Tuesday, January 22, 2013

ဝဋ်မီးစာ


ဝဋ်မီးစာ
အရှင်နာဒရ(ဟိုပင်)၏ “ဥပေက္ခာမရှိသောနှလုံးသား” အမည်ရှိစာအုပ်ကိုစိတ်ပါဝင်စားစွာဖတ်ရှု နေစဉ် ဒါယကာတစ်ဦး ကျောင်းသို့ရောက်လာသည်။ ဖတ်လက်စ စာမျက်နှာကိုမှတ်ထား၍စားပွဲပေါ်သို့တင် ထား လိုက်၏။
သူသည် စာရေးသူထံမှ ဘာသာရေးစာအုပ်များကို ငှားယူဖတ်ရှုလေ့ရှိ၏။ ဖတ်သမျှ စာအုပ်များထဲမှ မရှင်းလင်းသည့် အချက်အလက်တို့ကိုလည်း လာရောက် မေးမြန်းလေ့ရှိ၏။
သူလာလျှင် မေးခွန်းတစ်ခုမဟုတ် တစ်ခုပါလာတတ်စမြဲဖြစ်၍ ယခုလည်း မေးခွန်းမေးရန်အတွက် လာရောက်ခြင်း ဖြစ်မည်ဟု ယူဆရပေ၏။
“ဘာတွေများ မေးစရာ ရှိလာပြန်ပြီလဲ”
“အမေး-အဖြေ စာအုပ်ထဲက အဖြေတစ်ခုဟာ တပည့်တော်အဖို့ ဇဝေဇ၀ါဖြစ်နေတာနဲ့ လာခဲ့တာပါ ဘုရား:”
“ဘယ်လို ဖြေထားလို့ ဇဝေဇ၀ါ ဖြစ်နေရတာလဲ”
“၀ိဇ္ဇာဇော်ဂျီကိုးကွယ်တာ၊ အိမ်တွင်း အိမ်ပြင်နတ်များကိုကိုးကွယ်တာ၊ ဘိုးဘိုးကြီးများကိုကိုးကွယ် တာများကသံသရာဘ၀အတွက်ဘုရားအဖြစ်ကိုးကွယ်တာမျိုး မဟုတ်ပါဘူး။ အန္တရာယ်ကင်းအောင်၊ လာဘ်လာဘ ပေါများအောင်၊ လောကီအကျိုးငဲ့ပြီး ကိုးကွယ်ကြခြင်းဖြစ်လို့ ဒီလို ဘယ၊ လာဘ၊ ကုလ၊ အာစရိယအဖြစ် ကိုးကွယ်ခြင်းအတွက်သရဏဂုံမပျက်ဘူးလို့ဖြေထားတယ်ဘုရား။
“ဒီလိုကိုးကွယ်ကြတာတွေကိုတချို့ဆရာတော်တွေကသရဏဂုံပျက်တယ်၊ တချို့ဆရာတော်တွေက သရဏဂုံ မပျက်ဘူးလို့ဆိုနေကြတော့တပည့်တော်တို့လူဝတ်ကြောင်တွေအဖို့ဘယ်ဟာအတည်ယူရမယ်မှန်း မသိ။ ဇဝေဇ၀ါဖြစ်နေမိပါတယ်။ဒါနဲ့ပတ်သက်လို့အရှင်ဘုရားရဲ့အယူအဆလည်း သိရအောင်လာခဲ့တာ ပါဘုရား”
“ဒီအဖြေမှာပါတဲ့ ‘ဘယ၊ လာဘ၊ ကုလ၊ အာစရိယအဖြစ်ဖြင့်ကိုးကွယ်ခြင်းအတွက်သရဏဂုံမပျက်ဘူး’ ဆိုတာကိုထောက်ဆရင်ဒီအဖြေဟာသီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာသရဏတ္တယ၀ဏ္ဏနာအဖွင့်ကိုကြည့်ပြီး ဖြေဆိုထား တာ ဖြစ်ပါလိမ့်မယ်”
“အဋ္ဌကထာကဘယ်လိုများ ဖွင့်ဆိုထားလို့တုံး ဘုရား”
