Tuesday, January 22, 2013

တိုက်မြွေ ဂိုဏ်းမြွေ



တိုက်မြွေ ဂိုဏ်းမြွေ
ကျေးလက်တွင် နေထိုင်သူတို့သည် ကောက်ပဲသီးနှံများ စိုက်ပျိုးချိန်၊ ရိပ်သိမ်းချိန်တို့၌ မြွေဆိုးများ အန္တရာယ်နှင့် တွေ့ကြုံရလေ့ရှိ၏။
ထို့ကြောင့်လည်း ဘယ်သူတော့ ဘယ်လယ်၊ ဘယ်ယာထဲမှာ “ဘာမြွေ အကိုက်ခံရလို့တဲ့” ဟူသည့် အသံတို့ကို ကြားရတတ်လေ့ရှိပါသည်။” ဘယ်သူကိုကိုက်တဲ့မြွေက ရိုးရိုးမြွေမဟုတ်ဘူး။ ‘တိုက်မြွေ’ တဲ့ ဟူသည့် အသံတို့ကိုလည်း ရံဖန်ရံခါကြားရတတ်ပါသေးသည်။
တစ်ခုသောနေ့တွင် ဂွေးချိုကျေးရွာနေ ဦးထွန်းရီနှင့် ‘တိုက်မြွေ’ အကြောင်း စကားဆိုဖြစ်သည်။
“မြွေကိုက်ခံရလို့ရှိရင်မြွေဆိပ်ဖြေဆေးထိုးဖို့အတွက် ကိုက်တဲ့မြွေကိုလည်း တစ်ပါတဲ ယူဆောင် လာခဲ့ ရတယ်မဟုတ်လား။ အဲဒီယူလာတဲ့မြွေတွေထဲမှာ တချို့တွေပြောပြောနေတဲ့ ‘တိုက်မြွေ’ ဆိုတာ တစ်ကောင် တစ်လေလောက်များ တွေ့မိသလား” ဟု မေးကြည့်မိ၏။
     ဦးထွန်းရီသည် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပ သော မွေးမြူရေးနှင့် ဆေးကုသရေး သင်တန်းအမှတ်စဉ် (၁/၉၇-၉၈)ကို တက်ရောက် သင်ကြား ခဲ့သုဖြစ်၏။ မြွေနှင့်ပတ်သက်သော အတွေ့အကြုံများစွာ ရှိနေသူဖြစ်၍ မေးကြည့်မိခြင်း ဖြစ်ပါသည်။
“မြွေကိုက်ခံရလို့ မြွေဆိပ်ဖြေဆေး ထိုးတော့မယ်ဆိုရင် မြွေအမျိုးအစားပေါ် လိုက်ပြီး မြွေဆိပ်ဖြေေ ဆး ထိုးရပါတယ်။ မြွေအမျိုးအစား ကွဲကွဲပြားပြားသိရအောင်၊ မြွေပါမလာဘူး ဆိုရင်ကိုက်တဲ့မြွေဟာ ဘာမြွေဖြစ်နိုင် သလဲဆိုတာ လူနာရဲ့ လက္ခဏာကို အကဲဖြတ်နေရတာနဲ့ အချိန်ကြန့်ကြာနိုင်တာရယ်ကြောင့် ကိုက်တဲ့မြွေကို တစ်ပါတဲ ယူလာခဲ့ခိုင်းရတာပါ။
ကိုက်တဲ့မြွေအားလုံးကတော့ ‘တိုက်မြွေ’ တွေချည်း ဖြစ်တယ်လို့ ဆိုနိုင်တာပေါ့ဘုရား။ ဘာကြောင့် လည်းဆိုတော့ မြွေကို ခြေနဲ့ လက်နဲ့ တိုက်မြိကလို့ရ ယ၊် ဒါမှ မဟုတ် သူတို့ ရှိတဲနေရာကို လူကသွားလို့ တိုက်ဆိုင်လို့ရယ်ကြောင့် အကိုက်ခံရတာချည်းပါပဲ။ ဒါကြောင့် ကိုက်တဲ့ မြွေမှန်သမျှ ‘တိုက်မြွေ’ တွေလို့ ဆိုနိုင်တာပေါ့ ဘုရား” ဟု ပြုံးစစအမူအရာဖြင့် လျှောက်ထားပါလေသည်။
