ထုံးအိုးထဲကခေတ်သစ်ကျမ်းစာ
စာပေပရိယတ္တိအရာ၌ အထူးထင်ရှားကျော်ကြားတော်မူသော
ညောင်ကန်ဆရတော် ဦးဗုဓ်ထံသို့ ရဟန်းတစ်ပါးက သူကိုယ်တိုင် ပြုစုရေးသားထားသော ပေကျမ်းစာမူ
တစ်ထုပ် လာရောက်ဆက်ကပ်သည်။ အမှားတွေ့လျှင်ထုံးဖြင့်တို့ထားပြီး သုတ်သင်တည်းဖြတ်ပေးတော်မူပါရန်လျှောက်ထားသည်။
သုတ်သင် တည်း ဖြတ်၍ ပြီးလောက်ချိန်တွင် ဆရာတော်ဦးဗုဓ်ထံသို့ ကြွရောက်လာပြီး-
“တပည့်တော်ရဲ့ ပေစာမူ သုတ်သင်တည်းဖြတ်လို့
ပြီးပါပြီလား ဘုရား” ဟု လျှောက်ထားလေသည်။
ဆရာတော်က -
“အေး... ပြီးပါပြီ။ဟို... ထုံးအိုးထဲမှာ”
ဟု ထုံးအိုးရှိရာကို ညွှန်ပြလိုက်လေ၏။ ထိုအခါကျမ်းပြုသူ ရဟန်း တော်က -
“ဘာကြောင့်ထုံးအိုးထဲနှစ်ထားရပါလိမ့်ဘုရား”
ဟု မ၀ံ့မရဲမေးလျှောက်သည်။
“ကိုယ်တော်စာတွေက ထုံးတို့လို့မနိုင်လောက်အောင်ကို
အမှားတွေကများလွန်းနေလေတော့ ထုံးအိုး ထဲ နှစ်ထားလိုက်ရတာပဲ”ဟု ပြန်လည်၍ ဖြေကြားတော်၏။
မကြာသေးမီကစာရေးသူဖတ်ရသော ‘ဟိတသိဒ္ဓိပကာသနီကျမ်း’
အမည်ရှိစာအုပ်သည်လည်း နီဒါန်းမှ ဆုတောင်းခန်းတိုင်အောင်အမှားများ တင်းကျမ်းပြည့်နေသဖြင့် ထုံးအိုးထဲနှစ်ထားရမည့် ကျမ်း စာဖြစ်သည်ဟု
ဆိုရပါလိမ့်မည်။
ကျမ်းစာ၏ အစ ‘စကားလက်ဆောင်မွန်ဏ္ဍတွင်
စာရေးဆရာကြီးတစ်ဦးက ပညက်နယ်တွင် နေနေ ရသည့် လူသားများအဖို့စီပွားရေး၊ ကြီးပွားရေး၊
အမျိုးသားရေးဆိုသည့်ကိစ္စများ ရှိနေဦးမည်ဖြစ်သည်။ အရိယာသံဃာမဖြစ်သေးသည့်သံမ္မုတိသံဃာတော်အရှင်သူမြတ်တို့မှာလည်း
လောကီနယ်မှ မလွတ်နိုင်ေ သး။ ထို့ကြောင့် လောကလူသားများ၏ အကျိုးရှိရာရှိကြောင်းကို တတ်အားသမျှ လမ်းပြညွှန်ကြား
ပေး တတ်ကြပါ သည်။
“ကျမ်းပြုဆရာသည်လည်း ထိုအမြင် ထိုအတွေးဖြင့်
လောကတ္ထစရိယလုပ်ငန်းတစ်ရပ်အနေနှင့် ဤ ‘ဟိတသိဒ္ဓိပကာသနီ’ ကျမ်းကို ပြုစုရေးသားထားခြင်း
ဖြစ်သည်” ဟု ကျမ်းပြုသူ၏ဂုဏ်ပုဒ်ကို ထုတ်ဖော် မိတ်ဆက်ထားပါသည်။
သို့ပါသော်လည်း ကျမ်းပြုပုဂ္ဂိုလ်ကမူ
