Tuesday, January 22, 2013

ဂိုဏ်းဝင်ဖြစ်သလော ဂုဏ်အင်ဖြစ်သလော

 ဂိုဏ်းဝင်ဖြစ်သလော ဂုဏ်အင်ဖြစ်သလော
ရတနာသုံးပါးနှင့်မိဘဆရာသမားတို့ကို ‘အနန္တဂိုဏ်းဝင်များ’ ဟုဆိုကြပါကုန်၏။ ထိုဂိုဏ်းဟူသည် ‘ဂဏ’ ဟူသည် ပါဠိမှ လာခြင်းဖြစ်၏။ ‘ဂဏ’  သည် ‘အပေါင်း’ ဟူသောအနက်ကိုဆို၏။ အပေါင်းဟူ သည်မှာလည်း ‘ဓာတုသောဝသမာဂမာ’ ဟုဆိုသောကြောင့် ဓာတ်သဘာဝတူမျှမှ သာလျှင် ပေါင်း စပ်ရောနှောခြင်း ပြုနိုင်ပါ၏။  ဆီနှင့်ရေသည် မည်သည့်အခါမျှ ရောစပ်၍ မရနိုင်ပါချေ။
ထိုအနန္တဂိုဏ်းဝင် ဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ တေးဂီတနှင့် စာပေတချို့တွင် မိဘများ၏ ဂုဏ်တို့ကိုဖွဲ့ဆိုကြရာ၌ ‘အနန္တဂိုဏ်းဝင်အိုမိခင်’ ဟူ၍လည်းကောင်း၊ ဆရာများ၏ဂုဏ်ကိုဖွဲ့ဆိုကြရာ၌လည်း ‘အနန္တဂိုဏ်းဝင် ဆရာအရှင်’ ဟူ၍လည်းကောင်း ဖွဲ့ဆိုကြပါကုန်၏။ ထိုသို့ဖွဲ့ဆိုကြခြင်းသည် ရတနာသုံး ပါးနှင့် မိဘဆရာသမားများကို တန်းတူရည်တူသဘော သက်ရောက်စေပါ၏။
စင်စစ်မူ ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သည့် သံဃာတော်များကိုပင် ဘုရားနှင့် တန်းတူ ရည်တူ မထားသင့်ပါ။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗု ဒ္ဓသည်သာ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော် မူ သောကြောင့်ဖြစ်ပါ၏။
သဗ္ဗညုတဉာဏ်ဟူသည်မှာ ဆရာကြီးဦးရွှေအောင်၏ စကားဖြင့် ဆိုရပါမူ ‘ဘက်စုံတော်သူ’ ဖြစ်၏။ အရှင်သာရိပုတ္တရာသည် ပညာအရာ၌ ဧတဒဂ်ရသည်အထိ တော်ပါ၏။ သို့သော် တန်ခိုးအရာ၌မူ မြတ်စွာ ဘုရားကို မဆိုထားနှင့် အရှင်မောဂ္ဂလာန်မထေရ်ကိုမျှ မမီနိုင်ပါချေ။
ထိုအတူ အရှင်မောဂ္ဂလာန်သည်လည်း တန်ခိုးအရာတွင်မူ ဧတဒဂ်ရသည့်အထိ တော်ပါ၏။ သို့သော် ပညာအရာ၌မူ မြတ်စွာဘုရားကို မဆိုထားနှင့်၊ အရှင်သာရိပုတ္တရာကိုမျှ မမီနိုင်ပါချေ။ အဂ္ဂသာ ၀ကကြီးများပင် ဖြစ်လင့်ကစား မြတ်ဗုဒ္ဓကဲ့သို့ ဘက်စုံတော်သူများ မဟုတ်ကြပေ။ ထို့ကြောင့် ဗုဒ္ဓနှင့် သံဃာတော်များကို တန်းတူ ရည်တူမထားသင့်ဟု ဆိုရခြင်း ဖြစ်ပါ၏။