တချို့က ဘယ်သူကို ကိုက်တဲ့ မြွေဟာ ရိုးရိုးမြွေ မဟုတ်ဘူး။ တိုက်မြွေလို့ ပြောပြောနေကြတာ ကြား ကြားနေရလို့ မေးကြည့်တာပါ။
‘တိုက်မြွေလို့ ပြောတာနဲ့ပတ်သက်ပြီး တပည့်တော်အထင်ကို လျှောက်ကြည့်ပါ့မယ် ဘုရား။ မြွေ ဆိုတာ ဘာကိုပဲကိုက်ကိုက်၊ ကိုက်တာနဲ့အဆိပ်ဟာ ကုန်ခန်းသွားလေ့ရှိတယ်။ ခြောက်နာရီလောက်ကြာမှ အဆိပ်က ပုံ မှန်အတိုင်း ပြန်ပြီးပြည့်လေ့ရှိတယ်။
     အဲဒါကြောင့် ကိုက်တဲ့မြွေဟာ အဆိပ်ပြင်းနိုင်တယ်- မပြင်းနိုင်ဘူးဆိုတာရယ်၊ မြွေဆိပ်ဖြေဆေး ဘယ်လောက် ထိုးရမယ်ဆိုတာကို တိုင်းတာနိုင်ဖို့အတွက်မြွေ မျိုးထားတဲ့အစာကိုကြည့်ပြီး ခန့်မှန်းရတာမို့ ရင်ခွဲပြီးတော့ ကြည့်လေ့ရှိကြတယ်။
အဲဒီလို ရင်ခွဲကြည့်တဲ့ အခါမှာ မြွေရဲ့ဝမ်းထဲမှာ ဘာအစာမှ မျိုထားတာ မတွေ့ရရင် မြွေရဲ့ဝမ်းထဲမှာ ဘာမှ မရှိဘူးလို့ အလွယ်တကူပြောတာကို ကြားတဲ့သူတွေက မြွေရဲ့ဝမ်းထဲမှာ အူတွေ၊ အသည်းတွေ၊ သည်းခြေ တွေ၊ ဘာမမှ မရှိဘူးလို့ ယူဆပြီး တိုက်မြွေလို့ သမုတ်ကြဟန် တူပါတယ် ဘုရား။
ပြီး တော့ မြွေကိုက်ခံရတဲ့သူကို ဂိုဏ်းဆရာတွေ ကိုလို့ မပျောက်ခဲ့ရင်လည်း တိုက်မြွေလို့ ယိုးမယ်ဖွဲ့ တတ်ကြတဲ့အတွက် ဂိုဏ်းဆရာတွေရဲ့ စကားကိုသံယောင်လိုက်ပြီး ပြောကြတာလဲ ဖြစ်နိုင်တာပေါ့ ဘုရား။”
“အင်း ဒကာ့ရဲ့ ထင်မြင်ယူဆချက်ဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ဂိုဏ်းဆရာတွေ ကုလို့ ပျောက်ကင်းသွားတာမျိုးလဲ ရှိတယ်မဟုတ်လား။ အဲဒါက ဘာကြောင့်ဖြစ်နိုင်သလဲ။”
“မြွေ အစာမျိုပြီးစမှာ အကိုက်ခံရတဲ့သူရယ်၊ ပြီးတော့ အစာမျိုပြီးလို့ ခြောက်နာရီ မကျော်သေးခင် မှာ အကိုက်ခံရသူတွေရယ်ကို သူတို့ကုတာနဲ့ တိုက်ဆိုင်သွားလို့ပါ။ သူတို့စွမ်းလို့တော့ မဟုတ်နိုင်ပါဘူး။ အစာကို မြွေမျိုထားတာ ခြောက်နာရီလဲကျော်သွားပြီ၊ အဆိပ်ကလဲ ပုံမှန်အတိုင်းပြည့်နေပြီ ဆိုတဲ့အချိန်မျိုး မှာ အကိုက် ခံရလို့ကတော့ သူတို့ရဲ့အထက်ဘိုးတော်ကြီးတွေ၊ အဖေကြီးတွေကိုယ်တိုင်လာပြီး ကုရင်တောင် မပျောက် နိုင်ပါဘူး။