“အဋ္ဌကထာမှာဖွင့်ဆိုထားတာကသရဏဂုံတည်ပြီးသားသူကိုရည်ညွန်းပြီး ဖွင့်ဆိုထားတာဖြစ်တယ်။ ဒါကြောင့်သရဏဂုံတည်ဖို့ရန် ခံယူဆောက်တည်ပုံ အခြင်းအရာလေးမျိုး (သရဏဂုံလေးမျိုး) ဆိုတာကိုအရင်ဆုံး
သိထားဖို့ လိုလိမ့်မယ်”
“မှန်ပါ၊ ဖတ်တော့ဖတ်ဖူးပါတယ်၊ မမှတ်မိတော့လို့ အမိန့်ရှိပါအုံးဘုရား”
“ဒါဆိုလဲ သတ်ပုံ တံချူကျမ်းမှာပါတဲ့ လင်္ကာကလေးအတိုင်း မှတ်သားထားပေါ့။ ‘ကိုယ်ကိုဆောင်လျဉ်း၊ လဲလျောင်းခြင်းနှင့်၊ ၀ပ်စင်းရိုကျိုး၊ ရှိခိုးတုံငြား၊ တပည့်သားအဖြစ်၊ စင်စစ်သရဏဂုံ ဤလေးစုံကို၊ လုံလေအမြဲ၊ သက်လုံးစွဲ’ တဲ့။ ဒီလင်္ကာထဲမှာပါတဲ့ ‘ကိုယ်ကိုဆောင်လျဉ်း’ ဆိုတာကမိမိကိုယ်ကိုရတနာသုံးပါးအား စွန့်လွှတ် အပ်နှင်းတဲ့ အတ္တသန္နိယျာတန သရဏဂုံကို ဆိုလိုတာ။
‘လဲလျောင်းခြင်းနှင့်’ ဆိုတာကတော့ရတနာသုံးပါးကိုသာအားကိုးအားထားခြင်း၊ ကိုးကွယ်လဲလျောင်း ခြင်းဆိုတဲ့ တပ္ပရာယဏတာ သရဏဂုံကို ဆိုလိုတာ။
‘၀ပ်စင်း ရိုကျိုး၊ရှိခိုးတုံငြား’ ဆိုတာကရတနာသုံးပါးကိုသာလျှင်ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ် ချီခြင်း၊ အရိုအသေပြုခြင်းတို့ကို ပြုပါ့မယ်လို့ ခံယူဆောက်တည်တဲ့ ပဏိပါတ သရဏဂုံကို ဆိုလိုတာ။
‘တပည့်သားအဖြစ်’ ဆိုတာကရတနာသုံး၏ တပည့်အဖြစ်သာခံယူတဲ့ သိဿာဘာဝူပဂမနသရဏဂုံကို ဆိုလိုတာ ဖြစ်တယ်။
အဲဒီသရဏဂုံလေးမျိုး တစ်သက်လုံး စွဲစွဲမြဲမြဲမိမိသန္တာန်မှာတည်ရှိနေအောင်ဆောက်တည်ထားပါလို့ ဒီလင်္ကာက ဖော်ပြထားတာ ဖြစ်တယ်။ ဒီလင်္ကာထဲမှာပါတဲ့ ပဏိပါတသရဏဂုံဆိုတာရဲ့ သဘောအဓိပ္ပာယ်ကို နားလည်ပြီ မဟုတ်လား”
“မှန်ပါ၊ နားလည်ပါပြီဘုရား”
“အဲဒီ ပဏိပါတသရဏဂုံတည်သူအဖို့ ရတနာသုံးပါးမှတစ်ပါး အခြားပုဂ္ဂိုလ်များ၌ ‘အမျိုးအနွယ်အစဉ် အလာဖြစ်နေခြင်း၊ ဒါမဟုတ်အတတ်ပညာသင်ပေးတဲ့ ဆရာဖြစ်နေခြင်းတို့ကြောင့်ရှိခိုးခြင်းတို့ကို ပြုသော်လည်း သရဏဂုံမပျက်ကြောင်း’ အဋ္ဌကထာဆရာက ခြွင်းချက်အနေနဲ့ ပြဆိုထားတဲ့ စကားရပ်ရယ်ပါ။