“လူသားများ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စများ အခန်းတွင်” မိမိနေထိုင်ရာ အိမ်ဂေဟာ၌ ကျေးဇူးမရှိပါဘဲနှင့်
စည်းကမ်းမဲ့စွာ ဒုက္ခသည်၊ အပူသည်၊ ရောဂါသည် စသည်တို့ မလာရောက်စေရပါ။
“ထိုပုဂ္ဂိုလ်တို့သည် တစ်ခါတစ်ရံ၌ တစ်နေ့တစ်ညလာရောက်လျှင်
ကိစ္စမရှိ၊ ရက်ရှည်လများ အထိ တည်ရှိလာမူ၊ နေ့စဉ်ရက်ဆက် ခဏခဏ၀င်ထွက်လာလျှင် မိမိအိမ်တွင်းရေးကိုလည်းကောင်း၊
စီးပွားရေး ကို လည်းကောင်း၊ ကျန်းမားရေးကိုလည်းကောင်း ထိခိုက်လာနိုင်ပါသည်။
“ဤကိစ္စမျိုးတွင် မြန်မာလူမျိုးများသည်
များသောအားဖြင့် မပြတ်သား၊ တိကျစွာမဆောင်ရွက် ဘဲ နေရာတိုင်းမှာစည်းကမ်းမရှိ၊ အားနာတတ်၊
သဘောကောင်းလွန်း၍ အမှုပြဿနာ ဒုက္ခဆင်းရဲ ဆုံးရှုံးနစ်နာမှုများ မဖြစ်သင့်ဘဲ ဖြစ်ကြရသည်။ ထို့ကြောင့်
စဉ်းစား ဆင်ခြင် ဉာဏ်ဖြင့်ယှဉ်၍ သတိပြုကြ ရန် ဖြစ်ပါသည်။” ဟူ၍ မိမိ၏ ပင်ကိုဇာတိရုပ်ကို
ထုတ်ဖော်ပြသထားပါ၏။
ဟိတသိဒ္ဓိပကာသနီကျမ်းပြုသူအနေဖြင့် လောကလူသားများ၏
အကျိုးကိုဆောင်ရွက်ရာတွင် ဒုက္ခ သည်၊ အပူသည်၊ ရေဂါသည်စသည်တို့ ပါဝင်မှုမရှိကြောင်း ဖော်ပြခြင်း
ဖြစ်ပါသည်။
_ _ _ _ _ _ _ _ _ _ _ _
ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ဇာတက၊ ၀ိမာန၀တ္ထုတို့တွင်
လာရှိသော -
“သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ၊
ပရိနိဗ္ဗာန်စံတော်မူသောမြတ်စွာဘုရား ၌ ဖြစ်စေ စိတ်ထားညီမျှသည်ရှိသော် ညီမျှသောအကျိုးကိုပေးနိုင်၏။
စိတ်ကို ကောင်းစွာထားခြင်းတည်း ဟူသော အကြောင်းကြောင့် သတ္တ၀ါတို့သည် ကောင်းသော လားသုဂတိသို့
သွားကြရကုန်၏” ဟူသည့် ဘုရားစကားကို မျက်ကွယ်ပြုကာ-
“(လောကီနည်း) ကိုးကွယ်သင့်သော ဘုရားပုံဏ္ဍာန်”
ဟူသော အခန်းတွင် နေ့သင့်၊ နံသင့်အလိုက် ပလ္လင်တော်ထုလုပ်ရမည့် အသားနှင့် ပုံတော်ထုရမည့်
အသားတို့ကိုခွဲခြား၍ ပြဆိုထားသည်။ ပုံတော်ကို မဟာ မြတ်မုနိပုံတော် ထုရန်နှင့်ဉာဏ်တော်အမြင့်ကိုလည်း
၉-လက်မ ထုရန် ညွှန်ကြားထား၏။
“ဗုဒ္ဓရုပ်ပွားတော်မှန်သမျှ အနေကဇာတင်ရာ၌