ဟိုတစ်လောက အနီးနားရွာတစ်ရွာမှာ မြွေကိုက်ခံရတဲ့သူ ဂိုဏ်းဆရာနဲ့ကုနေပြီး မနိုင်တော့ မှ ဆေးရုံ သွားလို့ သေဆုံးသွားတဲ့အကြောင်းကို အရှင်ဘုရားလဲကြားလိုက်မှာပေါ့ ဘုရား။”
“အင်း... ကြားတော့ ကြားလိုက်ပါတယ်။ တိတိကျကျ သိရအောင် ပြောပြစမ်းပါဦး။”
“အဖြစ်က ဒီလိုဘုရာ့း။ မြွေကိုက်ခံရတာကို ဆေးရုံဆေးခန်းသွား မကုဘဲ ဂိုဏ်းဆရာတစ်ဦးနဲ့ ကုနေ သတဲ့လေ။ နောက်တစ်နေ့ နံနက်ရောက်တော့မှ ဆရာလုပ်သူကလူနာရဲ့အခြေအနေကို သိတယ်နဲ့ တူပါတယ်။ လူနာရှင်တွေကိုပြောတယ်။ လူနာမှာ အဆိပ်ကတော့ သူချပေးထားလို့ မရှိတော့ဘူး။ ဒါပေမဲ့ လူနာဟာ အရမ်း အားနဲနေတယ်။ ဒါကြောင့် အားဆေးထိုးရအောင် ဆေးရုံကို သွားကြပါလို့ ခိုင်းသတဲ့။
ဒါနဲ့ ဆေးရုံကိုသွားကြတာ လမ်းခုလပ်မှာပဲ ဆုံးသွားပါရောလား။ အဲဒါကို ဆရာဖြစ်သူက ကိုက်တဲ့မြွေဟာ ရိုးရိုးမြွေမဟုတ်ဘူး၊ တိုက်မြွေလို့ပြောသတဲ့။ ဆရာက တိုက်မြွေလို့ပြောတာနဲ့ သေသူရဲ့ မိခင်ဖြစ်တဲ့သူက မကြာသေးခင်ကမှ ယာမြေကိစ္စနဲ့ စကားများထားဖူးတဲ့သူကို စောင်းမြောင်းပြီး ကျိန်ဆဲတော့ တာပေါ့။ အဲဒီ ယာမြေကိစ္စနဲ့ စကားများဖူးတဲ့သူက အောက်လမ်းဆရာခေါ်ပြီး သူ့သားသေအောင်လုပ်တယ်ပေါ့။  စောင်းမြောင်းအဆဲခံရတဲ့သူက တခြားရွာက ဖြစ်နေလို့တော်သေး တာပေါ့။ နို့မဟုတ်ရင်ဘယ်ထိအောင် ပြဿနာတွေ ဆက်တက်နေအုံးမလဲ မသိတော့ပါဘူး ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီး အရှင်ဘုရားကို ပြန်ပြီးမေးလျှောက်ရအုံးမယ်။ သူတို့ လက်နဲ့ သပ်ချရုံနဲ့မြွေဆိပ်ဟာ ကျနိုင်ပါ့ မလား ဘုရား။”
“သီလနဲ့ပြည့်စုံတဲ့သူဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရမှာပါပဲ။ စိတ္တသံယုတ်၊ ဂိလာနဒဿန သုတ်မှာ ‘ဣဇ္စိ္စျိဿတိ သီလ၀တော စေတောပဏိဓိဓိ’ လို့ ဘုရားရှင် ဟောကြားထားတာကို ‘သမိဇ္ဈိဿတိ သီလ၀န္တဿ စိတ္တပတ္ထနာ’ လို့ အဋ္ဌကထာဆရာက ဖွင့်ဆိုထားတာ ရှိတယ်။
