Tuesday, January 22, 2013

သူခစားဘဝ


သူခစားဘဝ
      (က)
“ကျွဲကူးရေပါ” ဟူသော ဆိုရိုးစကားရှိပါသည်။ ကျွဲကူး၍သာ ရေပါခြင်းဖြစ်ပြီး ရေပါဖို့အတွက်ကျွဲကူး သည် မဟုတ်ကြောင်း နားလည်အပ်ပါ၏။ သို့သော် “ရေပါဖို့ကျွဲကူးရေ၀ါဒ” ကို လိုက်နာကျင့်သုံး နေသူများ လည်း ရှိနေပါသည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးကို ပြယုဂ်အဖြစ်ထုတ်ပြလိုပါသည်။
ထိုမိတ်ဆွေသည် သူ၏ “ရေပါဖို့ကျွဲကူးရေးဝါဒ” ကို လိုက်နာဆောင်ရွက်ရန် စာရေးသူကို စည်းရုံးစကား ဆိုဖူးလေသည်။ သူဆောင်ထားသည့်ဂါထာကို ဆောင်ထားဖို့လိုကြောင်း၊ တစ်နေ့လျှင် ပုတီး အပတ်ရေ မည်မျှ စိပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ စိပ်ပါက မည်သို့သော အကျိုးများ ချက်ချင်းလက်ငင်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ သူ၏စကား ပိုမိုခိုင်မာအတည်ဖြစ်စေရန်အတွက် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တချို့၏ အမည်နာမတို့ကို ဖော်ပြပြီး ထိုပုဂ္ဂိုလ်များသည် ဤဂါထာကြောင့် ယခုလိုထင်ပေါ်ကျော်ကြားခြင်းဖြစ်ကြောင်း စီကာပတ်ကုံး သွားရည် ယိုလောက်အောင်ညွှန်းပါသည်။ စာရေးသူက “အကုသိုလ်ပွားကြောင်းတွေမလုပ်နိုင်ပါ” ဟုဆိုလိုက် သည်။ သူက တင်းမာသော မျက်နှာထားဖြင့် “ဂုဏ်တော်တွေပွားတာ-ကိုယ်တော်၊ အကုသိုလ်အလုပ်လား”ဟု ခပ်ပြတ်ပြတ် ဆိုလေ၏။
ဂုဏ်တော်ပွားတာက အကုသိုလ်မဟုတ်ပေမဲ့ ထင်ပေါ်ကျော်စောလိုမှု၊ လာဘ်လာဘ ပေါများ လိုမှုများက အကုသိုလ်သာဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်ရဟန်းတော်တစ်ပါးအနေဖြင့် တခြားဘာသာ ၏ နောက်လိုက် မဖြစ်ရန်လိုကြောင်း၊ ကုသိုလ်နှင့်အကုသိုလ်ကို ခွဲခြားသိရန်လိုအပ်ကြောင်းများနှင့် နှုတ်က ဘုရားဂုဏ်တော်ပွားပြီး စိတ်မှာအကုသိုလ်များ အဖြစ်မခံသင့်ကြောင်း အသေးစိတ်ရှင်းပြလိုက်ရပါသည်။
“ဆင်သွားလျှင်လမ်းဖြစ်သည်” ဟုဆိုရိုးစကားရှိရာ ဘာသာရေးခေါင်းဆောင်တစ်ဦးအနေဖြင့် အရာ ရာကို အလေးအနက်ဂရုပြုဆင်ခြင်ကျင့်သုံးသင့်ကြောင်း မှာကြားလိုက်ရပါလေသည်။
      (၂)