သောကြာ၊ ဗုဒ္ဓဟူး၊ တနင်္လာလပြည့်နေ့ ကြုံကြိုက်ရ ပါမည်။ ၎င်းင်းနေ့ တစ်နေ့နေ့သည် လပြည့်နေ့ဖြစ်ရပါမည်။
အရုဏ်တက်ချိန် ၅-နာရီခွဲခန့်ကို အနည်းဆုံး သံဃာ၅-ပါး၊ အများဆုံး သံဃာ၉-ပါးကိုပင့်၍အနေကဇာတင်ကိုးကွယ်ပါ”
ဟုအထူးမှတ်ချက် အနေဖြင့် ဖော်ပြ ထားလေသည်။
_ _ _ _ _ _ _ _ _ _ _ _
မြတ်ဗုဒ္ဓ ဟောဖော်ညွှန်ကြား ဆုံးမထားခဲ့ပါသော
ဒေသနာတော်တို့သည် ပိုနေသဖြင့် နုတ်ပယ်ခြင်း၊ လိုနေသဖြင့်ဖြည့်စွက်ခြင်းတို့ မပြုနိုင်လောက်အောင်
အလုံးစုံပြည့်စုံပြီးဖြစ်သည်။ လှူဖွယ်တန်းဖွယ် အသွယ်သွယ် (ဒါန၀တ္ထု) တို့ကိုသုတ္တန်နည်းအရ
၁၀-ပါး၊ အဘိဓမ္မာနည်းအရ ၆-ပါးရှိကြောင်း ခွဲခြား၍ ဟောကြားထားခဲ့ပြီး ဖြစ်၏။
သုတ္တန်နည်းအရ (၁) အန္န = ဆွမ်းအလှူ၊
(၂) ပါန = အဖျော်အလှူ၊ (၃) ဃရ = ကျောင်းအလှူ၊ (၄) ၀တ္ထ = အ၀တ်ပုဆိုးအလှူ၊ (၅) ယာန =
ယာဉ်အစီးအနင်းအလှူ၊ (၆)မာလာ = ပန်းအလှူ၊ (၇) ၀ိလေပန = နံ့သာပျောင်းအလှူ၊ (၈) ဂန္ဓ =
အနံ့အလှူ၊ (၉) သေယျ = အိပ်ရာနေရာအလှူ၊ (၁၀) ပဒီပ = ဆီမီး အလှူတို့ ဖြစ်သည်။
အဘိဓမ္မာနည်းအရ(၁) ရူပဒါန= အဆင်းအလှူ၊(၂)
သဒ္ဒဒါန= အသံအလှူ၊(၃)ဂန္ဓဒါန=ရနံ့အလှူ၊ (၄) ရသဒါန = ခဲဖွယ်ဘောဇဉ်အလှူ၊ (၅) ဖောဌဗ္ဗဒါန
= အုံးမွေ့ရာအလှူ၊ (၆) ဓမ္မဒါန = တရားပေစာ အလှူတို့ ဖြစ်သည်။
သို့ပါလျက် ဟိတသိဒ္ဓိပကာသနီကျမ်းပြုသူက
မြတ်ဗုဒ္ဓ၏ ဒေသနာတော်တို့ကို လိုနေသည် အ ထင်ဖြင့် ပြင်ဆင်ဖြည့်စွက်ထားသည်ကိုတွေ့ရ၏။
လောကီနည်းအရ ကောင်းကျိုးချမ်းသာ သုခအဖြာဖြာနှင့်ပြည့်စုံစေနိုင်သော
သစ်သီးများမှာ(၁) သင်္ဘောသီး၊ (၂) မာလကာသီး၊(၃) လိမ္မော်သီး၊ (၄)ရခိုင်ငှက်ပြောသီး၊ (၅)
ရွှေငှက်ပျောသီး၊ (၆) သီးမွှေး၊(၇) အုန်းသီး၊(၈) ပန်းသီး၊(၉) သစ်တော်သီး၊(၁၀) ကျွဲကောသီး(၁၁)
သံပရာသီး၊(၁၂) ကတ္တီပါသီးတို့ဖြစ်ပါသည်။
“ကပ်လှူပူဇော်သင့်သောပန်းများ၊ အညွှန့်များမှာ (၁)
သပြေပန်း၊ (၂)ဂန္ဓမာပန်း၊(၃) မြတ်လေးပန်း၊ (၄) သရဖီပန်း၊ (၅) ငွေပန်း၊ (၆)ကံ့ကော်ပန်း၊
