Tuesday, January 22, 2013

အခြားမရှိပြီ



 အခြားမရှိပြီ
ဗုဒ္ဓဘာသာဝင်တို့သည် အမြတ်ဆုံးဖြစ်သော ဗုဒ္ဓ၊ဓမ္မ၊ သံဃဟူသောရတနာသုံးပါးကိုသာလျှင် ကိုးကွယ် ဆည်းကပ်ခြင်း ပြုအပ်ပါသည်။ ရတနာသုံးပါးမှတစ်ပါး အခြားသော ကိုးကွယ်ရာတို့ကို ရှာမှီးပါမူ သရဏဂုံ ညစ်နွမ်းပျက်စီးပါသည်။ အောက်တန်းစား ဗုဒ္ဓဘာသာဝင်ဟုခေါ်ဆိုထိုက်သည်။ မိစ္ဆာဒိဋ္ဌိ အဖြစ် သို့လည်း သက်ရောက်ပါသည်။
ရတနာသုံးပါးမှတစ်ပါး အခြားသောကိုးကွယ်ရာတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းပြုပါက သရဏဂုံ ညစ်နွမ်း ပျက်စီး၍ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း “သုတေသနသရုပ်ပြ အဘိဓာန်” ကျမ်းပြုဆရာတော် အရှင် သြဘာသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) “သုတေသနသမ္မာမဂ္ဂင်္ဂပဥှာ” ကျမ်းတွင်ပြတ်ပြတ်သားသား ဖြေဆို ထားပါသည်။
စာရေးသူသည် သရဏဂုံနှင့်စပ်လျဉ်း၍ ဖြေကြားထားသော အမေးအဖြေတော်တော်များများကို ဖတ်ရှု လေ့လာဖူးပါသည်။ သုတေသနကျမ်းပြု ဆရာတော်၏ အဖြေကိုမူ သဘောကျ နှစ်ခြိုက်မိ မဆုံး ဖြစ်ပါသည်။
ဆရာတော်သည် ပုဂ္ဂိုလ်ရေးမဖက် ဓမ္မသက်သက်သာ ငဲ့ကွက်ပြီး ဖြေဆိုထားသည်ကို တွေ့ရ၏။ သရဏဂုံနှင့် စပ်လျဉ်း၍ဖြေဆိုထားသော အဖြေများစွာထဲမှ ဖော်ပြမည့်အဖြေတို့ကို ဖတ်ရှုကြည့်လျှင် ဗုဒ္ဓ ဘာသာဝင်တို့အပေါ်ထားရှိသော ဆရာတော်၏ စေတနာနှင့် သာသနာအပေါ် ထားရှိသော စိတ်ဓာတ် အမှန်တို့ကို မှန်းဆကြည်ညိုနိုင်လိမ့်မည်ဖြစ်သည်။
‘”ထက်ဆရာကြီးတွေကို ကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား” ဟူသောခေါင်းစဉ်ဖြင့် စာမျက်နှာ(၁၅၁) တွင်ဖြေဆိုထားသည်မှာ ရှင်းလင်းပြတ်သားလှပါသည်။
ဆရာတော်သည် အမေးအဖြေဟန်ဖြင့် ရေးသားဖော်ပြထားပါသည်။
_ _ _ _ _ _ _ _ _ _ _ _
ဒကာ။ ။ ဥပါဒါန်တရားလေးပါးထဲမှာ သီလဗ္ဗတုပါဒါန်ဆိုတာနဲ့ စပ်ပြီးတော့ အထက်ဆရာကြီးတွေ၊ ၀ိဇ္ဇာ ဓိုရ်တွေ၊ ထွက်ရပ်ပေါက်ဆရာကြီးတွေ၊ နတ်သိကြား ဗြဟ္မာကြီးတွေကို ချမ်းသာအောင် စီမံဖန်ဆင်းေ ပးနိုင်တဲ့ ကယ်တင် ရှင်အနေနဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာ သီလဗ္ဗတုပါဒါန်ထဲမှာပါဝင်တဲ့ အယူ အစွဲမိ စ္ဆာဒိဋ္ဌိ တွေပဲလို့ ပြောဆိုငြင်းခုံနေကြတာ မှန်ပါသလား ဆရာတော်။ ဒီပြဿနာက တော်တော် ကြီးထွားနေတယ်ဘုရား။ ဖြေကြား ပါဦး။