အဓိပ္ပာယ်ကတော့ သီလနဲ့ ပြည့်စုံသူတို့ရဲ့ တောင့်တမှု၊ ဖြစ်စေလိုမှုတို့ဟာ ပြီးစီးအောင်မြင်နိုင်ပါ သတဲ့။ ဒါက သီလနဲ့ ပြည့်စုံသူတွေကိုဆိုလိုတာပါ။ လူပုဂ္ဂိုလ်ဆိုရင်အနဲဆုံး ငါးပါးသီလလုံခြုံပါမှ သီလ နဲ့ ပြည့်စုံသူလို့ ခေါ်ဆိုနိုင်တာကိုး။
သူတို့ဂိုဏ်းက ငါးပါးသီလကိုတောင် အပြည့်အစုံ မစောင့်ထိန်းကြဘဲ နှစ်ပါးလောက်သာ ကွက်ပြီးစောင့် ထိန်းကြတာဆိုတော့ မြွေဆိပ်ကိုမပြောနဲ့ ကမျဉ်းနီကောင်ကိုက်တဲ့ အဆိပ်ကိုတောင် လက် နဲ့ သပ်ချလို့ ကျနိုင်မယ် မထင်ပါဘူးလေ။”
“ဒါနဲ့များ သူတို့က မြွေဆိပ်ကို ချနိုင်တယ်လို့ ပြောပြီး ကုသပေးနေကြတာဟာ မုသာဝါဒကံကို ကျူးလွန် ရာရောက်တာပေါ့။ ခုလိုဆေးကုသပေးနေရင်း သေဆုံးသွားတဲ့အခါမျိုးမှာရော ပါဏာတိပါတ ကံကို ကျူးလွန်ရာ ရောက်-မရောက် သိချင်ပါသေးတယ် ဘုရား။”
“မုသာဝါဒကံကိုသာကျူးလွန်ရာရောက်ရုံတင် ဘယ်ကမလဲ။ လူနာထံက လာဘ်သပ်ပကာ ကို မျှော်လင့်ပြီး ကုသပေးရင် သူတစ်ပါးပိုင်ဆိုင်တဲ့ ပစ္စည်းကို ဥပါယ်တံမျဉ်နဲ့ လိမ်လည်လှည့်ဖြားပြီး ယူရာ ရောက်လို့ အဒိန္နာဒါနကံကိုလဲ ကျူးလွန်ရာရောက်ပြန်သေးတယ်။ ပါဏာတိပါတကံကို ကျူးလွန် ရာရောက် မရောက်ဆိုတာကတော့ သူတို့အပေါ်မှာ မူတည်ပါတယ်။ သေစေလိုတဲ့စေတနာ မရှိဘူးဆို ရင်တော့ ပါဏာတိ ပါတကံအရာ မမြောက်ဘူးပေါ့။
ဒါပေမဲ့ မပြေးသော်လဲ ကန်ရာရှိ ဆိုသလို သူတို့ရဲ့ လုံ့လ ပယောဂလဲ မကင်းတဲ့အတွက် အပြစ်တော့ ဘယ်ကင်းနိုင်ပါ့မလဲ။ ဒါကြောင့်မို့ သူတို့ဂိုဏ်းက ပါဏာတိပါတတို့၊ အဒိန္နာဒါနတို့၊ မုသာဝါဒ သိက္ခာပုဒ်တွေကို တမင်မစောင့်ထိန်းဘဲ ချန်ထားကြဟန်တူပါရဲ့။
“အဲဒီရွာဟာ ရွာကသာငယ်ပေမဲ့ ဘာသာက သုံးဘာသာတောင် ကွဲပြားနေကြတာဘုရား။ ဒီအထဲ တပည့်တော်တို့ ဗုဒ္ဓဘာသာလို့ အမည်ခံထားတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အခုလိုလုပ်ရပ်ကြောင့် တပည့်တော် တို့အဖို့ ဘာသာခြားတွေကြားမှာ ဘယ်လိုမျက်နှာပြရမယ်မှန်းတောင် မသိတော့ပါဘူးဘုရား။”