(၇) မေမြို့ပန်းအဖြူ၊ (ဂ)သစ္စာပန်းများ ဖြစ်ပါသည်။
“ဤ၈- မျိုးသောပန်းများသည်မြတ်စွာဘုရားနှင့်တကွအနန္တောအနန္တငါးပါးအား
ကပ်လှူပူဇော်ရမည်။ အထက်ပါရှစ်မျိုးသောပန်းများသည် ကုသိုလ်ဓာတ်ပန်းများဖြစ်သောကြောင့်
မင်္ဂလာနှင့်လည်း ပြည့်စုံနိုင် သည်။ အေးမြကြည်လင်စေသော ကောင်းကျိုးမင်္ဂလာနှင့်ပြည့်စုံသော
ပန်းများဟုမှတ်ယူသင့်ပါသည်။
“ဤကုသိုလ်ဓာတ် မင်္ဂလာကျက်သရေနှင့်ပြည့်စုံသော
ပန်း ၈-မျိုးကိုသာ ကပ်လှူခြင်း၊ ပူဇောခြင်း၊ လှူဒါန်းခြင်းကိုပြုရပါမည်။ အထူးသတိပြုကြရန်ဖြစ်ပါသည်။}}ဟူသတတ်။
_ _ _ _ _ _ _ _ _ _ _ _
မိလိန္ဒပဥှာကျမ်းတွင်အသျှင်နာဂသေနမထေရ်မြတ်က
မိလိန္ဒမင်းကြီးအား-
“မင်းမြတ်၊ အလှူခံပုဂ္ဂိုလ်ရောက်လာသည်ရှိသော်
အကြင် အလှူကိုမပေးလှူအပ်။ အပေးလှူဘဲ ထား အပ်သော ထိုအလှူသည် လောက၌ ရှိသလော” ဟု မေးတော်မူ၏။
“အသျှင်ဘုရားနာဂသေန၊ (၁) သေအရက်အလှူကို
လောက၌ပေးလှူ၏။ ထိုသူသည် အပါယ်သို့လား၏။ (၂) သဘင်အလှူကို၊ (၃) မိန်းမအလှူကို၊ (၄) နွားလားဥဿဘအလှူကို၊
(၅) ပန်းချီဆေးရေး အလှူကို၊ (၆) လက်နက်အလှူကို၊ (၇) အဆိပ်အလှူကို၊ (၈) သံခြေကျင်း အလှူကို၊
(၉) ကြက်/၀က်အလှူကို၊ (၁၀) ချိန်စဉ်းလဲ
တောင်းစဉ်းလဲအလှူကို လောက၌ မပေးလှူသင့်သော အလှူဟူ၍ သမုတ်အပ်၏။ အကြင်သူသည် ထိုအလှူကို
ပေးလှူ၏။ ထိုသူသည်အပါယ်လား၏။
“အသျှင်ဘုရား နာဂသေန၊ လောက၌ မပေးလှူသင့်သော
အလှူသမုတ်အပ်ကုန်သော အလှူတို့သည် ဤဆယ်ပါးတည်း။ အကြင်သူသည် ထိုအလှူတို့ကို ပေးလှူ၏။
ထိုသူသည် အပါယ်သို့ လား၏ဟု (လျှောက်၏)။”
ဤဖော်ပြခဲ့သောမိလိန္ဒပဥှာကျမ်း၊ ဝေဿန္တ့ရာပဥှာအခန်းကို
ဖတ်ဖူးဟန်မတူသော ဟိတသိဒ္ဓိ ကျမ်းပြု ဆရာသည် မလှူဒါန်းကောင်းသော သစ်သီးနှင့်ပန်းမျာကို
ဖော်ပြရာ၌မကောင်း ကျိုးကိုဖြစ်စေနိုင်သော အသီး များမှာ (၁) ဖီးကြမ်းငှက်ပျောသီး၊ (၂)
စပျစ်သီး၊ (၃) ကနခိုသီး၊ (၄) သြဇာသီး၊ (၅) ဒူးရင်းသီး၊ (၆ ) ရဲယိုသီး၊ (၇) ပေသီးတို့
ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
ထို့ပြင်မလှူသင့်သောပန်း၊ အညွှန်များကို
ဖော်ပြရာ၌မူ အကုသိုလ်ဓာတ်များပါသော ပန်း များ၊ ဒေါသ နှင့် မကောင်းကျိုးကိုသာ ပေးစွမ်းနိုင်သော
ပန်း၊ အညွှန့်များမှာ-(၁) ဇော်စိမ်း၊ ဇော်ကျားပန်း၊ (၂) ဒေါနပန်း၊ (၃)နှင်းဆီပန်း၊ (၄)
စံပယ်ပန်း၊(၅) ကြက်မောက်ပန်း၊ (၆)လူအများသတ်မှတ်ထားသော စီးပွားဂမုန်းပန်း၊ (၇) နှင်းပန်း၊
(၈) တရုတ်စံကားပန်း၊ (၉) စံကားစိမ်းပန်း၊ (၁၀) တမာညွှန့်၊ (၁၁) ပိတောက်ပန်း၊ (၁၂) နဂါးစက်ပန်း
စသော ဤ ၁၂ မျိုးသော အညွှန့်ပန်းများသည် အကုသိုလ်ဓာတ်ပါသော ပန်းအညွှန့်များ ဖြစ်ကြသည်။
“မဆောင်ကောင်း၊ မဆောင်ထိုက်၊ မပန်ကောင်း၊
မပန်ထိုက်၊ မနှစ်သက်ကောင်း၊ လောကီနည်းအရ ဘုရားစသောအနန္တောအနန္တ၅-ပါးအား မလှူကောင်း၊ မလှူအပ်သတိထားပါ။
ဤ ၁၂-မျိုးသော ပန်းများသည် အဆိပ်ပြင်းသော
မြွေပွေး ၁၂- ကောင်နှင့်တူ၏။ ထိုပန်း ၁၂-မျိုးသည် ပြုစားတတ်သော စုန်းကဝေများနှင့်တူ၏။
မကောင်းသော အတိတ်များ၊ နိမိတ်များ၊ မကောင်း ကျိုးများကိုသာ တွင်တွင်ပေးစေနိုင်သော မီး
၁၂-ပါးနှင့်တူလှ၏။” ဟု ဆိုလေသတတ်။
ဟိတသိဒ္ဓိပကာသနီကျမ်းပြုဆရာသည် ခုဒ္ဒကနိကာယ်၊
ဝိမာန၀တ္ထုတွင်ပါရှိသော ‘တမာရွက် လက် တစ်ဆုပ်စာမျှလောက်ကိုဆွမ်းခံရဟန်းတော်တစ်ပါးအား
ပေးလှူခဲ့သည့် ကောင်းမှုကြောင့် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာတို့ ခံစားရသည့် နတ်သမီးအကြောင်း”
ပြဆိုရာ နိမ္ဗမုဋ္ဌိဒါယိကာဝိမာန၀တ္ထုကို ဖတ်ဖူး၊ ကြားဖူးခြင်း မရှိလေဟန်တကား။
ထို့ပြင် ခါးသဖြင့် လူတို့ အလိုမရှိသော
သပွတ်ခါးနွယ်ပန်း လေးပွင့်တို့ကို မြတ်စွာဘုရား၏ စေတီ (သရီဓာတ်)တော်အား ပူဇော်ရန်အသွား
လမ်းခရီးအကြားတွင် နွားဝှေ့ခံရသဖြင့်သေဆုံး၍ နတ်ပြည်၌ ရွှေဝါရောင်ပြသာဒ်တွင် ခံစားရသောနတ်သမီးအကြောင်းကို
ပြဆိုထားသည့် ပီတ၀ိမာန ၀တ္ထု ကိုလည်း ယုံကြည်မှု မရှိကြောင်း ပြဆိုရာရောက်နေပါ၏။