သံဃာသည်ပင် ဗု ဒ္ဓနှင့် တန်းတူရည်တူ မထားသင့်ပါက မိဘဆရာသမားများကား အဘယ် ဆိုဖွယ်ရာ ရှိပါမည်နည်း။ ထိုအကြောင်းကို ရှင်းပြလိုပါ၏။
မိဘများသည် သားသမီးများအပေါ်တွင် ကျေးဇူးကြီးမားကြပါ၏။ ကျေးဇူးကြီးမားကြောင်းကိုလည်း မာတုပေါသကဇာတ်နှင့် သုတ္တန်အများအပြားတွင် ဗုဒ္ဓသည်ဟောကြားထားတော်မူခဲ့ပါ၏။
ထိုသုတ္တန်များထဲမှ ဒုကအင်္ဂုတ္တိုရ်၎ သမစိတ္တ၀ဂ်၊ ဒုတိယသုတ်၌ ဟောကြားတော်မူသော တ ရားတော် တို့ကို မန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာတွင် ဖွဲ့ဆိုထားပါ၏။
“လူတို့ဌာန၊ ဤလောက၌၊ ဘကိုလက်ျာ၊ မိမှာ လက်ဝဲ၊ အမြဲဆောင်ရွက်၊ ပုခုံးထက်သို့၊ တင်လျက် လုပ်ကျွေး၊ မပြတ်မွေးလည်း၊ ကျေးဇူးဂုဏ်ဆိုင်၊ မကုန်နိုင်ဘူး”
ဤလင်္ကာကို ထောက်ဆ၍ မိဘနှစ်ပါးသည် သားသမီးများအပေါ် ကျေးဇူးကြီးမားကြသည်မှာ ထင်ရှား ပါ၏။
သို့သော် ဤမျှဖြင့် ဗုဒ္ဓနှင့်မိဘများကို တန်းတူရည်တူထားရန်ကား မသင့်ပါချေ။ အဘယ့်ကြောင့် နည်း။ ဗုဒ္ဓသည် ဘုရားမဖြစ်မီ သိဒ္ဓတ္ထမင်းသားငယ်ဘ၀မှာပင် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ အရို အသေပြုခြင်း၊ ရှိခိုးခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။
ထိုမှတစ်ဖန် ကလျာဏမိတ္တအမည်ရသည့် ဆရာသမားများသည် တပည့်တို့ အပေါ်၌ ကျေးဇူးများ ပါ၏။ ကျေးဇူးများပုံကို ဗုဒ္ဓဟောကြားတော်မူသည့် ကလျာဏမိတ္တသုတ္တန်များကို ထောက်ဆ၍ သိနိုင်ပါ၏။
သံယုတ်ပါဠိတော် ကလျာဏမိတ္တသုတ်တွင် အရှင်အာနန္ဒာက မြတ်စွာဘုရားအား-
“အရှင်ဘုရား၊ ကလျာဏမိတ္တအမှီကောင်းကိုရရှိသူသည်မိမိ၏ မြတ်သော(မဂ်) အကျင့်ထက်ဝက်ကို
ပြီးစေနိုင်ပါ၏”  ဟု လျှောက်၏။
ထိုအခါမြတ်ဗုဒ္ဓက “အာနန္ဒာ၊ ဤသို့မဆိုလင့်။ အာနန္ဒာ၊ ဤသို့မဆိုသင့်ပါ။ ကလျာဏမိတ္တ အမှီ ကောင်းကို ရရှိသူသည် မိမိ၏ မြတ်သော(မဂ်) အကျင့်အားလုံးကို ပြီးစေနိုင်၏” ဟုမိန့်တော်မူ၏။
သတ္တ၀ါအများ မဂ်ဖိုလ် နိဗ္ဗာန်ရရှိကြသည်မှာ ငါဘုရားတည်းဟူသော ကလျာဏမိတ္တအမှီကောင်းကို ရရှိ၍သာ ဖြစ်ကြောင်း ရှင်းပြတော်မူ၏။
