Tuesday, January 22, 2013

သံဃာဟုတ်၏ မဟုတ်၏


သံဃာဟုတ်၏ မဟုတ်၏
ဘိုးတော်ဂိုဏ်း အမျိုးမျိုးရှိသည့်အနက် လက်ဖျံတွင်ဆေးမင်နီထိုးသော ဘိုးတော်ဂိုဏ်းတစ်ခုမှာစာရေး သူတို့နယ်တွင် အလွန်အင်အားကောင်းလျက်ရှိသည်။ ကျေးရွာများရှိ လူဦးရေ ထက်ဝက်ကျော်မှာ ထိုဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
လူပုဂ္ဂိုလ်များသာမက ရဟန်းအချို့သည်ပင်ထိုဂိုဏ်းထဲသို့ဝင်ရောက်ကြကြောင်း သိရသည်။ ထိုဂိုဏ်း ၏ ဆောင်စရာရှောင်စရာစည်းကမ်းများကိုလည်း ၀ိနည်းတော်ထက်ပင်အထူးလေးစား လိုက်နာကြကုန်၏။
ထိုသို့သောအခြေအနေများကြောင့် စာရေးသူသည်အယူအမြင်စင်ကြယ်စေမည့် စာအုပ်မဂ္ဂဇင်း၊ တရား
ဗွီစီဒီ ခွေတို့ကို ရှာဖွေ စုဆောင်းရပါသည်။ စာအုပ်များ၊ မဂ္ဂဇင်းများကို ပေးဖတ်ခြင်း၊ တရား ဗွီစီဒီ ခွေတို့ကို ဖွင့်ပြခြင်းဖြင့် ကျေးရွာရှိလူများ အမြင်မှန်ရလာစေရန် ဆောင်ရွက်ရပါသည်။
တစ်ခုသောအလှူ၏ အ၀င်နေ့(ဗြောဝင်) ညတွင်အာဂန္တုရဟန်းတော်များပါနာကြားစေလိုသောဆန္ဒဖြင့် တရား ဗွီစီဒီခွေတစ်ခွေကို ရွေးချယ်၍ ဖွင့်ပြလိုက်သည်။ တရားပြီးသောအခါ အာဂန္တုရဟန်းတစ်ပါးက
“တရားက မဆိုးပါဘူး။ ဒါပေမဲ့ ဟိုအပိုဒ်ကိုတော့ မကြိုက်ဘူး” ဟု ဆို၏။
“ဘယ်အပိုဒ်ကို မကြိုက်တာလဲ”
“သံဃာရတနာဟာ ဘာလို့ကျေးဇူးရှိနေသလဲဆိုရင် ဒီနေ့၂၅၅၁-ခုနှစ်တိုင်အောင် အကောင်းအဆိုး၊ အကြောင်း-အကျိုး၊ အမှား-အမှန်တွေကိုမပျောက်ပျက်အောင် ထိန်းထားပေတာ။ အဲဒီလိုထိန်းမှလဲ သံဃာ။ ဥုံဖွလိုလို၊ ဓာတ်လိုလို၊ နတ်လိုလို လုပ်နေရင် သံဃာမဟုတ်ဘူး။ အဲဒီ အပိုဒ်ကို မကြိုက်တာ” ပိဋကတ်တော်နှင့် မညီ၍ မကြိုက်ခြင်းကား မဖြစ်နိုင်။ အနာပေါ် တုတ်ကျသလိုဖြစ်၍သာ မကြိုက်ခြင်း ဖြစ်နိုင်ပါသည်။
“အမှန်အတိုင်း ဟောတာပဲဟာ။ ဘာမကြိုက်စရာရှိသလဲ”
“အို...သံဃာ မဟုတ်ဘူးလို့ ပြောရအောင် ပါရာဇိကအမှု လွန်ကျူးတာမှ မဟုတ်ဘဲ”
“ပါရာဇိကကျမှ သံဃာမမည်တာ မဟုတ်ဘူး။ မိ စ္ဆာအယူတွေယူစွဲထားသူကိုလဲ သံဃာအရေ အတွက်ထဲ ထည့်သွင်းရေတွက်လို့ မရပါဘူး”
“အရှင်ဘုရားက ဘာအထောက်အထားတွေရှိလို့ ခုလို အတိအကျ ပြောရတာလဲ”
“အထောက်အထားတွေကို မပြောခင် ‘သံဃာ’ ဆိုတဲ့သဘောအဓိပ္ပာယ်က ဘာကိုဆိုလိုတယ်ဆိုတာ
အရင်ဆုံး နားလည်ထားဖို့ လိုလိမ့်မယ်”
“ကဲ...ဆိုစမ်းပါအုံး”
“ချမ်းမြေ့ဆရာတော်ရဲ့ အခြေပျိုး ဗု ဒ္ဓဘာသာမှာရှင်းပြတဲ့အတိုင်း ရှင်းပြပါ့မယ်။ ‘သံဃာဆိုတာအယူ အမြင်ချင်း၊ သီလချင်း တူညီကြတဲ့ ပုဂ္ဂိုလ်အပေါင်းကို ခေါ်ခြင်းဖြစ်တယ်} တဲ့”
