Wednesday, January 23, 2013

ဆွမ်းဆန်နှင့် ကြွက်ချေး

       ဆွမ်းဆန်နှင့် ကြွက်ချေး
ဒီဃနိကာယ်၊ မဟာဝဂ္ဂ အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ္တ၀ဏ္ဏနာတွင် မဟာဝိဟာရ သဒိသဥှိ ၀ိဟာရ သဟဿံ မဟာစေတိယသဒိသဉ္ခ စေတိယသဟဿမ္ပိ သာသနံ ဓာရေတုံ န သက္ကောန္တိ မဟာဝိဟာရ နှင့် တူသောကျောင်းပေါင်း တစ်ထောင်၊ မဟာစေတီနှင့်တူသောစေတီပေါင်း တစ်ထောင်တို့ သည် (သက်မဲ့ရုပ် ၀တ္ထုများဖြစ်ကြ၍) သာသနာတည်တံ့အောင်ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင်ဟု ဖွင့်ဆိုထား သည်။
မြေပြင်ဝယ် ဘုရားတည်ခြင်းထက် နှလုံးသားဝယ် ဘုရားတည်ခြင်းက သာသနာအရှည်ခန့်၍ တည်တံ့အောင် ဆောင်ရွက်ရာ၌ ပဓာနကျသော ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကိုစာသင်ကျောင်းများ ပိတ်သည်နှင့်တပြိုင်နက်နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ် သင် ကြားပေးပါသည်။
ယခုနှစ်၌မူ ‘ထေရ၀ါဒဓမ္မဗိမာန်တော်’ အမည်ရှိကျောင်းဆောင်သစ်တစ်ဆောင်တည်ဆောက်နေ သဖြင့် သင်္ကြန်အပြီး တန်ခူးလပြည့်ကျော်မှသာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို စတင် ဖွင့်လှစ် သင်ကြားနိုင်တော့သည်။
နယုန်လဆန်းမှ စာမေးပွဲဖြေဆိုကြရမည်ဖြစ်သဖြင့် သင်ကြားချိန် တစ်လကျော်မျှ ရရှိပါလေသည်။ သင် ခန်းစာ အားလုံးပြီးဆုံးသောနေ့တွင် သင်တန်းသား သင်တန်းသူအားလုံးကို
       “ယခုနှစ်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို စပြီးသင်ကြားတာ တန်ခူးလပြည့်ကျော်(၉)ရက် ဆိုတော့ ဘာနေ့ကျသလဲ သိတဲ့သူတွေ ပြောစမ်းပါ။” ဟုမေးလိုက်ပါသည်။
“စနေနေ့ပါ ဘုရား” ဟု ဖြေဆိုကြ၏။
“ဒါဆိုရင်လောကနီတိပကိဏ္ဏကကဏ္ဍဂါထာနံပါတ်(၁၆)ကိုပါဠိရောမြန်မာပြန်ပါဆိုပြကြစမ်း”
“ဂုရု သိဒ္ဓေါ သိပ္ပါရမ္ဘော၊ ရ၀ိ သောကြာစ မဇ္ဈိမော။ န သိပ္ပေါ ဗုဒ္ဓ စန္ဒရော၊ သောရီ အင်္ဂါ စ မရဏံ။ ကြာ သပတေးနေ့၌အတတ်ပညာစ၍သင်မူကား အောင်မြင်ပြီးစီး၏။ တနင်္ဂနွေ၊ သောကြာနေ့၌သင်မူ လျစ် လျူ ရှုတတ်၏။ ဗုဒ္ဓဟူး၊ တနင်္လာနေ့၌သင်မူအတတ်ပညာဆုံးခန်းတိုင်အောင်မတတ်ရာ။ စနေ၊ အင်္ဂါနေ့၌ သင်မူ သေရာ၏။”
