Tuesday, January 22, 2013

မိုးနတ်လိုက်သူများ



မိုးနတ်လိုက်သူများ
      မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းဒေသနာတော်အရ “ပတ်ဝန်းကျင်သည်ထိုထိုပုဂ္ဂိုလ်တို့အား ဥပနိဿယပစ္စည်း အနေအားဖြင့်ကျေးဇူးပြုသည်” ဟုသိရပါသည်။ ထိုပတ်ဝန်းကျင်တွင်တောသည်လည်း အပါအ၀င်ဖြစ်၏။
သို့ဖြစ်၍ဥတုရာသီတောကိုမှီရကား ကျေးဇူးတုံ့ပြန်သောအားဖြင့်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ထိန်း သိမ်းမှုတို့ကို မလွဲမသွေ ပြုသင့်ပါ၏။ ထိုသို့မပြုဘဲ ဆန့်ကျင်မှုပြုပါလျှင် တန်ပြန် သက်ရောက်မှုဒဏ်ကို ခံကြရမည်ဖြစ်သည်။
စာရေးသူနေထိုင်ရာဒေသသည်သုံးနှစ်တစ်ကြိမ်၊ လေးနှစ်တစ်ကြိမ်ခန့်မျှ မိုးခေါင်လေ့ရှိသည်။ ပတ် ၀န်း ကျင် တော၏ တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရသော ဒေသဟု ဆိုနိုင်ပါ၏။ ထိုသို့မိုးခေါင်ပါလျှင် မိုးခေါင်ခြင်း၏ အဓိကအကြောင်းရင်းမှန်ကိုမဝေဖန်မဆန်းစစ်ဘဲရှေးအစဉ်အလာဟုဆိုကာ မိုးနတ် လိုက်ခြင်း၊ လွန်ဆွဲခြင်းတို့ကို ဆောင်ရွက်ကြ၏။ မိုးနတ်လိုက်ခြင်းနှင့် လွန်ဆွဲခြင်းတို့သည် ဘာသာရေး ရှုထောင့်မှကြည့်လျှင် လွန်စွာ အရုပ်ဆိုး၊ အကျည်းတန်လှသော လုပ်ရပ်များ ဖြစ်ကြ၏။
_ _ _ _ _ _ _ _ _ _ _ _
မိုးရွာစေရန် နတ်ပူဇော်သည့်နေရာသည် ရွာမှနှစ်မိုင်ခန့်ဝေးကွာသောအရပ်တွင် တည်ရှိ၏။ နတ် ပူဇော်ရာ အရပ်သို့ရွာရှိအိမ်ထောင်ဦးစီးများ အားလုံး လိုက်ကြရသဖြင့် မိုးနတ်လိုက်သည်ဟူသော စကား ဖြစ်ပေါ်လာဟန် ရှိ၏။
မိုးနတ်ပူဇော်ရန်လိုက်ကြသည့်အခါ ဦးထုပ်ဆောင်းခြင်း၊ ဖိနပ်စီးခြင်းတို့ကိုမပြုကြရပေ။ ဦးထုပ် မဆောင်း ရခြင်း၏ ရည်ရွယ်ချက်မှာ ဘာကြောင့်ဖြစ်သည်ကိုတိတိပပမသိရသော်လည်း ဖိနပ်မစီးရခြင်း မှာ ပြန် လာလျှင် ဖိနပ်စီး၍မရနိုင်လောက်အောင် မိုးသည်းထန်စွာရွာလိမ့်မည်ဟု ယူဆ ကြသောကြောင့်ဖြစ်၏။
ဝါးတစ်လုံး၊ သက်ကယ်တစ်ပျစ်နှင့်ကြက်အရှင်များ၊ အရက်များကိုလည်း တစ်ပါတည်း ယူဆောင်သွား ကြရ၏။ ၀ါးတစ်လုံး၊ သက်ကယ်တစ်ပျစ်နှင့်ပင် နတ်စင်ပုံပေါ်အောင် အပြီးဆောက် လုပ်ကြရသည်။ ကြက် အရှင်များကို နတ်တင်ရာအရပ်သို့ ရောက်မှသတ်ဖြတ်ပြီးလျှင် ချက်ပြုတ်၍ အရက်တို့ဖြင့် ပူဇော်ပသကြရ လေသည်။ နတ်တင်သည့်အခါပန်းကန်ဖြင့် ကျကျနနတင်ရသည်မဟုတ်။ ဖက်ရွက်ခူးကာ ကတော့ပြုလုပ်၍ တင်ကြရသည်။ (ဤသို့ဤသို့သော အဆင့်ရှိသည့် နတ်တစ်ပါးပေ တကား) ထိုသို့ ဆောင်ရွက်သည်ကို မိုးနတ်လိုက်သည်ဟု ဆိုကြလေ၏။