“ဒါဖြင့်ရင်ပုထုဇဉ်ရဟန်းတွေမှာ အယူအမြင်ချင်း၊ သီလချင်း တူညီကြဖို့ဆိုတာခဲယဉ်းနိုင်တယ်”
“ဒါကြောင့် ‘မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရရှိပြီးတဲ့ အရိယာပုဂ္ဂိုလ်များကိုသာ သံဃာလို့ မုချခေါ်ဆိုနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ အရိယာပုဂ္ဂိုလ်များသည်သာအချင်းချင်း မဂ်အသိအမြင်၊ ဖိုလ်အသိအမြင်ပစ္စဝေက္ခဏာ
အသိအမြင်ဟူသော အသိအမြင်( သမ္မာဒိဋ္ဌိမဂ္ဂင်) အားဖြင့်လည်းကောင်း၊ အရိယကန္တသီလ ပြည့်စုံ စင်ကြယ်မှု အားဖြင့်လည်းကောင်း မျက်မှောက်မျက်ကွယ် အမြဲတစေ တူညီကြ၍ ပုထုဇဉ်များမှာကား ထိုကဲ့သို့ မတူညီနိုင် သောကြောင့်ဖြစ်တယ်’ လို့ ဆိုထားတယ်။
“သို့သော်မဂ်ဖိုလ်ရရေးအတွက် သီလ၊ သမာဓိ၊ ပညာအကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံအားထုတ်နေ ကြသော ပုထုဇဉ်ရဟန်းတော်တို့ကိုလဲ အရိယာသံဃာတော်၏ အနွယ်ဝင်ဖြစ်၍သံဃာဟုခေါ်ဝေါ်ကြရ၊ အသိ အမှတ်ပြုကြရ၏” လို့ ရှင်းပြထားပါတယ်။
“နတ်တို့၊ဓာတ်တို့၊ ဗေဒင်တို့ဆိုတဲ့အတတ်တွေဟာတိရ စ္ဆာန၀ိဇ္ဇာ(မဂ်ဖိုလ်မှဖီလာဖြစ်တဲ့အတတ်တွေ) လို့ ဘုရားရှင်ကိုယ်တော်တိုင် ဒီဃနိကာယ်မှာ အတိအလင်း ဟောကြားခဲ့တဲ့အတွက် မဂ်ဖိုလ်ရကြောင်း အကျင့် ကောင်း ဘယ်နည်းနှင့်မှမဖြစ်နိုင်ပါဘူး။
“မဂ်ဖိုလ်ရကြောင်း အကျင့်ကောင်းမဟုတ်တဲ့ ဥုံဖွလိုလို ဓာတ်လိုလို နတ်လိုလို ဗေဒင်လိုလိုဆောင်ရွက်
နေသူများဟာ ဘယ်မှာလာပြီး သံဃာစာရင်း ၀င်နိုင်ပါ့မလဲ စဉ်းစားသာ ကြည့်ပေတော့။
“သံဃာတော်များ ကံဆောင်ကြတဲ့အခါလူအစရှိတဲ့နှစ်ကျိပ်တစ်ယောက်သော ပုဂ္ဂိုလ်တွေကို သံဃာရဲ့ နှစ်တောင့်ထွာဟတ္တပါသ်က ကြဉ်ဖယ်ကြရတယ်။ အဲဒါ ဘာကြောင့်ကြဉ်ဖယ်ကြရတယ်လို့ ထင်သလဲ”
“သံဃာမဟုတ်လို့ ကြဉ်ဖယ်ကြရတာပေါ့”
“၀ဇ္ဇနီယပုဂ္ဂိုလ် နှစ်ကျိပ်တစ်ယောက်ကို အရှင်ဘုရားသိပြီးသားပါ။
“လူ’ နီ’ သိက်’ သာ၊ သာ’ သိက္ခာ၊ ပါရာ’ ဥက္ခိတ် (၃-ယောက်) တည်း။
ပဏ်’ ထေ’ ပက်’ ဆန်၊ ပဉ္စာနန်၊ ဒူသံ’ ဥဘောဗျည်း။
ဟတ္တပါသ်မှ၊ ကြဉ်ဖယ်ရ၊ဧက၀ီသတည်း’ ဆိုတာလေ။
“ဥက္ခိတ္တကပုဂ္ဂိုလ်သုံးယောက်ထဲမှာ မိ စ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်အပ်သော သူဆိုတာလဲ ပါတယ်။ ပက်ဆိုတာက တိတ္ထိယပ္ပက္ကန္တကတိတ္ထိဘောင်သို့ ပြောင်းသူဆိုတာလဲပါသေးတယ်။ အယူအမြင်လွဲ မှားမှုနဲ့ ပတ်သက်ပြီး နှစ်ဦးတောင်ပါရှိနေတယ်။
