၀လောကိတေသွာရ ဘုရားလောင်းပုံများ ဖြစ်သည်။
ဖော်ပြပါအချက်အလက်များကို ထောက်ဆ၍ သရေခေတ္တရာခေတ်ကပင် မဟာယာနရောနှော နေကြောင်းသိရပါသည်။
(ခ)
အထက်မြန်မာနိုင်ငံရှိ ပျူမြို့တော်ဟောင်းများကို တူးဖော်ခဲ့သော်လည်း ပြည့်ပြည့်စုံစုံ သုတေသန မပြုလုပ်ရသေးသောကြောင့် ထိုပျူခေတ်တွင်မဟာယာနရောက်ရှိခြင်းရှိ၊ မရှိအတိအကျမသိသေးပါ။ ပုဂံ ခေတ်၌ကားသမိုင်းဝင်ဖြစ်ရပ်များ၊ သုတေသနအထောက်အထားများအရ မဟာယာနတစ်ဖြစ်လဲ တန္တရ၀ါဒ ထွန်းကားခဲ့ကြောင်းကို ပုဂံပေါ်တော်မူဘုရားရှိပန်းချီဆေးရေး၊ လောကနာထာသနပုံတော်များ၊ အပယ်ရတနာ လိုဏ်ဂူရှိနံရံဆေးရေးပန်းချီများ၊ ဗောဓိသတ္တပုံပါသည့်အုတ်ခွက်ဘုရားများကသက်သေခံလျက်ရှိပါသည်။
ထို့ပြင် ပုဂံခေတ်ဦးပိုင်း အရည်းကြီးတို့၏ အလေ့အကျင့်များကို ထောက်ဆ၍လည်း သိနိုင်ပါသည်။ အရည်းကြီးတို့၏ အလေ့အကျင့်များမှာ ပန်းဦးအလှူခံယူခြင်း၊ မြင်းမွေးခြင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့သတ်ခြင်း၊ သေရည်သေရက်သောက်ခြင်း၊ အဂ္ဂိရတ်ထိုးခြင်း၊ အင်းချခြင်း၊ မန္တန်စုတ်ခြင်း၊ယတြာစီရင်ခြင်း၊ စုန်းကဝေအတတ် တို့ကိုလေ့လာခြင်း၊ ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း၊ နတ်ပူဇော်ပသခြင်း၊ ၀ိဇ္ဇာမယိဒ္ဓိ အတတ်တို့ကိုလိုက်စားခြင်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်၊ နိမိတ်တို့ကို ယုံကြည်လိုက်နာခြင်းတို့ ဖြစ်သည်။ ထိုအရည်းကြီးတို့၏ ၀တ်စားဆင်ယင်ပုံကိုစလေဦးပုညက
“ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာလက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မည်းညစ်သည့်စီဝရံနှင့်
တာတေလံအကျင့်ဆိုးသောရှင်ဆိုးတကာ့ထိပ်ခေါင်ရှင်ယောင်တို့ရဲ့ထိပ်သီး၊ရှင်မထီး” ဟူ၍သရုပ်ဖော်ခဲ့ပါသည်။
အနော်ရထာမင်းသည်ရှင်အရဟံ(ဓမ္မဒဿီ) မထေရ်မြတ်နှင့်တွေ့၍ထေရ၀ါဒဗုဒ္ဓဘာသာကိုသက်ဝင် ယုံကြည်ပြီးနောက်ထိုအရည်းကြီးတို့အား နှိမ်နင်းခဲ့ပါသည်။ ငယ်ရွယ်သောအရည်းကြီးတို့ကိုလူဝတ်လဲစေပြီး ဆင်ထိန်း၊ မြင်းထိန်းပြုလုပ်စေသည်။ အသက်အရွယ်ကြီးကုန်သော အရည်းကြီးတို့ကိုမူ တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။