ဆရာ။ ။ အင်း- သီလဗ္ဗတအယူအစွဲ ဥပါဒါန်တရားက အရာကျယ်တယ်။ ကျွဲလို၊ နွားလို၊ ခွေးလို၊ တိရစ္ဆာန်တို့၏ အနေအထိုင်သွားလာစားသောက်ပုံတွေကိုသဘောကျနှစ်သက်ကာယင်းတို့၏ အလေ့အထ ကို အတုယူ၍ ကျင့် ခြင်းမျိုး၊ ယင်းတို့၏ ရုပ်ပုံနှင့်ယင်းတို့ကိုကိုးကွယ်ခြင်းမျိုး။
ဒကာကြီးတို့လျှောက်ထားခဲ့တဲ့ အထက်ဆရာကြီးတွေနဲ့ ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ်ကြီးတွေ၊ နတ်၊ သိကြား၊ ဗြဟ္မာကြီးတွေကို ချမ်းသာသုခဖန်ဆင်းပေးနိုင်တဲ့သူတွေပဲလို့ ယုံကြည်စွာကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းဖြင့် ဆင်းရဲ ဒုက္ခမှလွတ်မြောက်ပြီး ချမ်းသာသုခတွေရရှိသွားနိုင်တယ်ဟု အားထား ယုံကြည် ကိုးကွယ်တာမှန်သမျှ သီလဗ္ဗတပရာမာသဒိဋ္ဌိတွေချည်း ဖြစ်လို့သီလဗ္ဗတုပါဒါန်တွေချည်းသာ မှတ်ပေတော့ ။ နောက်ထပ် မမေးနဲ့၊ ပညာရှိမှန်ရင် လက်ခံလိမ့်မယ်။
အဲဒါမှမကျေနပ်သေးရင် စာပေတတ်သိတဲ့ တကယ့်ပညာရှိ ဆရာတော်များထံ ချဉ်းကပ်မေးမြန်း ဦးပေါ့။ စာပေမတတ်တဲ့ဖြီးဖြန်းဆရာ၊ ဒကာ-ဒကာမကိုအလိုလိုက်ပြီး အားနာပါးနာနဲ့ညာဝါးစားနေတဲ့ သူမျိုးတွေဆီ ကိုတော့ သွားမမေးနဲ့။ အဲဒီရောက်ရင် ပွဲပြင်၊ ပွဲထိုးနဲ့ ပျက်မယ်သာကြံရော့ပဲ။
ဒါအမှန်အတိုင်း ပြောတာ။ သူတို့ကိုနှိမ့်ချကဲ့ရဲ့တာမဟုတ်။ ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ ကိုး ကွယ်နိုင် တာပဲဟာ။

ဆရာတော်ယူဆသကဲ့သို့ပင် စာရေးသူတို့ ဗုဒ္ဓဘာသာဝင်တချို့ အမှားများကို ကိုးကွယ်နေကြခြင်း မှာ “စာပေမတတ်တဲ့ ဖြီးဖြန်းဆရာ၊ ဒကာ-ဒကာမကို အလိုလိုက်ပြီး ညာဝါးစားနေတဲ့” သူတချို့ကြောင့် လည်း ဖြစ်နိုင်ပါ၏။
အခြားဘာသာဝင်တို့မှာမူ လူသားချင်းတူကြပါသော်လည်း ကိုးကွယ်စရာမများကြချေ။ ထိုသို့ကိုး ကွယ် စရာမများရန်လည်း ၄င်းတို့၏ ဘာသာရေးခေါင်းဆောင်များကသွန်သင်ဆုံးမကြပါသည်။ ဤအချက် မှာ နည်းယူ ဖွယ်ပင်ဖြစ်သည်။
_ _ _ _ _ _ _ _ _ _ _ _
စာမျက်နှာ(၁၉၇) တွင် ဖြေဆိုထားသည်မှာလည်း တိုတိုကျဉ်းကျဉ်းနှင့်လိုရင်းထိမိသော အဖြေဖြစ် သဖြင့် အလွန်မှတ်သားထိုက်ပေသည်။

ဒကာ။ ။ယခုခေတ်လူအများတို့မင်းကြီး၊ မင်းလေး၊ မြင်းဖြူရှင်၊ ဗိဿနိုး၊ သူရဿတီစတဲ့နတ်အမျိုးမျိုးတို့ကို ကိုးကွယ်ပူဇော်နေကြတာဟာ မိ စ္ဆာဒိဋ္ဌိ ဖြစ်ပါသလား ဆရာတော်။