လူသားတို့ အသိဉာဏ်မဖွံ့ဖြိုးမီကာလက ဆောင်ရွက်ခဲ့ကြသည့်နည်းများအနက်က ယဇ်ပူဇော် သည့် နည်း တစ်မျိုးသာဖြစ်သည်။ မိမိနေထိုင်ရာအဆောက်အဦး တစ်ခုကိုမျှပင် ကိုယ့်အစွမ်းအစဖြင့် ဖန်တီး နိုင်ခြင်းလည်း မရှိ၊ လူတို့ပေးစကမ်းစကို မှီခိုကပ်ရပ်စားသောက်နေရသော ထိုနတ်ဆိုသူကား အဘယ်မှာလျှင် မိုးရွာအောင် စွမ်းဆောင်နိုင်ပါမည်နည်း။ စဉ်းစားဝေဖန်သင့်ပါ၏။
ရွာသို့ ပြန်ရောက်လျှင် လွန်ဆွဲခြင်းကို ပြုလုပ်ကြ၏။ မိုးခေါင်သဖြင့် မိုးကိုမျှော်ကာ စိတ်မော လူမော ဖြစ်လျက်ရှိခြင်းကြောင့်အခိုက်အတန့်စိတ်အပြောင်းအလဲဖြစ်စေရန် ရသေ့စိတ်ဖြေသဘော မျိုးဖြင့်ပြုလုပ်ခြင်းဖြစ်ပါမူ အပြစ်ဟုမဆိုသာသော်လည်းယခုလွန်ဆွဲခြင်းမှာမူ မိုးနတ်ကိုပျော်တော်ဆက် သည့်အနေဖြင့် လွန်ဆွဲကြခြင်း ဖြစ်၏။
ထိုသို့ မိုးရွာရန် အကြောင်းမဟုတ်သည်ကို အကြောင်းဟုထင်ခြင်းသည် (၀ိသမဟေတုက ဒိဋ္ဌိ) နည်းလမ်းမမှန် ဖောက်ပြန်မှားယွင်းသော အယူသာ ဖြစချေ၏။ အကယ်၍ တိုက်တိုက်ဆိုင်ဆိုင် မိုးရွာပါ လျှင်မူ မိမိတို့ လုပ်ရပ်ကို အမှန်ဟု ယူစွဲသည့် အယူမှား (သီလဗ္ဗတပရာမာသဒိဋ္ဌိ) ပင်ဖြစ်လိုက်ကြသေး၏။ အကုသိုလ်အပေါ် အကုသိုလ်ဆင့်လျက်ရှိရကား နူရသည့်အထဲ ၀ဲစွဲခြင်းကိုခံရသကဲ့သို့ပါတည်း။
ထို့ကြောင့်ဒေါက်တာအရှင်ဓမ္မပီယ(ပါမောက္ခ) ဆရာတော်က “အသိဉာဏ်နည်းရှာသောလူတွေ သည် တကယ်ပင် နတ်တွေနှင့် အလုပ်တွေရှုပ်နေကြသည်။ ဒီဥပါဒါန်အစွဲကြောင့် မမှားသင့်သော အမှားမျိုးတွေကို ပြုလုပ်နေတတ်ကြပြီး အမှားသံသရာတွေလည်နေရှာကြသည်” ဟုသုံးသပ်ထားပါ၏။
_ _ _ _ _ _ _ _ _ _ _ _
ဗုဒ္ဓဘာသာဝင်တို့သည် မြတ်ဗုဒ္ဓ လမ်းညွှန်ဆုံးမသည်နှင့်အညီ သက်ဝင်ယုံကြည်စွာ လိုက်နာကျင့်သုံးသင့် ပါ၏။ သို့မှသာ ဗုဒ္ဓဘာသာဝင်ဟူသော ဂုဏ်ဒြပ်နှင့် လျော်ညီမည် ဖြစ်၏။ မိရိုးဖလာ အစဉ်အလာဖြစ်ရုံမျှဖြင့် ၀ိဘဇ္ဇဉာဏ်အခြေမခံဘဲလိုက်နာဆောင်ရွက်ခြင်း မပြုကြရန်ကေသမုတ္တိသုတ်တော်တွင် ကာလာမမင်း တို့အား မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါ၏။
“ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားရုံမျှဖြင့် (ဟုတ်ပြီ၊ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက်စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ဖြစ်ဖူးသတတ်ဟူသောစကားမျှဖြင့်လည်း မယူ ကုန်လင့်ဦး၊ စာပေနှင့်ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး။
“နည်းမှီယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကိုကြံစည်သောအားဖြင့်လည်း မယူကုန် လင့်ဦး၊
(ငါတို့) ကြံစည်နှစ်သက်၍ယူထားသော အယူနှင့်တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူ ထိုက်သောသဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူ ကုန်လင့်ဦး။”
“ကာလာမမင်းတို့ ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ကဲ့ရဲ့အပ်သောတရားတို့တည်း၊ ဤတရားတို့ကိုပြည့်စုံစေ အပ် ဆောက်တည်အပ်ကုန်သည်ရှိသော်အစီးအပွားမဲ့ခြင်းငှာဆင်းရဲခြင်းငှာဖြစ်ကုန်၏ဟု သင်တို့သည် မိမိကိုယ်တိုင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။”
(ဤအကြောင်းအရာကိုဖတ်ဖူး၊ ကြားနာဖူးသူများပါလိမ့်မည်။ သို့သော်ထပ်ဖတ် ရှုနှလုံးသွ င်းနိုင်ကြစေရန် ဖော်ပြလိုက်ပါသည်။)
သတ္တ၀ါတို့သန္တာန်၌ အယူမှားမှုအယူမှန်မှုသည် ထိုကာလာမသုတ်တော်ပါ အခြင်းအရာ ဆယ်မျိုးအနက်  တစ်မျိုးမျိုးကို အခြေခံကာ ၀ိဘဇ္ဇဉာဏ်ရှိမှု၊ မရှိမှုအပေါ် မူတည်၍ဖြစ်ပေါ်ကြကုန်၏။ ထို့ကြောင့်အကြောင်း အကျိုး အကောင်းအဆိုးတို့ကို ခွဲခြမ်းဝေဖန်တတ်သော ၀ိဘဇ္ဇဉာဏ်ရှိရန် အထူးလိုအပ်ပါသည်။
ဝိဘဇ္ဇဉာဏ်ဖြင့် ခွဲခြမ်းဝေဖန်၍ စွန့်အပ်သောအရာဟု သိလျှင်သိချင်း စွန့်ပယ်ခြင်း ပြုရပါလိမ့်မည်။ ထိုသို့ စွန့်ပယ်ခြင်း မပြုပါလျှင်တစ်စတစ်စရှင်သန်ကြီးထွားလာနိုင်ရကား နိယတမိ စ္ဆာဒိဋ္ဌိအဖြစ်သို့ သက်ရောက် နိုင်ပါ သည်။
ထိုနိယတမိစ္ဆာဒိဋ္ဌိကံသည် ပဉ္စာနန္တရိယကံထက်ပင် အပြစ်ကြီးလေးသောကံဖြစ်၍ ဘုရားအဆူဆူ ချွတ် သော်လည်း မကျွတ်နိုင်ပါချေ။ ထိုသို့ မကျွတ်နိုင်ကြောင်းကို အဋ္ဌသာလိနီ၌-