     “အင်း.. ဟုတ်တာပေါ့လေ။ ဘာသာခြားတစ်ခုမှာ သူတို့ ဘုရားသခင် အဆိုအမိန့် ဆန့်ကျင်လို့ အပြစ်ပေးသလိုမျိုး ဦးစင်းတို့ ဗုဒ္ဓဘာသာမှာလဲ ပြုလုပ်မယ်ဆိုရင်တော့ ခုလိုလုပ်ရပ်မျိုးတွေကို လုပ်ဝံ့ကြမှာ မဟုတ် ပါဘူး။
ဒါကလည်း စကားအဖြစ်ပြောတာပါ။ ဦးစင်းတို့ ဗုဒ္ဓဘာသာက ဗုဒ္ဓလောင်းလျာဟာ သူမေဓာဘ၀ ကတဲက မဟာကရုဏာတော်ကို အခြေခံပြီးမှ ဖြစ်ပေါ်လာတဲ့ ဘာသာမို့ သည်လိုမျိုးလဲ ဘယ်သောကာလ မှ ပြုလုပ်လိမ့်မယ်မဟုတ်ပါဘူး။ အဲဒါကိုအခွင့်ကောင်းယူပြီး မြတ်ဗုဒ္ဓရဲ့မျက်နှာတော်ကို မထောက်ထား ဘဲ ဒေသနာတော်တွေကို လက်ရဲဇက်ရဲနဲ့ ဖြည့်စွက်ချင်တာ ဖြည့်စွက်၊ နုတ်ပယ်ချင်တာ နုတ်ပယ်နဲ့ ထင်သ လို လုပ်နေကြဟန် တူပါရဲ့။
ဒါကြောင့်လဲ ဘာသာခြားတို့ကြားမှာ ရှက်စရာ မဖြစ်မျိုးတွေနဲ့ ကြုံကြရတာပေါ့။ ခုနက ဒကာပြောတဲ့ မြွေကုတဲ့ဂိုဏ်းကိုပဲ ကြည့်ပါလား။ လူတွေ မဖြစ်မနေ အောက်ထစ်ဆုံး အနေ နဲ့ စောင့်ထိန်းရမယ့် ငါးပါးသီလကို တောင် မထိန်းနိုင်ဘူး။ နှစ်ပါးလောက် စောင့်ထိန်းတယ်ဆိုရုံမျှနဲ့ သီလ နဲ့ပြည့်စုံသူဖြစ်ပြီ၊ သူတို့ဖြစ်စေလိုမှုတွေ ဖြစ်နိုင်ပြီလို့ ယူဆပြီး ပြုလုပ်နေကြတာ။ တကယ်တော့ ဘုရားရှင် လက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်တဲ့ လုပ်ရပ် လို့ဆိုရမှာပါပဲ။ အဲဒီလို လုပ်ရပ်မျိုးဟာ ဘုရားရှင် ပညတ်ထား တဲ့ ဒေသနာတော်တွေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း မပြုကြဘဲ မူရင်းအတိုင်း ဆောင် ထားကြရမယ်လို့ အရှင်မဟာ ကဿပ အစရှိတဲ့မထေရ်မြတ်တို့ ချမှတ်ထားတဲ့မူနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်ရာ ရောက်နေတဲ့အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်လို့တောင် ခေါ်ဆိုလို့ မရနိုင်ပါဘူး။
ဒါကြောင့် အဲဒီရွာကို ရောက်တဲ့အခါ မြွေကုတဲ့ဂိုဏ်းဆရာအကြောင်း စကားစပ်မိရင် သူဟာ ဗုဒ္ဓ ဘာသာတော့ ဗုဒ္ဓဘာသာပါပဲ။ ဒါပေမဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုတာကို ဘာသာခြားတွေ နားလည် အောင် သေသေချာချာ ရှင်းပြလိုက်ပါ။ ဒါမှ ငါးခုံးမ တစ်ကောင်တဲအတွက်နဲ့ တစ်လှေလုံး မပုတ်မှာ။”