သို့ဖြစ်၍ ကလျာဏမိတ္တအမည်ရသည့် ဆရာများသည် တပည့်များအပေါ်၌ ကျေးဇူးကြီးမားကြ သည်မှာ မှန်ပါ၏။ ထိုသို့ ကျေးဇူးကြီးမားသောကြောင့် အရှင်သာရိပုတ္တရာမထေရ်သည် ဗုဒ္ဓနှင့် မတွေ့ မီ ရှေ့ဦးစွာ တရား ဓမ္မ ဟောညွှန်ပြသည့် အရှင်အဿဇိမထေရ်မြတ်အား ကျေးဇူးသိပုံနှင့် အရို အသေပြုပုံများကို ထေရအပဒါန် ပါဠိတော်၌ ပြဆိုထားရာ စံပြုထိုက်ဖွယ်ဖြစ်၍ ဖော်ပြလိုပါ၏။
“အကျွန်ုပ်သည် အကြင်အဿဇိမထေရ်ကို ဖူးမြင်ရ၍ (ကိလေသာ) မြူအညစ်အကြေး ကင်း သည် ဖြစ်၏။ ပညာရှိသော အဿဇိမည်သော ထိုမြတ်စွာဘုရား၏ တပည့်သားတော်သည် အကျွန်ုပ်၏ ဆရာ ပါတည်း။(ဂါထာ-၃၆၈)
        “အကျွန်ုပ်သည် ထိုအဿဇိမထေရ်၏ အစွမ်းကြောင့် ယခုတရားစစ်သူကြီး ဖြစ်ရပါ၏။ အလုံး စုံသော သာဝကပါရမီဉာဏ်အရာ၌ အထွတ်အထိပ်သို့ ရောက်လျက် (ကိလေသာ) ကင်း သည်ဖြစ် ၍ နေရပါ၏။ (ဂါထာ-၃၆၉)
“အကျွန်ုပ်၏ ဆရာဖြစ်သောအဿဇိမည်သော မြတ်စွာဘုရား၏ တပည့်သားတော်သည် အကြင် အရပ် ၌ နေ၏။ ထိုအဿဇိနေရာအရပ်ကို အကျွန်ုပ်သည် ဦးခေါင်းရင်း ပြုပါ၏” (ဂါထာ-၃၇၀)
ဤကဲ့သို့ အရှင်သာရိပုတ္တရာသည် ဆရာဖြစ်သော အရှင်အဿဇိမထေရ်အား ကျေးဇူးကို သိသော အားဖြင့် အရိုအသေပြုသည်ကား မှန်၏။  သို့သော် မြတ်စွာဘုရားနှင့် တန်းတူရည်တူသဘော ထားလိမ့် မည် မဟုတ်ပါချေ။
အဘယ့်ကြောင့်နည်း။ အရှင်သာရိပုတ္တရာက “မြတ်စွာဘုရား၏ တပည့်သားဖြစ်သော အဿဇိ မထေရ်၊ မြတ်စွာဘုရား၏ တပည့်သားဖြစ်သော အဿဇိမထေရ်” ဟု မိမိဆရာ အဿဇိမထေရ်သည် မြတ် စွာဘုရား၏ တပည့်သား ဖြစ်ကြောင်း အကြိမ်ကြိမ် ဆိုထားသည် မဟုတ်ပါလော။
ဖော်ပြပါသာဓကို ထောက်ဆ၍ ကျေးဇူးများသော အာစရိယဟူသည် လောကီအတတ်ပညာများ သင် ကြားပေးသည့်ဆရာများကို ဆိုလိုခြင်း မဟုတ်ဘဲ ရုပ်နာမ်ဓမ္မတို့ကိုပြသပေး သည့် လောကုတ္တရာဓမ္မ ဆရာကိုသာ ဆိုလိုကြောင်း ထင်ရှားပါ၏။ ထို့ကြောင့် လယ်တီဆရာတော်ဘုရားကြီးက အနန္တငါးပါး ရှိခိုးတွင်-