“ဒီဂါထာကိုစာမေးပွဲမှာ မေးနိုင်လို့ တမင်အဆိုခိုင်းတာ မဟုတ်ဘူး။ လောကနီတိမှာပါတဲ့ ဒီဂါထာ ဟာ မြန်မာမှု နယ်ပယ်မှာသြဇာသက်ရောက်လွန်းလှတာမို့ လက်တွေ့ပြချင်လို့အဆိုခိုင်းလိုက်တာ။ ကဲ စနေ့မှာ ဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းကို စတင် ဖွင့်လှစ် သင်ကြားခဲ့ပေမယ့် သင်တန်းသား/သင်တန်း သူ ဘယ် နှစ်ယောက် သေကြသလဲ”
“မသေကြပါဘုရား”
“စနေနေ့မှာအတတ်ပညာစပြီး သင်ပေမယ့်မသေဘူးဆိုတာရယ်၊ ပြီးတော့လောကနီတိထဲမှာပါတဲ့ တစ်ချို့ အဆိုအမိန့်တွေဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုမှ လိုက်လျောညီ ထွေမှု မရှိတဲ့အတွက် မှတ်သားလိုက်နာ ဆောင်ရွက်ဘို့ မလိုဘူးဆိုတာကို သက်သေပြ ချင်လို့ ဒီစနေနေ့ကို တမင်ရွေးပြီး သင်တန်း စပြီး ဖွင့်ခဲ့တာ။ ပြီးတော့ ဂါထာ နံပါတ် (၁၇) မှာလဆန်း (၈)ရက်၊ လဆုတ် ရှစ်ရက်နေ့၌ အတတ်သင်မူကား ဆရာကို သတ်သည်မည်၏။ လဆန်း တစ်ဆယ့်လေး၊ လဆုတ် တစ်ဆယ့်လေးရက်၌ အတတ်ပညာသင်မူ တပည့်ကို သတ်သည် မည်၏။ လဆန်းဆယ်ရက်၊ လဆုတ်ဆယ်ရက်၌ အတတ်ပညာ သင်မူအတတ်ပညာကိုသတ်သည်မည်၏။ လပြည့်နေ့၌အတတ်ပညာကို သင်မူ အမိအဖကို သတ်သည်မည်၏။ ထို့ကြောင့်ထိုရက်များ၌ပညာကိုစ၍မသင်ကြားအပ်။ တဲ့။
ဘဒ္ဒေကရတ္တ သုတ်များမှာ မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့ ‘အဇ္ဇေ၀ ကိစ္စမာတဗ္ဗံ၊ ကော ဇညာ မရဏံ သုဝေ။ နဟိနောသင်္ဂရံတေန၊ မဟာသေနေနမစ္စုနာ။ (အဘယ်သူသည် နက်ဖန်၌သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင်အားထုတ်သင့်သော ကုသိုလ်ကောင်းမှု အလုပ်ကိုပြုလုပ်သင့်၏၊ ငါတို့မှာ များသောစစ်သည် ရှိသော ထိုသေမင်းနှင့်ချိန်းချက်ထားမှုသည်မရှိသည်သာတည်း။) ဆိုတဲ့မြတ်ဗုဒ္ဓရဲ့ မူဝါဒနဲ့လောကနီတိမှာပါတဲ့ အဆိုအမိန့်တို့ ဘယ်လောက် ခြားနားတယ်ဆိုတာ နှိုင်းယှဉ်ပြီးသာ ကြည့် ကြပေရော့။ ပြီးတော့ အတတ်ပညာနဲ့ ပတ်သက်လို့ ဂါထာနံပါတ် (၁၈)မှာ ဖေါ်ပြထားတာ ရှိသေးတယ်။
အတတ်ပညာသင်သောသူသည် လဆန်းလဆုတ် ခုနစ်ရက်နေ့၌ အုန်းအာဟာရကို မစားရာ။ အတတ် သင်သောနေ့မှ ကိုးရက်မြောက်သောနေ့၌ အိမ်ဘူးကို မစားရာ။ တစ်ဆယ့်နှစ် ရက်မြောက်သောနေ့၌ ကင်ပိမ့် (ကင်းပုံ) ကို မစားရာ။ သုံးရက်မြောက်၌ ဟင်းမျိုး (ငါးသား) ကို မစားရာ။ အကယ်၍ စားမိအံ့၊ အတတ်ပညာ ပျောက်ပျက်တတ်၏။ တဲ့