“မှန်ပါ့ ရှင်းပြဖြစ်အောင် ရှင်းပြလိုက်ပါ့မယ်ဘုရား။ လျှောက်လက်စနဲ့ဆက်ပြီး လျှောက်ထားပါရစေ အုံး။ တချို့ကပြောကြတယ်။ အဲဒီဂိုဏ်းပေါ်လာပြီးမှ အရက်သေစာသောက်စားကြသူတွေ နဲသွားတဲ့ အတွက် ကျေးဇူး တင်ထိုက်တယ်လို့ ပြောကြသူတွေလဲ ရှိပါတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ ဘုရား။”
“သူတို့ဂိုဏ်း မပေါ်ပေါက်ခင်က မြတ်ဗုဒ္ဓက အရက်သေစာသောက်စားကြဖို့ မြှောက်ပင့်ဟောထား တာ ရှိနေလို့လား။ ဒီစကားဟာ မြတ်ဗုဒ္ဓကို တမင်စော်ကားတဲ့ စကားဖြစ်လို့ ပြောတဲ့သူတွေအဖို့ အင် မတန် ကျောချမ်းစရာ ကောင်းလှပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျက် မြတ်ဗုဒ္ဓရဲ့စကားတော်ကိုတော့ လိုက်နာရကောင်းမှန်း မသိ။ အဲဒီ ဂိုဏ်း တွေထဲ ၀င်တဲ့အခါကျမှ အရက်သေစာသောက်စားခြင်း မပြုတော့တာဆိုရင်တော့ ဗုဒ္ဓဘုရားရှင်ထက် ဂိုဏ်းဆရာ ကို ပိုပြီး အလေးအမြတ်ထားရာရောက်တဲ့အတွက် သရဏဂုံပျက်သွားပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် လို့တောင် ခေါ်ဆိုလို့ မရနိုင်တော့ပါဘူး။ အဲဒီသူတွေအဖို့ အပ်ဝင်ပုဆိန်ထွက်တဲ့ အဖြစ်မျိုးနဲ့ ကြုံကြရတယ် လို့သာ ဆိုရတော့မှာပေါ့။
ဦးစင်းတို့စကားတွေက တိုက်မြွေအကြောင်းကနေ ဂိုဏ်းတွေအကြောင်းကိုပါ ရောက်သွားပါပေါ့ လား။ အင်းလေ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို အဲဒီလိုပဲ ရောက်သွားမှာပေါ့လေ။”
စာရေးသသူ ဦးထွန်းရီနှင့် စကားဆိုပြီးနောက် တိုက်မြွေ အကိုက်ခံရသဖြင့် သေဆုံးရသည့် အဖြစ် ဆိုးတို့မှ လူအများ ကင်းဝေးစေရန်အတွက် “လူအချင်းချင် လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” ဟု အကြိမ်ကြိမ် မေတ္တာပို့သ နေမိပါတော့၏။ ။

အမှတ်စဉ်(၂၄၆) ၂၀၁၀-ခုနှစ်၊ ဇွန်လ၊ဓမ္မရံသီမဂ္ဂဇင်း။

No comments:

Post a Comment