“အာစရိယဂုဏော၊ အနန္တောဟု၊ မိန့်ဟောအရ၊ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာ စေကြောင်း၊ မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက်သံချို၊ ဆုံးမ ဆိုသား၊ အဟို များစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ဆိုးညစ် ယုတ်မာ၊ အဖြာဖြာကို၊ ခေမာ ဘူမိ၊ ဘေးမရှိအောင်၊ နိဗ္ဗာန်သောင်သို့၊ ရောက်အောင်ပြညွှန်၊ သွန်သင်ပေ တတ်၊ ဆရာမြတ်ကို၊ အဟံအကျွန်ုပ်သည်။ ၀န္ဒာမိ-ရှိခိုးပါ၏" ဟု ဗုဒ္ဓ ဟောမိန့်သည့် ကလျာဏ မိတ္တ အာစရိယဟူသည် ဤသို့သော ဆရာမျိုးသာဖြစ်ကြောင်း ကောက်ယူပြတော်မူပါ၏။
      “အနန္တဂိုဏ်းဝင်” ဟုဖြစ်ပေါ်လာရခြင်းမှာ လယ်တီဆရာတော်ဘုရားကြီး၏ အနန္တငါးပါးရှိခိုးပေါ် လာ ရာမှ စခဲ့သည်ဟု ဆိုသူတို့က ဆိုကြကုန်၏။ ထိုသို့ဆိုကြပါကုန်သော်လည်း လယ်တီဆရာတော် ဘုရားကြီး၏ ရှိခိုးငါးပိုဒ် စလုံးတွင် “အနန္တဂိုဏ်းဝင်” ဟုယူဆဖွယ်ရှိသည့်စကား အသုံးအနှုန်း တစ်လုံး တစ်ပါဒမျှ မပါရှိချေ။ ပိဋကတ်အရာတွင် နှံ့စပ်တော်မူသော ဆရာတော်ဘုရားကြီးသည် ပိဋကတ်တွင် မပါရှိသည်ကို ပါရှိလေဟန်ဖြင့် ရေးသားတော်မူလိမ့်မည်ကား မဟုတ်ချေ။
လယ်တီဆရာတော်ဘုရားကြီးသည်ထို “အနန္တငါးပါးရှိခိုး” ကို မရေးလျှင် မဖြစ်၍ ရေးသားရဟန် တူ၏။ အဘယ့်ကြောင့်နည်း.......။ ထိုခေတ်ထိုအချိန်သည် သူ့ကျွန်ဘ၀ ကျရော က်နေချိန်ဖြစ်ရကား တိုင်းတစ်ပါးသား ဘာသာခြားတို့က စာသင်ကျောင်း အများအပြား ဖွင့်လှစ်၍ စာသင်ကြားပေးနေ ချိန် ဖြစ်၏။
  ထိုအချိန်တွင် သဘောဖြူအူစင်းလှကုန်သော ကိုရွှေမြန်မာတချို့သည် ဘာသာခြားများ စာသင်ကြား ပေး မှုကို အနန္တကျေးဇူးရှင်ကြီးများသဖွယ် ထင်မှတ်ကာဘာသာကူးပြောင်းသူများလည်း ရှိပါ ၏။ ဘာသာ ကူး-ပြောင်းခြင်း မရှိသည့်တိုင်အောင် ဆပ်၍မကုန်နိုင်သော ကျေးဇူးအနန္တရှိနေသည်ဟု ထင်မှတ်နေကြ ပါလိမ့်မည်။ ထိုကြောင့် ဘုရားဟောသော “ကလျာဏမိတ္တ အာစရိယ” ဟူသည် ထိုဆရာမျိုး မဟုတ်ကြောင်းကို မြန်မာစာ ဖတ်တတ်သူတိုင်း သိရှိကြစေရန်ရည်ရွယ်လျက်ရေးသားခြင်း ဖြစ်ဟန်တူပါ၏။ ထိုသို့ဖြစ်ကြောင်းကိုလည်း ဆရာတော်ဘုရားကြီး ရေးသားသောစာပိုဒ်များက သက်သေခံလျက်ရှိပါ၏။ (ဤကား စာရေးသူ၏ အယူအဆ ဖြစ်၏။)