“ဒီနေရာမှာတိတ္ထိဘောင်သို့ ပြောင်းသူဆိုတာဟာ တိတ္ထိဘောင်ကို လူကိုယ်တိုင် ပြောင်းသွားရင် အထူး ကြဉ်ဖယ်စရာ လိုမယ်မဟုတ်ဘူး။ လူက ရဟန်းအသွင်နဲ့ရှိနေပြီး တိတ္ထိတို့အယူတွေကို ယူတဲ့သူသာ ဖြစ်ပါလိမ့် မယ်။
“ဘာကြောင့်လဲဆိုတော့ အသောကမင်းလက်ထက်က တတိယသင်္ဂါယနာတင်ရတဲ့ အကြောင်းအရာ ကိုကြည့်ရင် သိနိုင်ပါလိမ့်မယ်။ အသောကမင်းကြီးဟာ စောစောပိုင်းက ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ဘူး။ နောက်ပိုင်း ဗုဒ္ဓဘာသာဝင်ဖြစ်လာပြီး သာသနာတော်ကို အကြီးအကျယ် ချီးမြှောက်ထောက်ပံ့တယ်။
“ဒါကို အခွင့်ကောင်းယူပြီး သာသနာပြင်ပ တိတ္ထိတွေဟာ ဗုဒ္ဓသာသနာတော်အတွင်း ၀င်ရောက်ပြီး ရဟန်းပြုလုပ်ကြတယ်။ သူတို့ အယူတွေကိုတော့ မစွန့်လွှတ်ကြဘူး။ ဗုဒ္ဓသားတော် ရဟန်းတော် အမည်ခံပြီး သာသနာပြင်ပ အလုပ်တွေကိုပဲ ဆက်လက်ပြုလုပ်နေကြတယ်။
“ဒါကြောင့် သံဃာစစ်သံဃာမှန်တို့က ထိုရဟန်းများနဲ့ အပေါင်းအဖော် မပြုကြတော့ဘူး။ ဥပုသ် ပ၀ါရဏာစတဲ့ သံဃကံတွေကို မပြုကြတော့ဘူး။ အဲဒီ ပြဿနာက အစပြုပြီးတော့ သင်္ဂါယနာ တင်ရတဲ့ အဆင့်အထိ ရောက်ခဲ့ကြတယ်။
“ရဟန်းတုများဟာ ပါရာဇိကအမှုတွေကို ကျူးလွန်နေကြလို့ သံဃာစစ်သံဃာမှန်တွေက သံဃကံတွေ ကို မပြုဘဲနေကြတာ မဟုတ်ပါဘူး။ ဥက္ခိတ္တကပုဂ္ဂိုလ်၊ တိတ္ထိယပ္ပက္ကန္တကပုဂ္ဂိုလ်များ ဖြစ်နေကြတဲ့အတွက်ကြောင့်
သာဖြစ်တယ်။ ဒါကြောင့်ပါရာဇိကအမှု လွန်ကျူးမှ သံဃာစာရင်း မ၀င်တာမဟုတ်ဘူး။ ဥက္ခိတ္တကပုဂ္ဂိုလ်၊ တိတ္ထိယပ္ပက္ကန္တကပုဂ္ဂိုလ်ဖြစ်ရင်လဲ သံဃာစာရင်းမ၀င်နိုင်ပါဘူး။ ဒီအကြောင်းအရာတွေကို ထောက်ဆပါက” ဥုံဖွလိုလိုနတ်လိုလို ဓာတ်လိုလိုလုပ်နေရင် သံဃာမဟုတ်ဘူး” ဆိုတဲ့ဟောပြချက်ကို အရှင်ဘုရားအနေနဲ့ လက်ခံနိုင်ပါလိမ့်မယ်။
“တစ်ဆက်တဲပဲ အရှင်ဘုရားကိုမဃဒေ၀(၃၂၂) မှာစပ်ဆိုထားတဲ့လင်္ကာပိုဒ်တစ်ပိုဒ်ကိုရွတ်ပြရအုံး မယ်။” ယုတ်မာဆိုးတောင်း၊ ကျင့်မကောင်းကို၊ မှားကြောင်းတစိ၊ သိလျှင်သိချင်း၊ စွန့်ပယ်လျှင်းလော့၊ အတင်း ယူစွဲ၊ ဖားေ>မခဲသို့၊ အမြဲမှတ်သို၊ မစွန့်လိုက၊ ဤကိုယ်သုခ၊ နောင်မရဘူး’ တဲ့”
စာရေးသူရှင်းပြသည်တို့ကို တစ်ချိန်လုံး စူးစူးစိုက်စိုက်နားထောင်နေသော အာဂန္တုရဟန်းတော်သည် တုံ့ပြန်စကား တစ်လုံးမျှ မဆို။ ဆိတ်ဆိတ်သာ နေလေ၏။ ထိုသို့ ဆိတ်ဆိတ်နေခြင်းသည်ပင် ၀န်ခံခြင်းဟု မှတ်ယူမိပါတော့သည်။ ။                               
                                             (အမှတ်၁၄၄၊ ၂၀၀၈-ခုနှစ်၊ဒီဇင်ဘာလ၊ဓမ္မရတနာမဂ္ဂဇင်း။)

No comments:

Post a Comment