အရည်းကြီးအချို့သည်ရှမ်းပြည်နယ်ဘက်သို့ထွက်ပြေးကြကုန်၏။ တချို့မှာပုပ္ပားတောင်ခြေတစ်ဝိုက်၌ လည်းကောင်း၊ ပုဂံအနီး သမထီးရွာ၌လည်းကောင်း ခိုအောင်းနေကြပါသည်။
ဤသို့နှိမ်နင်းခဲ့ပါသော်လည်း အရည်းကြီးတို့သည်လုံးလုံးလျားလျား ပျောက်ကွယ်မသွား။ ခေတ္တတိမ် -
ငုပ်သွားခြင်းမျိုးသာ ဖြစ်လေသည်။ ကျန်စစ်မင်းကြီးသည် ငရမန်ကန်းရန်ကို ခုခံကာကွယ်ရာ၌ ပုပ္ပားအရပ်၊ သမထီးအရပ်မှ အရည်းကြီးများကိုပြန်လည်ခေါ်ယူ၍ အကူအညီတောင်းရခြင်းက သက်သေပြနေပါသည်။
ထိုအရည်းကြီး အဆက်အနွယ်တို့သည် ပုဂံမင်းဆက် နရပတိစည်သူမင်းလက်ထက် နောက်ပိုင်းတွင် ပြန်လည် အင်အားကောင်းလာပါသည်။ တောကျောင်းဂိုဏ်းဟုပင် ဂိုဏ်းသီးခြား ခွဲထောင်ကြကုန်၏။
တောကျောင်းဂိုဏ်းသားတို့သည်နေ့ညမဟူအမဲသား၊ ငါးစားခြင်း၊ သေရည်သေရက်သောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ အိန္ဒိယ တန္တရ၀ါဒီတို့၏ လုပ်ရပ်တချို့ဖြစ်သောနတ်ဘုရား၊ နတ်ဘုရားမ(သူရဿတီ) ပူဇော်ခြင်း၊ မန္တန်ရွတ်ခြင်း၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့စီရင်ခြင်း စသည့်ဂန္ဓာရီကျင့်စဉ်များကို အကောင် အထည်ဖော်ခဲ့ကြသည်။
ဂိုဏ်းသားတို့၏ ၀တ်စားဆင်ယင်ပုံမှာတမုတ်ဆိုး၊ တိန်းညက်ဆိုး၊ ပေါက်ပွင့်ဆိုး၊ နနွင်းဆိုးတို့ကိုဝတ် ဆင်ကြသည်။ ခြေနင်းဦးလန်စီးသည်။ ဖော့နားတောင်းတပ်သည်၊ နားပန်းဆံထားသည်။ ဦးထုပ်ဖျား၌မြွေစိမ်း ခေါင်း၊ မိုးကြိုးသွား၊ စွန်းမြီး၊ လင်းနို့တောင်၊ ဆွမ်းကော်ယောက်မတို့ကိုတပ်ဆင်ကြသည်။ ဦးထုပ်ဒေါက်ချာများ ကိုဆောင်းကြသည်။
ဂိုဏ်းတည်ထောင်သူမှာ ရှင်ကဿပဖြစ်သည်။ ရှင်ကဿပသည် အနိမ့်တောကျောင်းမှနေ၍ အရည်းကြီး ၀ါဒများကို ပြန့်ပွားအောင် ပြန်လည်တည်ထောင်သူ ဖြစ်သည်။ သူနေထိုင်ရာအရပ်ကို ရည်ညွန်း၍” တောကျောင်း(အရည) ဂိုဏ်း” ဟု ခေါ်ကြသည်။ အခြားသော သံဃာတော်များကိုမူ “ဂါမ၀ါသီဂိုဏ်း” ဟု ခေါ်ဆိုကြသည်။
ရှင်ကဿပမရှိသည့်နောက်၌လည်း တပည့်များက ဆက်လက်ဆောင်ရွက်ကြသောကြောင့် ပုဂံခေတ် ကုန်ခါနီးတွင် တောကျောင်းဂိုဏ်း အထွတ်အထိပ်သို့ရောက်ခဲ့သည်။
