Tuesday, January 22, 2013

စာရေးသူ့အမြင်


  စာရေးသူ့အမြင်
၂၀၀၇-ခုနှစ်၊ သြဂုတ်လထုတ် ဓမ္မရံသီမဂ္ဂဇင်း၌ “စာဖတ်သူ့အမြင်” ဆောင်းပါးကိုဖတ်လိုက်ရပါသည်။ ထိုဆောင်းပါး၌-
“ပြည်မြို့၊ အောင်နိုင်စာပေတိုက်ရှေ့ရောက်ခိုက် ‘ယခုလထုတ်ဓမ္မရံသီရှိသေးလား’ ဟုမေးသောအခါ ‘ကုန်သွားပြီဘုရား’ ဟုလျှောက်၏။ သို့ဖြင့်အခြားစာအုပ်များကိုလှန်လှောကြည့်ရင်း ‘ရောင်းအားကောင်း လို့ထင်တယ်’ ဟုပြောလိုက်သည်။ ‘မဟုတ်ဘူး အရောင်းကျပြီး အကျန်များလို့လျှော့ယူတာနဲ့ စောစောကုန် သွားတာဘုရား’ ဟူသော အသံထွက်လာ၏။” ဟု ဖော်ပြထားလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် စာရေးသူသည် ထိုသြဂုတ်လ ၁၀-ရက်နေ့၌ ပြည်မြို့၊ အောင်နိုင်စာပေတိုက်သို့
ရောက်သွား၏။ ‘စာဖတ်သူ့အမြင်’ ဆောင်းပါးပါအကြောင်းအရာတို့ မှန်မမှန်သိလို၍ စာအုပ်ဆိုင်ပိုင်ရှင် ဒေါ်ဝေ ဝေနိုင်ကို မေးမြန်းကြည့်မိပါသည်။
ဒေါ်ဝေေ၀နိုင်က “ဓမ္မရံသီမဂ္ဂဇင်း ရောင်းအားကျ၍လျှော့ယူတာမျိုး တစ်ခါမျှမပြုခဲ့ဘူးကြောင်း၊ ရောင်း အားမကျသည့်အပြင် စာအုပ်ရောက်ပြီး တစ်ပတ်မကြာမီ ကုန်သွားတတ်ကြောင်း၊ ဓမ္မရံသီကိုသဘောမတွေ့နိုင် သူတစ်ဦးဦးက အရောင်းကျသည်ဟု ၀င်ပြောလိုက်ဟန်တူကြောင်း၊ ဤသည်ကိုပင် အမှန်ထင်၍ ရေးလိုက်ခြင်း ဖြစ်ဟန်တူကြောင်း’ ရှင်းပြပါသည်။
ဖြစ်နိုင်ချေ ရှိပါသည်။ စာရေးသူ ရောက်သွားသည့် ၁၀-ရက်နေ့တွင် ထိုဆိုင်၌ ဓမ္မရံသီ၊ ဓမ္မရတနာ မဂ္ဂဇင်းများ တစ်အုပ်တလေမျှမကျန်ရှိတော့ပေ။
ထိုသြဂုတ်လ၌ မဂ္ဂဇင်းစာစောင်များ အထွက်နောက်ကျသည်ကို စာပေ၀ါသနာရှင်များ အားလုံး သိကြပြီး ဖြစ်ပါလိမ့်မည်။ အောင်လံမြို့၊ ‘ညိမ်းစတိုးနှင့်စာပေ’ ဆိုင်သို့ မဂ္ဂဇင်းစာစောင်များ လဆန်း ၅-ရက် နေ့ကျမှ ရောက်ရှိကြကြောင်း သိရပါသည်။ စာရေးသူသည် ၁၀-ရက်နေ့တွင် ပြည်မြို့အောင်နိုင်စာပေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၅-ရက်အတွင်းမှာပင်ဓမ္မရံသီမဂ္ဂဇင်း မရှိတော့သည်ကို ထောက်ဆ၍ အရောင်း သွက်လျက်သာရှိကြောင်း သိသာနိုင်ပါသည်။
သို့ဖြစ်သော်ထိုဆောင်ပါး၌ဓမ္မရံသီမဂ္ဂဇင်း အရောင်းကျသည်၊ အကြိုက်နည်းနေသည်ဟု အဘယ့် ကြောင့်ဆိုဘိသနည်း။
_ _ _ _ _ _ _ _ _ _ _ _
ထိုဆောင်းပါး၌ပေါင်းတည်မြို့၊ ရန်ကုန်လမ်းရှိ ထွန်းစာပေတိုက်ပိုင်ရှင် ဒါယကာကြီးက “စာစောင်ကရောင်းအားကျနေလို့ နောက်လကို ဘာမှန်းမသိသေးဘူး။ စာစောင်ကိုတော့ သဘောကျပါတယ်။
 ဒါပေမဲ့ ဘိုးတော်၊ မယ်တော်၊ နတ်ကတော်၊ ဗေဒင်၊ ယတြာစတာတွေကို နင့်နင့်သီးသီး တိုက်ရိုက်ကြီး အရေးများတော့ ပရိသတ်အကြိုက်နည်းးလာတယ်။ ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် အစွန်းရောက်လွန်း နေမလားဘဲ” ဟု ပြောကြောင်းလည်း ဖော်ပြထားသည်။