ဒီ သင်တန်းတက်ရောက်သင်ကြားနေတဲ့ အချိန်အတွင်းမှာ ရှောင်ရမယ့် အစားအစာတွေကို မသိလို့ စား မိတဲ့သူတွေ ရှိကောင်းရှိမှာပါ။ ဒီအစားအစာတွေကို စားမိရုံမျှနဲ့ သင်ထားတဲ့ အတတ် ပညာတွေ ပျောက်ပျက်နိုင်တယ်၊ မပျောက်ပျက်နိုင်ဘူးဆိုတာ စဉ်းစားဝေဖန်တတ်သူမှန်သမျှ သိနိုင်လောက်ပါတယ်။ ဒီအစားအစာတွေကိုစားရင်ပျောက်ပျက်တယ်ဆိုတာဘယ်လို အတတ်ပညာ မျိုးတွေလဲ ဆိုတာတော့ ဦးစင်းလဲ ဉာဏ်မမီလို့အတိအကျမသိပါဘူး။ ဘုရားဟောပိဋကတ်တော်တွေကို သင်ကြားရာမှာတော့ရှောင်စရာ ဆောင် စရာ အစားအစာရယ်လို့ ဘုရားရှင် ဟောကြားထားခဲ့တာ ဦးစင်း လေ့လာမိသလောက် မတွေ့မိပါဘူး။ ပြီးတော့
အတတ်ပညာနဲ့ မပတ်သက်ပေမဲ့ ဗုဒ္ဓ၀ါဒနဲ့ လုံးလုံးလျားလျား ဆန့်ကျင်တဲ့ ဂါထာနံပါတ် (၁၂) မှာ ကွမ်း ရွက်၏ အလယ်၌ကုဝေရနတ်မင်းစောင့်၏။ အရင်းဘက်၌ဘီလူးစောင့်၏။ အဖျားဘက်၌နတ်မိ စ္ဆာစောင့်၏။ ထို့ကြောင့် စားသောအခါ ထိုအရင်းအဖျားတို့ကို ဖြတ်၍ စားရာ၏။ ဤသို့စားလျှင် ဘုန်းကျက်သရေ တိုးတက်၏။ လို့ ဆိုထားတာတွေ။ ပြီးတော့ ဂါထာနံပါတ် (၁၃) မှာဗြဟ္မာသည် သင်ပုန်းကို စောင့်၏။ ဗိဿဏိုးနတ်သည် ကမ္ပလွေ (စာပလွေ) ကိုစောင့်၏။ ထို့ကြောင့် အတတ်ပညာ သင်သောသူတို့သည် ထိုဗြဟ္မာနှင့် ဗိဿဏိုးတို့ကို ပူဇော်ကုန်ရာ၏။ ထိုသို့ ပူဇော်သော သူကို ဗြဟ္မာနှင့် ဗိဿဏိုး နတ်တို့က အခါခပ်သိမ်း မြတ်နိုးကုန်၏ တဲ့။ဒီ့အပြင်တစ်ခြားဂါထာတွေလည်းရှိသေးတယ်။
ဒီဂါထာတွေဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာဆိုတဲ့ခေါင်းစဉ်နဲ့ လုံးဝလိုက်ဖက်မှုမရှိတဲ့ အတွက်ဖြုတ်ပယ်ထားသင့်တယ်။ တကယ်လို့ မဖြုတ်ပယ်ချင်ရင်လဲ အောက်မှာ ဘုရားဟော မဟုတ်ကြောင်း ရှင်းလင်းချက် ထည့်သွင်းထားရင်သိပ်ကောင်းမှာ။”
“ဒီ ဂါထာတွေဟာ ဘုရားဟော မဟုတ်ဘူးလား ဘုရား၊ ပါဠိတွေမို့ ဘုရားဟောလို့ ထင်နေတာ။”
(၁၀)တန်းကိုဖြေဆိုထားသည့် သင်တန်းသူတစ်ဦး၏ မေးလျှောက်လာသော စကားဖြစ်သည်။