ပင်းယခေတ်သက္ကရာဇ်၇၀၂-ခုနှစ်၊ ဥဇနာမင်းလက်ထက်တွင် “ဂါမ၀ါသီ” ဂိုဏ်းမှရဟန်းတော်အချို့ သည် တောကျောင်းဂိုဏ်းကိုအတုလိုက်၍လောကီအတတ်ပညာများဖြစ်သောဓားခုတ်၊ လှံထိုး၊ မြင်းစီး၊ ဆင်စီး၊ စစ်ဆင်မှု၊ စက်သွင်းလှဲထိုး စသည်များ သင်းကြားပေးကြကုန်၏။
ထို “ဂါမ၀ါသီ” ကျောင်းသို့ကလေးလူကြီး များစွာဝင်ထွက်သွားလာကြသည်ဖြစ်ရာပွဲတမျှစည်ကား သည်ကိုရည်ရွယ်၍ “ပွဲကျောင်း” ဟုခေါ်ဆိုကြသည်။ ထို့နောက်ကျောင်းများ၊ သံဃာများ တိုးတက်များပြား လာသောအခါ ပွဲကျောင်းဂိုဏ်း ဟု ခေါ်တွင်ထင်ရှားလာပေသည်။
ပွဲကျောင်းဂိုဏ်း စည်ပင်တိုးတက်လာသောအခါတောကျောင်းဂိုဏ်းမှာပွဲကျောင်းဂိုဏ်းအတွင်းသို့ရော နှောပေါင်းစပ်သွားပြီး(၁၅)ရာစုခန့်တွင်ပျောက်ကွယ်သွားလေသည်။
(ဂ)
ပွဲကျောင်းဂိုဏ်းသည် ညောင်ရမ်းခေတ်အထိ တိုးတက်စည်ပင်လာခဲ့သည်။ ညောင်ရမ်း ခေတ်နှောင်း ပိုင်း၌မူ အားနည်းသွားသည်ကို တွေ့ရသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်၌ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။
ဘိုးတော်ဘုရားသည် ထိုပွဲကျောင်းဂိုဏ်းက သင်ပေးသောပညာဖြင့် နိုင်ငံတော်ကို ပုန်ကန်သည်ဟု အကြောင်းပြ၍ဖျက်သိမ်းခြင်းဖြစ်သည်။ သို့သော်ပြည်သူနှင့်ရဟန်းသံဃာတချို့မကျေနပ်မှုများ ပေါ်ပေါက်လာ သဖြင့်ပြန်လည်ဖွင့်လှစ်ရန်ခွင့်ပြုရသည်။ ပွဲကျောင်း အများအပြား ပျက်စီးကုန်ပြီဖြစ်ရကား အချို့လောက်သာ ဖွင့်လှစ်နိုင်တော့သည်။
ထိုပွဲကျောင်းများ ပြန်လည်စည်ကားစပြုချိန်မှာမင်းတုန်းမင်းနန်းတက်ချိန်ဖြစ်သည်။ သက္ကရာဇ်၁၂၁၇- ခုနှစ်တွင်မင်းတုန်းမင်းသည်ပွဲကျောင်းများကိုလုံးဝဖျက်သိမ်းလိုက်သည်။ ထို့ကြောင့်ပွဲကျောင်းများ ပျောက်ကွယ်
သွားခြင်း ဖြစ်သည်။
သို့သော် ခေတ်အဆက်ဆက်ဆက်ဆံလာခဲ့ကြသော အရည်းကြီးတို့၏ လုပ်ငန်းစဉ်များကား ကွယ်ပျောက်သွားခြင်း မရှိပါ။ သမိုင်း အထောက်အထားများနှင့် ထွက်ရပ်ပေါက်ဆိုသူတို့၏ ဘ၀ဖြစ်စဉ်များက သက်သေခံလျက်ရှိပါသည်။
မျက်မှောက်ခေတ်တွင် ဘိုးတော်စစ်ဆင်ရေးတစ်ရပ်ပြုလုပ်၍ နှိမ်နင်းခဲ့ဖူးပါသည်။ သို့သော် ပျောက်ကွယ် သွားခြင်း မရှိပါ။ လူအချို့သည်ဂိုဏ်းအမည်အမျိုးမျိုးဖြင့် အရည်းကြီးဝါဒကျားသေကို အသက်သွင်းလျက်သာ ရှိနေကြပါသေးသည်။