အချို့သောသူတို့သည် ရာထူးဂုဏ်သိန်စည်းစိမ်တို့ကို မျှော်လင့်တောင့်တလျက်ဂါထာ၊ ပါဠိစသည်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအမှု ပြုကြသည်။ ထိုရွတ်ဖတ်မှု၊ မျှော်လင့်တောင့်တမှုမှန်သမျှသည် ကုသိုလ် လုပ်ငန်းအရာတွင် တည်ရှိပါသောကြောင့် အားလုံးကိုကုသိုလ်ဟု ထင်မြင်ယူဆနေပါသည်။ စင်စစ် လောကီ စည်းစိမ်ချမ်းသာတို့ကို မျှော်လင့်တောင့်တမှုမှန်သမျှသည် လောဘကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ထိုလောဘသည် ကုသိုလ်မဟုတ် အကုသိုလ်သာဖြစ်ပါသည်။
သို့ဖြစ်၍ “တို့ဗုဒ္ဓဘာသာတွေစီးပွားရေးလုပ်ရင်း အကုသိုလ်ဖြစ်တာတော်သေးတယ်။ ဘုရားရှိခိုးပြီး အကုသိုလ်ဖြစ်နေတာ မတော်ဘူး။ ဘုရား အားနာဖို့ကောင်းတယ်” ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက ရှင်း -
လင်း ပြတ်သားစွာဆုံးမခဲ့ခြင်းဖြစ်ပါ၏။
ဘုရားရှိခိုးရင်း အကုသိုလ်ဖြစ်သည်ဆိုသည်မှာထိုအမျှော်လောဘကို ဆိုလိုရင်း ဖြစ်ပါသည်။ ဤနေရာ၌ နိဗ္ဗာန်ကို မျှော်လင့်တောင့်တခြင်းသည်ကား လောဘဟု မဆိုသာပါ။ ဆန္ဒသာဖြစ်ပါသည်။
ဥပမာ-ကံစမ်းမဲနှိုက်ရာ၌ ဗလာမဲကျလိုသောသူအား လောဘကြီးသူဟုမဆိုအပ်သကဲ့သို့ဖြစ်ပါသည်။ ဘုရားဟောပိဋကတ်တော်လာ ဂါထာပါဠိများကိုမိမိ၏ရာထူးဂုဏ်သိန်စည်းစိမ်တိုးတက်ရေးအတွက် “အဆောင် သဖွယ်” မပြုလုပ်သင့်ကြောင်း ဆရာကြီး ဦးရွှေအောင်က “ချမ်းသာကို ရှာဖွေခြင်း” တွင် ဤသို့ ရှင်းပြ ထားပါသည်။
“ဗုဒ္ဓဘာသာ၌ ပါရမီမဂ္ဂနှင့်မန္တုမဂ္ဂဟူ၍ လမ်းစဉ်နှစ်မျိုးရှိသည်။ ပိဋကတ်တော်လာ-မလာဂါထာ ပါဠိများကို မိမိ၏ ကိုယ်ကျိုးအတွက် “အဆောင်သဖွယ်” ရွတ်ဖတ်ပူဇော်သူများသည် ဤမြန်မာနိုင်ငံ၌ ရှိနေကြလေသည်။ ဤသို့သောသူများသည် မိမိတာဝန်ကျရာအလုပ်ကိုကျေပွန်အောင်တော့မလုပ်ဘဲ တာဝန် ကျေပွန်အောင်လုပ်သူများကိုကျော်၍ ရာထူးပေးနိုင်သူများကို ကပ်ပြီးရာထူးတက်အောင်လုပ်သော ၀န်ထမ်း များနှင့် တူကောင်းတူပေလိမ့်မည်။
မိမိ၏ ကိုယ်ကျိုး မိမိ၏ရာထူးဂုဏ်သိန်စည်းစိမ်တိုးတက်ရေးအတွက် အဆောင်သဘောမျိုးသက်သက် ရည်ရွယ်ပြီး ပိဋကတ်တော်လာသုတ်တော်များကို ရွတ်ဖတ်ရန်မသင့်။ ဘုရားဟောဒေသနာမဟုတ်ဘဲ အခြားဂါထာနှင့်အင်း၊ အိုင်ဖြစ်ပါက “မန္တရယာန” သဘောကိုသက်ဝင် ယုံကြည်ရာရောက်ပေလိမ့်မည်။ ထေရ၀ါဒသာသနာပျက်စီးခြင်း၏ အကြောင်းပေတည်း။