“နိယတမိ စ္ဆာဒိဋ္ဌိံ ဂဟေတွာ ဌိတပုဂ္ဂလံ ဗုဒ္ဓသတမ္ပိ၊ ဗုဒ္ဓသဟဿမ္ပိ ဗောဓေတုံ နသက္ကောတိ”
နိယတမိ စ္ဆာဒိဋ္ဌိအယူရှိသောပုဂ္ဂိုလ်ကိုဘုရားအရာ၊ အထောင်ပင်ချွတ်သော်လည်း မကျွတ်နိုင်”ဟုဆို ထားပေ၏။
ဓမ္မာစရိယ ဦးဌေးလှိုင်သည် ကေသမုတ္တိသုတ္တန်လာ အချက်အလက်များနှင့် အယူမှားခြင်းကြောင့် ရရှိမည့် အပြစ်တို့ကို မှတ်သားရလွယ်ကူစေရန် အောက်ပါအတိုင်း လင်္ကာသီကုံးထား ပါသည်။
“ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏၊ ၀ါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊ ကယ်မရတည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊ စေ့စုံ ဉာဏ်ဖြင့်၊ မြော်ထောက်ချင့် ကာ၊ တစ်ဆင့်ကြားသိ၊ မိရိုးဖလာ၊ ကောလာဟလ၊ ကျမ်းစာမျှဖြင့်၊ ကြံဆနည်းမှီ၊ ဆီလျော်သုံးသပ်၊ ယူခြင်းထပ်၍၊ ယုံအပ်သူပဲ၊ ဆရာစွဲဖြင့်၊ လွဲပုံစိတ်ချ၊ မယူကြလင့်၊ ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်၊ မှား မှန် ကောင်း ဆိုး၊ သိအောင်ကြိုးဟု၊ မျိုးကာလာမ၊ ဟောညွှန်ပြသည်၊ ၀ါဒအယူစစ်တမ်းပေ။”
မိရိုးဖလာအစဉ်အလာဟုဆိုကာ သမိုင်းပေး တာဝန်တစ်ရပ်သဖွယ်သဘောထားလျက်ဆောင် ရွက်နေကြ သည့် ထိုမိုးနတ်လိုက်ခြင်း၊ လွန်ဆွဲခြင်းတို့သည် ၀ိဘဇ္ဇဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဝေဖန်မှု ပြုသည် ရှိသော် စင်စစ်အကုသိုလ်အမှုတို့သာဖြစ်ပါသည်။ အပြစ်ရှိပြီးလျှင်ပညာရှိသူတော်ကောင်းတို့ မနှစ်မြို့ဖွယ် ကဲ့ရဲ့ ထိုက် သောအမှုတို့ပါတည်း။
ထိုအမှုတို့ကို ပြုကြကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာသာဖြစ်ပါမည်။ ထိုအစီးအပွား မဲ့မည့် ဆင်းရဲမည့် အရာတို့ကိုသားစဉ်မြေးဆက်တိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်၍ အမွေ ပေးသင့်သောအရာများ မဟုတ်ပါသဖြင့်အချိန်မနှောင်းမီဗုဒ္ဓအလိုတော်ကျစွန့်ပယ်သင့်ပါကြောင်း တိုက်တွန်း အပ် ပါသည်။ ။

                                                                         
အမှတ်၊ ၁၅၁၊ ၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရတနာမဂ္ဂဇင်း။

No comments:

Post a Comment