ဆက်လက်၍ “မြတ်ဗုဒ္ဓပွင့်တော်မူစဉ် အချိန်အခါဝယ် ]မြတ်ဗုဒ္ဓသည် အသိအမြင်အယူအဆ ကွဲပြားခြားနား သူတို့အပေါ် အဘယ်သို့သော သဘောထား၍ ရတနာသုံးပါးကို ကိုးစားကြသော ပရိသတ်တို့အား မည်သို့သော လမ်းညွှန်မှုပေးခဲ့ပါသနည်း}ဟုအဖြေမပါသောအမေးများကြားဝယ်အတွေးပွားလျက်ရှိကြောင်း” လည်း ဖော်ပြ ထားပါသည်။
မြတ်ဗုဒ္ဓ အဘယ်သို့သဘောထား၍ မည်ကဲ့သို့လမ်းညွှန်မှုပေးခဲ့သည်ကို သိလိုပါမူဒီဃနိကာယ်၊ သုတ် သီလက္ခန်ပါဠိတော်၊ ဗြဟ္မဇာလသုတ်၊ သာမညဖလသုတ်တို့ကို ကြည့်ရှုလျှင် သိနိုင်ပါလိမ့်မည်။
ထိုသုတ်တော်တို့တွင် မြတ်ဗုဒ္ဓသည်နတ်၊ ဗေဒင်၊ယတြာ၊ နက္ခတ်စသည့် အတတ်တို့ကို ‘တိရ စ္ဆာန၀ိဇ္ဇာ’
ဟုဟောတော်မူခဲ့ပါသည်။ ‘၀ိဇ္ဇာ’ ဟူသည်ကား ‘အတတ်’ ကိုဆိုလိုပါသည်။ ‘တိရ စ္ဆာန’ ကိုကား ဘာသာ မပြန်ဘဲ သူ့အတိုင်းထား၍ နားလည်လိုက်ပါ။ ဤသို့ဆိုလျှင် မြတ်ဗုဒ္ဓ၏ သဘောထားကို သိနိုင်လောက်ပြီဖြစ်၍ အဖြေမပါသော အမေးများကြားဝယ် အတွေးပွားဖွယ်ရှိတော့မည် မဟုတ်ချေ။
_ _ _ _ _ _ _ _ _ _ _ _
ထိုဆောင်းပါး၏ အာဘော်ကို ခြုံငုံသုံးသပ်ရသော် “ဓမ္မရံသီမဂ္ဂဇင်းအနေဖြင့် နတ်၊ ဘိုးတော်၊ ဗေဒင် စသည်တို့နှင့် ပတ်သက်၍ တိုက်ရိုက်နည်းကို အသုံးမပြုသင့်ဘဲ ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ဆိုသကဲ့သို့ သွယ်ဝိုက်သောနည်းကို အသုံးပြုစေလိုကြောင်း’ အကြံပြုတင်ပြထားသည်ဟုနားလည်မိပါသည်။
သွယ်ဝိုက်သော နည်းသည် အသိဉာဏ်ရင့်ကျက်သူတို့နှင့်သာ လျော်ကန်ပါ၏။ အသိဉာဏ်ချို့တဲ့ သူတို့နှင့်မူ အံဝင်ခွင်ကျဖြစ်နိုင်မည် မဟုတ်ချေ။ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ၊ ပါယာသိသုတ်၊ စာမျက်နှာ၂၅၉-၌ ‘ဥပမာယ မိဓေကစ္စေ၀ိညူပုရိသာဘာသိတဿအတ္ထံအာဇာနန္တိ’ ‘ဤလောက၌ အချို့သော ပညာရှိတို့သည် ဥပမာဖြင့် ပြောဆိုသော စကား၏ အဓိပ္ပာယ်ကိုသိကုန်၏” ဟုဆိုထားပါသည်။ ဥပမာဖြင့် သွယ်ဝိုက် ပြောသည်ကို ပညာရှိများပင်လျှင် အချို့သာ သိနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။
“အသိဉာဏ်နည်းသောသူသည်ယုံကြည်မှုများပြား၏” ဟုဆိုရိုးစကားလည်း ရှိပါ၏။ ယုံကြည်မှုများပြား သူသည် အသိဉာဏ်နည်းသူများ ဖြစ်ကြပါသည်။ ထို့ကြောင့်သွယ်ဝိုက်သောနည်းဖြင့် အသုံးပြုသော် နားလည်နိုင်ကြမည် မဟုတ်ပါချေ။
ခေတ်အဆက်ဆက် စာဆိုရှင်များဖြစ်ကြသော ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ၊ မန်လည် ဆရာတော်၊ စလေဦးပုည၊ စိန္တကျော်သူ ဦးသြအစရှိသော စာဆိုရှင်ကြီးများသည် ဤနေရာ၌ တိုက်ရိုက်နည်းကို-
အသုံးပြုခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။