မည်သို့ပင်ဖြစ်စေ၊ မိဘနှစ်ပါးသည် သားသမီးများအပေါ် ကျေးဇူးများကြသည်ဖြစ်ရာ ထိုမိဘနှစ်ပါး ကို သားသမီးများက ရှိခိုးသင့်ပါ၏။ ပူဇော်သင့်ပါ၏။ ထို့အတူ ကောင်းသောအတတ်ပညာများကို သင်ကြားပေးသူ ဆရာများသည်လည်း တပည့်များအပေါ် ကျေးဇူးများကြသည်ဖြစ်ရာထိုဆရာများကို တ ပည့်များက ရှိခိုးသင့်ပါ၏။ ပူဇော်သင့်ပါ၏။ သို့သော် ရတနာသုံးပါးနှင့် တန်းတူရည်တူ အဓိပ္ပာယ် သက်ရောက်သည့် “အနန္တဂိုဏ်းဝင်” ဟူသော အသုံးအနှုန်းဖြင့် ရှိခိုးခြင်း၊ ပူဇော်ခြင်း မပြုသင့်ပါချေ။
အဘယ့်ကြောင့်ဆိုသော် မိဘများသည် မိမိ၏ သားသမီးများအတွက်သာ ကျေးဇူးကို ပြုတတ်ကြ၏။ ထို့အတူ ဆရာများသည်လည်း မိမိ၏ တပည့်များအပေါ်သာ ကျေးဇူးကို ပြုတတ်ကြ၏။ လောကသား အား လုံး အတွက်ကျေးဇူးမပြုနိုင်ပေ။
ရတနာသုံးပါးသည်ကား လောကသားအားလုံးအတွက် ကျေးဇူးပြုသည်ဖြစ်ရာ ကျေးဇူးပြုပုံအရာဌာန အနည်းအများ ကွာခြားလှသည်ဖြစ်ခြင်းကြောင့် မိဘဆရာများကို ‘အနန္တဂိုဏ်းဝင်’ ဟုသုံးနှုန်းရန် မသင့်ခြင်း ဖြစ်ပါ၏။
မိမိတို့၏ မိဘ၊ ဆရာသမားများ၏ဂုဏ်တို့ကိုထုတ်ဖော်ညွှန်းဆိုလိုလျှင် ‘အနန္တဂိုဏ်းဝင်ကျေးဇူးရှင်’ ဟူသည့် အသုံးအနှုန်းမျိုးကို သုံးနှုန်းခြင်း မပြုဘဲ ‘အနန္တဂုဏ်အင်ကျေးဇူးရှင်’ ဟုပြောင်းလဲသုံးနှုန်းသင့်ပါ၏။
ထိုသို့သုံးနှုန်းသဖြင့်လည်း မိမိတို့မိဘ၊ ဆရာများ၏ဂုဏ်များ လျော့ပါးနိုင်ဖွယ်ရာမရှိပါ။ ‘အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင်’ ဟု သုံးနှုန်းကြသည်ရှိသော် ရတနာသုံးပါး၏ ဂုဏ်ကို ‘မသိခြင်း’၊
ရတနာသုံးပါး၏ဂုဏ်ကို ‘သိမှားခြင်း’၊ရတနာသုံးပါး၏ဂုဏ်ကို ‘ယုံမှားခြင်း’၊ရတနာသုံးပါးကို ‘မရိုသေ ခြင်း’ ဟူသော သရဏဂုံညစ်နွမ်းမှု အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါ၏။
သို့ဖြစ်၍ ‘အမှားသိမြင်၊ အမှန်ပြင်၊ အစဉ်ချမ်းသာမည်’ ဟူသော ဆောင်ပုဒ်နှင့်အညီ အစဉ်ထာဝရ ချမ်းသာသုခရရှိနိုင်ကြစေရန် ‘အမှား’ ကို သိမြင်ကြရပြီးဖြစ်ရာ ‘အမှန်’ ကို ပြင်နိုင်ကြပါစေဟု ဆန္ဒပြု အပ်ပါ၏။

အမှတ် ၁၃၉၊ ၂၀၀၈-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရတနာမဂ္ဂဇင်း။

No comments:

Post a Comment