“အဋ္ဌကထာဖွင့်ဆိုထားတဲ့ (ဒီ၊ဋ္ဌ=၁၊ ၂၀၇) စကားရပ်ကိုချမ်းမြေ့အခြေပျိုး ဗုဒ္ဓဘာသာမှာချမ်းမြေ့ ဆရာတော်က ‘ရတနာသုံးပါးကိုယုံကြည်ဆည်းကပ်သဖြင့်သရဏဂုံတည်နေသောဗုဒ္ဓဘာသာဝင်တစ်ယောက် သည်တခြားဘာသာမှဘုရားဆိုသူများ၊ ဘုန်းကြီးဆိုသူများကိုဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းတို့ကြောင့်ရှိခိုးသော်
လည်း တည်ပြီးသား သရဏဂုံမပျက်’ လို့ဘာသာပြန်ထားပါတယ်။
“ချမ်းမြေ့ဆရာတော် ဘာသာပြန်ထားတဲ့ ဆွေမျိုးဖြစ်ခြင်းဆိုတဲ့ ]ကုလ} ပုဒ်ကို တချို့ပညာရှင်များက ‘အမျိုးအနွယ်အစဉ်အလာဖြစ်ခြင်း’ လို့လဲဘာသာပြန်ကြတယ်။ ‘မိရိုးဖလာအစဉ်အလာ’ လို့လဲဘာသာပြန်ကြ တယ်။ မိမိကြိုက်နှစ်သက်ရာသာယူပေတော့။
“ဒီအဋ္ဌကထာမှာပါတဲ့ ‘အဘိဝါဒန၊ အဉ္ဇလိကမ္မ’ ဆိုတဲ့ပါဠိကို ဒကာဇဝေဇ၀ါဖြစ်အောင် ဖြေဆိုထားတဲ့ ဆရာတော်က’ ကိုးကွယ်ခြင်း’ လို့ဘာသာပြန်လိုက်တော့ ထင်ရာမြင်ရာကိုးကွယ်ကြချင်သူတွေအဖို့ အကိုးအကား အထောက်အထားရသွားစေတာပေါ့။
“အဋ္ဌကထာပြဆိုချက်ဟာ သရဏဂုံတည်ပြီးသားသူကိုသာ ရည်ရွယ်ပြီးဆိုတာ ဖြစ်တယ်။ သရဏဂုံ မတည်တဲ့သူများအတွက်အချိန်ကုန်ခံပြီး စဉ်းစားနေစရာတောင်မလိုပါဘူး”
“၀ိဇ္ဇာတို့၊ နတ်တို့၊ ဘိုးတော်တို့ကိုးကွယ်နေကြတဲ့သူများဟာဗုဒ္ဓဘာသာဝင်ဆိုတဲ့သူတွေကအများစု ဖြစ်ကြပါတယ်။ ဒါကြောင့် သရဏဂုံ တည်ပြီးသူများလို့ မဆိုနိုင်ဘူးလားဘုရား”
“ရတနာသုံးပါးမှတစ်ပါး အခြားပုဂ္ဂိုလ်တွေကိုအမျိုးအနွယ်အစဉ်အလာဖြစ်နေလို့၊ဒါမှမဟုတ်အတတ် ပညာသင်ပေးတဲ့ ဆရာဖြစ်နေလို့ရှိခိုးတယ်ဆိုရင် သရဏဂုံမဖြစ်လို့ သရဏဂုံမပျက်ပါဘူး။
ဒီလိုပဲ ရတနာသုံးပါးအပေါ်မှာ အမျိုးအနွယ်အစဉ်အလာဖြစ်လို့ အတတ်ပညာသင်ပေးဖူးတဲ့ ဆရာ ဖြစ်လို့ ရှိခိုးပူဇော်နေသူများဟာ လဲသရဏဂုံမဖြစ်တဲ့အတွက် သရဏဂုံမတည်နိုင်ဘူးလို့ အဲဒီအဋ္ဌကထာမှာပဲ ဆိုထား ပါတယ်။