စိန္တကျော်သူ ဦးသြရေးသားသည့် က၀ိလက္ခဏာသတ်ပုံကျမ်း၌ ‘မိ စ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုံး
ညီနောင်နန်း’ ဟု ဆိုထားပေသည်။
ထို အဆိုနှင့်ပတ်သက်၍ ဒေါက်တာအရှင်ဓ မ္မပီယ(ပါမောက္ခ) အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ရန်ကုန်က ‘ဘာသာရေးဆိုင်ရာသုတေသနစာတမ်း’ တွင် ဤသို့ ထောက်ခံမှု ပြုထား ပေသည်။
‘အသိဉာဏ်နည်းပါးသူ၊ တရားဗဟုသုတမရှိသူတို့ကို လေးနက်သိမ်မွေ့သော စကားအသုံးအနှုန်း တို့ဖြင့် ပြောဆိုရေးသား ဆုံးမနေလျှင်အချိန်တွေသာ မကြာသင့်ဘဲကြာနေတော့မည်။ ခရီးတာ မဝေးသင့်ဘဲ ဝေးနေတော့မည်။
နတ်တွေအကြောင်းကို စေတနာမှန်မှန်ဖြင့် ပွင့်ပွင့်လင်းလင်း ရေးရဲသောသတ္တိ၊ ပြောရဲဆိုရဲသော သတ္တိကိုလည်းကောင်း၊ မိ စ္ဆာဒိဋ္ဌိ အယူမှားဘက်သို့ သက်ရောက်နေသော နတ်ကိုးကွယ်မှုများကို တော်လှန်ရဲ သော စာဆိုရှင်၏ သတ္တိကိုလည်းကောင်း ချီးကျူးဂုဏ်ပြုလိုက်ပါသည်။
_ _ _ _ _ _ _ _ _ _ _ _
ရှင်မဟာသီလ၀ံသသည် မိခင်ကြီး ဒေါ်ဒွေးကိုယ်တိုင် နတ်ထိန်းဖြစ်ပါလျက် သံဝေဂခန်းပျို့၌ နတ်နှင့် ပတ်သက်၍ နင့်နင့်သီးသီး တိုက်ရိုက်ကြီး ရေးသားထားပါ၏။
ရှင်မဟာရဋ္ဌသာရသည်လည်း နတ်၊ ဗေဒင်၊ ယတြာ တို့နှင့် ပတ်သက်၍ ကိုးခန်းပျို့၌ နင့်နင့်သီးသီး တိုက်ရိုက်ကြီး ရေးသားထားပါ၏။
မန်လည်ဆရာတော်ဘုရားကြီးသည်လည်း ဂြိုဟ်၊ နက္ခတ်၊ နတ်၊ ဗေဒင်၊ ယတြာ တို့နှင့် ပတ်သက်၍ မဃဒေ၀လင်္ကာသစ်၌နင့်နင့်သီးသီး တိုက်ရိုက်ကြီးရေးသားထားပါ၏။
ထိုမျှမက မြတ်ဗုဒ္ဓသည်လည်း ထိုမိ စ္ဆာဒိဋ္ဌိအယူအဆအတတ်တို့ကို ‘တိရ စ္ဆာန၀ိဇ္ဇာ’ ဟူ၍ လည်း ကောင်း၊
‘နက္ခတ္တံ ပတိမာနေန္တံ၊ အတ္ထော ဗာလံ ဥပေစ္စဂါ’ ထိုအယူအဆများကို လိုက်နာ ကျင့်သုံးသူများအား ဗာလ (လူမိုက်) ဟူ၍လည်းကောင်း မိန့်မြွက်ခဲ့ပါ၏။
ထို့ကြောင့် ‘စာဖတ်သူ့အမြင်’ ဆောင်းပါးမှ ထွန်းစာပေပိုင်ရှင် ဒါယကာကြီးအနေဖြင့် ‘ဓမ္မရံသီမဂ္ဂဇင်းပါ ဆောင်းပါများကို အစွန်းရောက်လွန်းနေမလားဘဲ’ ဟု တွေးထင် ယူဆ မထားမိစေလိုပါ။
စာရေးသူ့အမြင်ပြောရလျှင်မူ ‘ဓမ္မလင်းရောင်၊ မိုက်မှောင်ဖယ်ခွာ၊ လမ်းသာကိုညွှန်း၊ သာစခန်းသို့’ ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဦးတည်လျက်ပါရှိသော ထိုဓမ္မရံသီမဂ္ဂဇင်း၌ ပါဝင်ရေးသားနေကြသူ ကလောင် ရှင်များ၏ နင့်နင့်သီးသီး တိုက်ရိုက်ကြီး ရေးသားချက်များသည် လူသတ်သမားတို့ အသုံးပြုသည့် ‘ဓား’ သဖွယ် မဟုတ်မူ၍ ဆရာဝန်တို့ အသုံးပြုသည့် ‘ဓား’ သဖွယ်သာ ဖြစ်သည်ဟု ထင်မြင်ယူဆ မိပါကြောင်း......။ ။

အမှတ်စဉ် (၂၁၈) ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဓမ္မရံသီမဂ္ဂဇင်း။

No comments:

Post a Comment