“သဒ္ဒါမပိုင်စာမကိုင်နှင့်” ဟူသောဆိုရိုးစကားရှိပါသည်။
စာရေးသူအနေဖြင့် “သဒ္ဓါမခိုင်စာမ ကိုင်” နှင့် ဟု ထပ်ဆင့်သတိပေးစကား ဆိုချင်ပါ၏။ ရတနာသုံးပါးအပေါ်ယုံကြည်မှုသဒ္ဓါတရား
မရှိပါဘဲ လျက် ဘာသာ ရေးစာ မရေးပါနှင့်” ဟူလို။
ဤသည်တို့မှာ “ဟိတသိဒ္ဓိပကာသနီကျမ်း”
မှတစ်စိတ်တစ်ဒေသမျှသာ ထုတ်နှုတ်ပြခြင်းဖြစ်၏။ အခြား ကဏ္ဍများဖြစ်သည့် သူရဿတီနတ်သမီး၏ အချစ်ဂါထာ၊
သူရဿတီနတ်သမီး၏ ကိုယ်စောင့်ဂါထာ၊ ရှင်ဥပ ဂုတ္တရဟန္တာဂါထာ၊ အာရောဂျသိဒ္ဓိဂါထာ၊ လာဘ်လာဘပွင့်ဝတ်ရွတ်စဉ်ဂါထာ စသည်တို့ကို ကား
ဆောင်းပါး ရှည်လျားမည်စိုးသဖြင့် ချန်လှပ်၍ထားခဲ့ပါမည်။
_ _ _
_ _ _ _ _ _ _ _ _
နောက်ဆုံး “ဆုတောင်းခန်း” တွင်-
“ဤသို့ ‘ဟိတသိဒ္ဓိပကာသနီကျမ်းမြတ်’ ကိုပြုစုရေးသားရသော
ကောင်းမှုကုသိုလ်ကြောင့်” ဟု အစ ချီကာ “ဘုရား ရဟန္တာ အရိယာတို့ ၀င်စံရာဖြစ်သော ခေမာသောင်ကမ်း
နိဗ္ဗာန်နန်းသို့ ၀ဋ်ဒုက္ခတိုတိုနှင့် လျင်မြန်စွာ ၀င်စံရပါစေသတည်း။”ဟု ဆုတောင်းထားသည်။
ထိုဆုတောင်းခန်းကို ဖတ်ပြီးချိန်တွင်
ဖြူးဆရာတော်ဟောကြားသော တရားတော်ထဲမှ တက်တိုးတို့ သားအဖအကြောင်းကို ကြားယောင်နေမိ၏။
တက်တိုးဆိုသူ၏ ဖခင်သည် ညဦးပိုင်းတွင်
မူးရူးကာ ရပ်ကွက်ထဲရှိလူများးကို ကြမ်းချင်တိုင်းကြမ်း ရမ်းကားချင်တိုင်း ရမ်းကားနေကျ
ဖြစ်သည်။ နံနက်စောစော အမူးပြေသောအခါ ‘သြကာသ၊ သြကာသ၊ သြကာသ...နိဗ္ဗာန်မဂ်ဖိုလ်ကိုရက်တိုတိုနှင့်ရောက်ရပါလို၏ဘုရား’
ဟု ဆုတောင်းကာ ကြေးစည်ထုရန် ရွယ် လိုက်စဉ် သားဖြစ်သူ တက်တိုးက ‘မထင်...ထင်.....ထင်...’ဟု
ကြေးစည်သံအလား ရွတ်ဆိုလိုက်လေ၏။
ကြေးစည်ထုရန်ဟန်ပြင်နေသော ဖခင်ဖြစ်သူက
ကျိန်ဆဲလေ၏။ တက်တိုးကလည်း ထပ်မံ၍ ‘ထို့ ကြောင့် ပို၍ သာ၍ မထင်...ထင်...ထင်’ ဟု ဆိုလေ၏။
အကယ်၍သာ တက်တိုးဆိုသူသည် ဟိတသိဒ္ဓိပကာသနီကျမ်းမှ
ဆုတောင်းထားသည့်စာကို ဖတ်ရှုရမည်ဆိုပါလျှင်.....။ ။
အမှတ်စဉ်(၂၅၇) ၂၀၁၁-ခုနှစ်၊ မေလ၊ဓမ္မရံသီမဂ္ဂဇင်း။
No comments:
Post a Comment