“မဟုတ်ဘူး။ဒီလောကနီတိသင်ခန်းစာမှာအခြားသောဆုံးမစာတွေလိုနိဒါန်းကိုဖေါ်ပြမထားတဲ့အတွက် ဘုရားဟောလို့ ထင်တာ မဆန်းပါဘူး။ ဒီလောကနီတိကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော် ပင်းယခေတ်က စတု ရင်္ဂဗလအမတ်ဆိုသူရေးသားထားခဲ့တာ။ ဘုရားဟောပါဠိတော်တွေထဲ ကရော၊ လောကီကျမ်းတွေ ထဲကရော ထုတ်နှုတ်ပြီး ရေးသားထားခဲ့တာဖြစ်လို့သူအဆိုအမိန့်တချို့ဟာ ဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်တာတွေပါ ၀င်နေတာပေါ့။
သူပြုစုခဲ့တဲ့ကျမ်းတွေထဲမှာ ဒီလောနီတိကျမ်းဟာ အထင်ရှားဆုံးနဲ့ အသုံးအများဆုံး၊ ပြီးတော့ မြန်မာလူထုအပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးလို့ဆိုရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဘုရားေ ဟာ ပိဋ ကတ်တော်တွေကို သင်ကြားပေးတဲ့ နေရာ ဌာနတွေမှာ လောကနီတိရဲ့ အဆိုအမိန့်ကြောင့် ကြာ သပ တေးနေ့ကိုသာ ရွေးချယ်ပြီး စာပေများကို စတင် သင်ကြားပေးလေ့ရှိတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဒါ ဟာ ‘အမြင်မလျော် ဆင်တော်နဲ့ ခလောက်’လို့ ဆိုရမလိုပါဘဲ။
အဲဒီလို မဖြစ်ရအောင်နဲ့ ပါဠိမြင်ရင်ဘုရားဟောလို့ ယူဆကြပြီး လိုက်နာကျင့်သုံးကြရင် သင်ကြားပေး တဲ့ သူမှာ အပြစ်မကင်းနိုင်တာမို့ ခုလို ရှင်းပြနေရတာ။ ကဲ ဒီဂါထာတွေဟာ ဘုရားဟော မဟုတ်ဘူးဆိုတာကို ရှင်းရှင်း လင်းလင်း သိကြပြီ မဟုတ်လား”
“သိကြပါပြီး ဘုရား”
“သိရုံမျှနဲ့တော့မပြီးသေးဘူး။ အကျင့်မပါတဲ့အသိဟာအကျိုးနဲ့တူသတဲ့၊ အသိမပါတဲ့အကျင့်ဟာလဲ အကန်း နဲ့တူသတဲ့။ ဒါကြောင့် အသိနဲ့ အကျင့်တစ်ထပ်တည်းကျအောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါ တယ်” ယခုမှ ပင်လျှင်လောကနီတိ၊ ပကိဏ္ဏကကဏ္ဍ ထိုဂါထာတို့ကို သင်ကြားပေးစဉ်အခါက ဘုရားဟော ဟု အထင်ရှိကြပြီး လိုက်နာကျင့်သုံးကြသော် သင်ပြပေးသူမိမိမှာ အပြစ်မကင်းဟု ယူဆထားသော စိုးရိမ် ပူပန်မှုများ အနည်းငယ် လျော့ပါးသွားသည်ဟု ယူဆမိပါတော့၏။
        အမျိုး၊ ဘာသာ၊ သာသနာကိုပခုံးပြောင်း တာဝန်ယူကြမည့်ထိုသူတို့၏ လက်ထက်တွင်မူ ဆင်တော် ကို ခလောက်ဆွဲခြင်းမှ ကင်းဝေးကြပါစေ... ဟု။

  ၂၀၁၀-ခုနှစ်၊ ဇန်န၀ါရီလ၊ ဓမ္မရတနာမဂ္ဂဇင်း။

No comments:

Post a Comment