“ဒီအချက်ကို သတိမပြုလို့သာ သရဏဂုံမပျက်ဘူးလို့ ဖြေဆိုလိုက်တာဖြစ်ပါလိမ့်မယ်။ မျက်ကန်းယုံ ကြည်မှုနဲ့ထင်ရာမြင်ရာကိုးကွယ်နေသူတွေကိုလေ့လာကြည့်တဲ့အခါဘာသာတရားကိုလေ့လာမှုအားနည်းကြပြီးအမျိုးအနွယ်အစဉ်အလာ(မိရိုးဖလာ) ဖြစ်လို့ ရှိခိုးခြင်း၊ ပစ္စည်းဝတ္ထုများဖြင့်ပူဇော်လှူဒါန်းခြင်းတို့ ပြုလုပ်နေကြ တာဖြစ်တဲ့အတွက် ဘယ်လိုနည်းနှင့်မျှ သရဏဂုံတည်သူများ မဖြစ်နိုင်ပါဘူး။
“တကယ်လို့ သရဏဂုံတည်တယ်ဆိုစေဦးတော့ အဋ္ဌကထာကတစ်ဆက်တဲဆိုထားတဲ့ စကားရပ်ကို အလေးအနက်ထားပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်”
“အဋ္ဌကထာက ဘယ်လိုများ ဆက်ဆိုထားလို့တုံး ဘုရား”
“ရတနာသုံးပါးမှတစ်ပါး အခြားပုဂ္ဂိုလ်များကို အမျိုးအနွယ် အစဉ်အလာဖြစ်၍ ရှိခိုးခြင်း၊ ဆရာဖြစ်၍ ရှိခိုးခြင်းတို့သည်သာ သရဏဂုံမပျက်သော်လည်း မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ရှိခိုးခြင်းအမှုတို့ကို ပြုခဲ့သော် ဆောက်တည်ထားအပ်သော သရဏဂုံသည်ပျက်၏’ လို့ဆိုထားပါသေးတယ်။
“ဒီတော့ရွှေလက်ကောက်ရှိပါလျက်ကြေးလက်ကောက်ကိုတန်ဖိုးထားနေကြတဲ့သူတွေဟာဘယ်အရာ ကို မြင့်မြတ်သော ပုဂ္ဂိုလ်လို့ ယူဆထားကြောင်း လေ့လာ အကဲခတ်ကြည့်ရင် သိပါလိမ့်မယ်။
“ဥပမာ-ထိုသူတွေဟာ ကိုးကွယ်မှုစစ်မှန်ဖို့အတွက် ဟောပြောပြသသူ ရဟန်းသံဃာတော်များကို သူတို့ရဲ့ လုပ်ငန်း နှောင့်ယှက်တယ်လို့ ယူဆပြီး ရန်သူသဖွယ် သဘောထားကာ အမျိုးမျိုးဝေဖန် ရှုတ်ချ အတိုက်
အခံလုပ်တာမျိုးတွေ၊
“ပြီးတော့ဂိုဏ်းအဖွဲ့ဝင်ပုဂ္ဂိုလ်များဟာအထက်ဆရာဆိုသူများခိုင်းမှလုပ်လေ့ရှိကြတဲ့အပြင်အိမ်တစ်အိမ်
ရောက်သွားလို့ ဘုရားကျောင်းဆောင်ပေါ်မှာ သူတို့ ဘိုးတော်ပွဲဆိုတာ ရှိရင်တော့ ရှိခိုးလေ့ရှိကြပြီး ဘိုးတော်ပွဲ ဆိုတာ မရှိရင် ရှိခိုးလေ့ မရှိကြတာတွေ၊