မြတ်စွာဘုရား၏ ဂုဏ်တော်များကို ရွတ်ဆိုပူဇော်ရန် ဘုရားပွင့်တော်မူလာခြင်းမဟုတ်။ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဆောင်ရွက်ရန်သာ ဘုရားပွင့်တော်မူလာခြင်း ဖြစ်၏။
မြတ်စွာဘုရားက ‘တရား’ ကိုမြင်သူသည် ‘ငါ့’ ကိုမြင်သူမည်၏။ ‘တရား’ ကိုမမြင်သူသည် ‘ငါ့’ ကို မမြင်သူပင်ဖြစ်၏ဟူ၍ ဟောတော်မူခဲ့သည်။ စစ်မှန်သောဗု ဒ္ဓဘာသာဝင်ဖြစ်ပါက မြတ်စွာဘုရား ဟောကြား တော်မူသည့်အတိုင်း သမုဒယသစ္စာကို ပယ်သတ်နိုင်ရန် ကြိုးပမ်းအပ်ပါ၏”
     (၃)
ရာထူးဂုဏ်သိန်စည်းစိမ်တိုးတက်ရေးကို တောင့်တခြင်းသည် လောဘဟုဆိုအပ်သော သမုဒယသစ္စာ ဖြစ်သည်။ ထိုသမုဒယသစ္စာတိုးပွားရေးကို ရှေးမရှုဘဲပယ်သတ်နိုင်ရေးကို အလေးဂရုပြုသင့်သည်။ ထိုသမုဒယ သစ္စာတိုးပွားရေးကို အလေးဂရုပြုမည်ဆိုပါက ‘ကြေးစား’ များ၊ ‘ကုန်ဝယ်’ သူများဟူ၍ဆိုရပေတော့မည်။
အဖိုးအခရရှိရေးအတွက်သာ ဦးတည်ချက်ထားပြီး သင့်မသင့်ကို မစဉ်းစားဘဲ ပြုလုပ်ဆောင်ရွက်ပေးသူ
ကို ‘ကြေးစား’၊ မိမိရလိုသည့်ပစ္စည်းဝတ္ထုအတွက်သာ အဖိုးအခငွေပေးချေသူကို ‘ကုန်ဝယ်သူ’ ဟုခေါ်ဆိုနိုင်ပေ သည်။ လောကီစည်းစိမ်ချမ်းသာတို့ကို မျှော်ကိုးလျက်ဒါန၊ သီလစသည့် ကုသိုလ်ကောင်းမှု ပြုလုပ်သူများ ကိုလည်း ‘ကြေးစား’ များ ‘ကုန်ဝယ်’ သူများဟူ၍သာ ခေါ်ဆိုသင့်ပါသည်။ ထိုသို့ခေါ်ဆိုသင့်ကြောင်း နန္ဒသုတ် ၌လာ စကားရပ်တို့ကိုထောက်ဆ၍ သိရပါသည်။
နန္ဒသုတ်၌လာ အကြောင်းအရာတို့ကို ဗုဒ္ဓဘာသာဝင်များ သိရှိထားပြီးဖြစ်ရာ ဤနေရာ၌ အကျဉ်းမျှသာ
ဖော်ပြပါမည်။ အကျယ်ကိုသိရှိလိုပါက ဥဒါန်းပါဠိတော်မြန်မာပြန်၊ နန္ဒ၀ဂ်၊ နန္ဒသုတ်၊ စာမျက်နှာ(၉၃) ၌ဖတ်ရှု နိုင်ကြပါသည်။
မြတ်ဗုဒ္ဓ၏ညီ မိထွေးတော်ဂေါတမီ၏ သားရင်းဖြစ်သော နန္ဒမင်းသားကို ဇနပဒကလျာဏီနှင့်လက်ထပ် မင်္ဂလာပြုသောနေ့မှာပင် ဗုဒ္ဓသည် ကျောင်းတော်သို့ ခေါ်ဆောင်၍ ရဟန်းဝတ်ပေးလေသည်။
အရှင်နန္ဒသည် ရဟန်းအဖြစ်ဖြင့်နေရပါသော်လည်း ဇနပဒကလျာဏီအပေါ် တွယ်တာနှစ်သက်သော စိတ်တို့ ပြင်းစွာ နှိပ်စက်သောကြောင့် သာသနာတော်၌ ပျော်မွေ့ခြင်းမရှိဘဲ လူထွက်လို၏။