အဘယ့်ကြောင့် အရည်းကြီးဝါဒဟု ဆိုရပါသနည်းဟူမူ ထိုဂိုဏ်းအသီးသီးတို့၏ အထွတ်အမြတ်ထား ကြသောအရှင်အဇ္ဇဂေါဏ၊ရှင်မထီး၊ ဗားမဲ့၊ ဗားတမော့၊ ငရနဲဆရာတော်တို့မှာထေရ၀ါဒအနွယ်ဝင်များမဟုတ် ကြပါ။ အရည်းကြီး အဆက်အနွယ်များသာဖြစ်သောကြောင့်ပါတည်း။
ထိုအရည်းကြီးဝါဒတို့သည်မဟာယာနမှဆင်းသက်လာကြောင်းကိုလည်း အထက်တွင်ဖော်ပြခဲ့ပြီး ဖြစ်ပါ
သည်။
(ဃ)
မဟာယာနမှလာသော ထိုအယူဝါဒများသည်ထေရ၀ါဒအတွက် အမှိုက်များသဖွယ်သာ ဖြစ်ပါသည်။ ထို အမှိုက်များကို ရှင်းလင်းဖယ်ရှားရန်အတွက် ထေရ၀ါဒီတို့အနေဖြင့် အစွမ်းကုန်ကြိုးပမ်း အားထုတ်ကြရပါမည်။
ထိုသို့ ကြိုးပမ်းအားထုတ်ပါရန်လည်း ဒုတိယသင်္ဂါယနာတင်စဉ်အခါက အရှင်ယသမထေရ်မြတ်ကြီး သည် အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
“ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် ရန်စွယ်၊ရန်ဘေး ကြုံတွေ့ရသည်ရှိသော် မိမိကိုယ်ရေးကိုယ်တာ
ကိစ္စများကို စွန့်ပစ်၍ အန္တရာယ်များ မငြိမ်းမချင်း အစွမ်းကုန်ကြိုးပမ်းကြရမည်” ဟု မိန့်တော်မူခဲ့ပါသည်။
အကယ်၍ (မြောက်ပိုင်းဗုဒ္ဓဘာသာ) ခေါ် မဟာယာနမှလာသော အမှိုက်သဖွယ်ဖြစ်သည့် အယူဝါဒများ ကို အချိန်မီ တားဆီးကာကွယ်ခြင်း မပြုနိုင်ပါကအိန္ဒိယ မြောက်ပိုင်း မဟာမေဒင်များ ၀င်ရောက်တိုက်ခိုက်ခြင်း ခံရသော သြဒန္တပူရီမြို့ကဲ့သို့ ဆိုးရွားသော အခြေအနေများ ဆိုက်ရောက်နိုင်ပါသည်။
သို့ပါ၍ သာသနာစိတ်ဓာတ်အပြည့်အ၀ ရှိကြပါသော ထေရ၀ါဒီအပေါင်းတို့အား အလေးအနက်တိုက်တွန်း လိုပါ၏။ ပထမတန်း ဖတ်စာတွင် ‘တောင်လေတိုက်လာပြီ။ အမှိုက်များလွင့်နေသည်’ ဟူသောစာပိုဒ်ကလေး ပါရှိပါသည်။ ထေရ၀ါဒဗုဒ္ဓသာသနာအတွင်းသို့လွင့်လာသောအမှိုက်များကား မြောက် လေကြောင့်ဖြစ်ပါသည်။
ထို့ကြောင့်
“မြောက်လေတိုက်လာပြီ။
အမှိုက်များလွင့်နေသည်။
လိုက်၍သိမ်းဆည်းပါ။
ငိုက်မနေပါနှင့်” ဟုတိုက်တွန်း သတိပေးအပ်ပါသည်။ ။

                                                                            
 အမှတ် (၂၂၇)၊ ၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလ၊ ဓမ္မရံသီမဂ္ဂဇင်း။

No comments:

Post a Comment