“နတ်အားကိုးကြတဲ့ သူများဟာ ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာပဲဗုဒ္ဓမနှစ်သက်တဲ့အရာများနဲ့ နတ်ဆိုတာ တွေကို ပူဇော်ပသတင်မြှောက်ခြင်း ပြုလုပ်လေ့ရှိကြတာတွေဒါတွေကို ထောက်ဆကြည့်ရင် ဘယ်အရာကိုသာ အလေး အမြတ်ထားနေတယ်ဆိုတာသိသာထင်ရှားနေပါပြီ။
“ဒါဆိုရင် သရဏဂုံမပျက်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အဖြေဟာသရဏဂုံတည်ခဲ့လို့မပျက်တာ မဟုတ်ဘဲ အစ ကတဲက သရဏဂုံမတည်ခဲ့လို့မပျက်တာသာဖြစ်နိုင်ကြောင်း ဦးဇင်းအနေနဲ့ယူဆပါတယ်”
“မှန်ပါဘုရား၊ သရဏဂုံပျက်-မပျက်ဆိုတာတော့ရှင်းသွားပါပြီ။ အဲဒီဝိဇ္ဇာဆိုတာနဲ့ပတ်သက်ပြီးတော့ မေးချင်ပါသေးတယ်”
“ကဲ...မေးစမ်းပါအုံး”
“၀ိဇ္ဇာတို့၊ ဘိုးတော်တို့ဟာ ဒယ်အိုးမှာလို့ ဓမ္မကထိက ဆရာတော်တစ်ပါး ဟောထားတာ နာရတယ် ဘုရား။ အဲဒါ ဟုတ်ပါသလား”
“ဦးဇင်းက ဒိဗ္ဗစက္ခုအဘိညာဉ်ရထားသူမှ မဟုတ်တာ။ ဘယ်မှာလာပြီး အတတ်သိနိုင်ပါ့မလဲ၊ ဒါပေမယ့် ဘယ်ရောက်နေတယ်ဆိုတာ ခန့်မှန်းလို့ရအောင် အထောက်အထားတစ်ခု ရေးပေးလိုက်ပါ့မယ်။ ကိုယ့်ဘာသာ ကိုယ် စဉ်းစားဝေဖန်ပြီး ခန့်မှန်းသာကြည့်ပေတော့”
စာရေးသူသည် နေရာမှထကာ မဃဒေ၀လင်္ကာသစ်စာအုပ်ကိုသွားယူပြီးလျှင် ဗြဟ္မ၀ိဟာရစရိယ အခန်း၊ အပိုဒ်၄၃၆-ပါလင်္ကာမှ မေးခွန်းနှင့်ဆီလျော်ရာကို ထုတ်နှုတ်၍ ရေးသားပေးလိုက်ပါသည်။
“တစ်သီးမှန်စွာ၊ နတ်ဝိဇ္ဇာတို့၊ ဂါထာ အင်း အိုင်၊ စိုးပိုင်သောအား၊ မန္တရားဖြင့်၊ ဘွား ဘွားရွတ်ကာ၊ သင်္ချိုင်းမှာလျှင်၊ အစာကျွေး၍၊ လကွယ်နေ့၌၊ တေ စ္ဆ့ဦးထုပ်၊ ချွတ်ယုတ် ယူကျင်၊ ကိုယ်တွင်ဆောင်ငြား၊ သံ ပြဒါးက၊ ဆေးဝါးသတ္တိ၊ နတ်တရှိတည့်၊ သိဒ္ဓိကျိုးကြီး၊ဓား လှံပြီးနှင့်၊ရှိန်းပြီး အန်းပြီး၊ ပါးစုံပြီးလည်း၊ သေပြီး နိရယ၊ အပါယ်ကျလိမ့်၊ ဒေါသမပြီး၊ ငရဲကြီး၏၊ ၀ဋ်မီးအစာ၊ အတတ်သာရှင့်...”.။ ။

အမှတ်စဉ် ၂၂၉၊ ၂၀၀၉-ခုနှစ်၊ ဇန်န၀ါရီလ၊ ဓမ္မရံသီမဂ္ဂဇင်း။

No comments:

Post a Comment