ထိုအကြောင်းကို မြတ်စွာဘုရား ကြားသိတော်မူသောအခါ အရှင်နန္ဒကိုခေါ်ဆောင်၍ တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူလေ၏။ တာဝတိံသာနတ်ပြည်သို့ရောက်သော် နတ်သမီးငါးရာတို့၏ အလှကို တွေ့မြင်ရသည့်အခါ ဇနပဒကလျာဏီအပေါ် တွယ်တာတပ်မက်စိတ်ဖြစ်ပေါ်နေရာမှ တာဝတိံနတ်သမီးတို့ အပေါ် တွယ်တာတပ်မက်သောစိတ် ဖြစ်ပေါ်လေတော့၏။
ထိုအခါ မြတ်စွာဘုရားက “နန္ဒ၊ သာသနာတော်၌ ပျော်ရွှင်စွာ နေလော့။ နန္ဒ၊ ပျော်ရွှင်စွာနေလော့၊ ခိုခြေအဆင်းရှိသော နတ်သမီးငါးရာတို့ကို ရဖို့ရန်အတွက် ငါတာဝန်ယူ၏” ဟု မိန့်တော်မူ၏။ အရှင်နန္ဒကလည်း “သာသနာတော်၌ ပျော်ရွှင်စွာ နေပါတော့မည်” ဟု ၀န်ခံလေ၏။
ထိုအကြောင်းကို ကြားသိကြကုန်သော အရှင်နန္ဒ၏ အပေါင်းအဖော်ရဟန်းတို့သည် အရှင်နန္ဒကို-“အရှင် နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်သတဲ့။ အရှင်နန္ဒအတွက် ခိုခြေအဆင်းရှိသောနတ်သမီးငါးရာတို့ကိုရဖို့ရန် မြတ်စွာဘုရားက တာဝန်ယူသတဲ့။ အရှင်နန္ဒသည် ‘ကြေးစား’ ဖြစ်လေစွတကား။ အရှင်နန္ဒသည် ‘ကုန်ဝယ်’ သူဖြစ်လေစွတကား” ဟု သူခစား(ကြေးစား)ဟူသောစကားလုံး ဖြင့်လည်းကောင်း၊ ကုန်ဝယ်သူဟူသောစကားလုံးဖြင့်လည်းကောင်း ကျီစယ်ပြောဆိုကုန်ကြ၏။
အရှင်နန္ဒသည် သီတင်းသုံးဖော်ရဟန်းတော်တို့၏ ‘ကြေးစား’ ‘ကုန်ဝယ်သူ’ဟူသော ကျီစယ်သည့်စကား တို့ကို ကြားရသည်ရှိသော် အရှက်ကြီးရှက်ကာ ဆိပ်ငြိမ်ရာသို့ ချဉ်းကပ်ပြီး မမေ့မလျော့သော သတိ၊ ထက်သန်သော ၀ီရိယတို့ဖြင့် တရားအလုပ် အားထုတ်တော်မူလေသည်။ မကြာမီပင် အရဟတ္တဖိုလ်ဆိုက် ရောက်ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။
ထို သာဓကကို ထောက်ဆ၍ ယခုအခါ လောကီစည်းစိမ်ချမ်းသာ ထင်ပေါ်ကျော်စောမှုစသည်တို့ကို ရရှိရန် မျှော်လင့်ချက်ဖြင့် ဘုရားဟောပိဋကတ်လာ ဂါထာပါဠိများကို အသုံးချခံပစ္စည်းတစ်ခုအဖြစ်သဘောထား ကာ ပြုလုပ်ဆောင်ရွက်နေသူ ပုဂ္ဂိုလ်တို့သည် အမှား အမှန်ကို ဝေဖန်ပိုင်းဆစ် ရှင်းလင်းဖော်ပြလျက်ရှိသော ဓမ္မရံသီ၊ ဓမ္မရတနာကဲ့သို့သော မဂ္ဂဇင်းများ၏ ကျေးဇူးကြောင့် အမြင်မှန်ရ၍ အရှင်နန္ဒကဲ့သို့ ရှက်တတ် ကြမည်ဆိုပါလျှင်...။ ။

အမှတ်စဉ်(၁၃၇)၊ ၂၀၀၉-ခုနှစ်၊ စက်တင်ဘာလ၊ဓမ္မရံသီမဂ္ဂဇင်း။

No comments:

Post a Comment