ဆရာ။ ။ မိမိတို့ပြုလုပ်နေကြတဲ့ကုသိုလ်ကံ၊ အကုသိုလ်ကံမပါဘဲနတ်တို့ကစောင့်ရှောက်ထောက်ပံ့ မစပေးလို့ ကောင်းကျိုး၊ ဆိုးကျိုးရကြတယ်ဟုကံ-ကံ၏အကျိုးကိုမယုံဘဲနတ်သက်သက်ကိုတစ်ဖက်သတ် ယုံကြည် အားကိုးကာ နတ်တို့နေရန်နတ်ကွန်းကိုမွမ်းမံပြင်ဆင်ခြင်း၊ အမွေးနံသာတို့ပက်ဖျန်းခြင်း၊ ငှက်ပျောပွဲ၊ အုန်းပွဲတို့ဖြင့် ကောင်းမွန်စွာ တင်သပူဇော်ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း ပြုသူတို့ကား မိ စ္ဆာဒိဋ္ဌိဖြစ် ၏ တဲ့။ ဆင်ခြေ တက်စရာမလိုဘူး။
        
       ဆရာတော်၏ အဖြေတို့မှာ ပြတ်သားထိမိလှသဖြင့် ထင်ရာမြင်ရာ ကိုးကွယ်သူတို့က ကြမ်းသည်ဟု ယူဆေ ကာင်း ယူဆကြပေလိမ့်မည်။ သို့သော်ထိုအသုံးအနှုန်းများကပင်ဆရာတော်၏ စေတနာကိုထင် ရှားပေါ် လွင်စေပါသည်။
ဆရာတော်၏ အဖြေတို့သည် သစ်သားစကို စားစရာအထင်ဖြင့် ကောက်ယူမျိုသော ကလေး သူ ငယ် အား အတင်း အကျပ်ချုပ်ကိုင်လျက်မရအရ ကော်ထုတ်ယူသကဲ့သို့သာဖြစ်ပါသည်။ ထိုကဲ့သို့ မပြု လုပ်ပါလျှင် ကြီးစွာသော အန္တရာယ်ဖြစ်ဖွယ်ရာသာ ရှိပါတော့သည်။
အလွဲယုံကြည်ကိုးကွယ်မှု မိစ္ဆာဒိဋ္ဌိအယူမှားသည် ကြီးစွာသော အန္တရာယ်ဖြစ်နိုင်ကြောင်းကို အင်္ဂုတ္တရ နိကာယ်လာဘုရားဟောဒေသနာကိုထောက်ဆ၍သိအပ်လှပါသည်။
“ရဟန်းတို့၊ ဤမှားသောမြင်ခြင်း ‘မိ စ္ဆာဒိဋ္ဌိ’ တရားသည်သတ္တ၀ါတို့ ကိုယ်ခန္ဓာ ပျက်စီး၍သေပြီး သည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ သို့ ရောက်ကြောင်း ဖြစ်သကဲ့သို့ ဤအတူ သတ္တ၀ါတို့ ငရဲသို့ ရောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။
“ရဟန်းတို့၊ မှားသောမြင်ခြင်း မိစ္ဆာဒိဋ္ဌိအယူရှိကုန်သော သတ္တ၀ါတို့သည် ကိုယ်ခန္ဓာပျက်စီး ၍ သေပြီး သည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ ကျရောက်ရာ ငရဲ သို့ ရောက်ရ ကုန်၏” (အံ၊ မြန်၊ ၁၊ ၄၂)
သတ္တ၀ါတို့အပါယ်ငရဲသို့ ကျရောက်ရသည်မှာ ထိုလွဲမှားသောယုံကြည်ကိုးကွယ်မှု မိစ္ဆာဒိဋ္ဌိအယူမှ တစ်ပါး အခြားမရှိချေ။ ထိုလွဲမှားသောယုံကြည်ကိုးကွယ်မှု မိစ္ဆာဒိဋ္ဌိအယူမှားကိုဘုရားဟောဒေသနာ၊ ဆရာ တော်ကြီးများ၏ စေတနာများ ထောက်ထား၍ အထူးပင် ရှောင်ရှားစွန့်ပယ်သင့်ကြပါသည်။ သို့မှ သာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ပါလိမ့်မည်။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ တရားတော်တို့ကိုမထေရ်မြတ်တို့ အတည်ပြု သတ် မှတ် ပြဋ္ဌာန်းသည့်မူဝါဒနှင့်အညီ သက်ဝင်ယုံကြည်စွာ လိုက်နာကျင့်သုံးသူကို ခေါ်ဆိုသောကြောင့်ပါတည်း။

အမှတ်စဉ် (၂၃၆ ) ၂၀၀၉ ခုနှစ်၊ သြဂုတ်လ၊ ဓ မ္မရံသီမဂ္ဂဇင်း။

No comments:

Post a Comment