Tuesday, January 22, 2013

သဒ္ဓါပီတိဂွမ်းဆီထိသို့



သဒ္ဓါပီတိဂွမ်းဆီထိသို့
၁၃၇၂-ခုနှစ်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း တက်ရောက်သင်ကြားကြသူ သင်တန်းသား/သူ ၉၆- ဦးတို့သည် အသက်အရွယ် ငယ်ရွယ်ပင် ငယ်ရွယ်ကြသေးသော်လည်း ဘုရားဒါယကာ၊ ဘုရားဒါယိကာမ ကလေးများအဖြစ် ခံယူကြရသည်ဟု ဆိုနိုင်ပါ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ နှလုံးသားဝယ် (ဓမ္မစေတီ) ဘုရားတည်ကြရသည်သာမဟုတ် မြေပြင်၌လည်း ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခွင့် ရရှိသောကြောင့် ဖြစ်၏။
ဗောဓိပင်စိုက်ပျိုးပူဇော်မည့် နေရာအနီးတွင် အုတ်ကျင်းဟောင်း တစ်ခုရှိနေပါသည်။ ထို့ကြောင့် အုတ်ကျင်းဟောင်းအား သဲဖို့ခြင်း၊ ဗောဓိပင်စိုက်ပျိုးမည့် ငါးတောင်ပတ်လည် ရှစ်မြှောင့်ပုံသဏ္ဍာန် အဆင့် သုံးဆင့်ရှိသော နေရာ၌ မြေဆွေးထည့်ခြင်းစသော အလှူတို့ကို ပေးလှူကြသည်။
ငါးတောင်ပတ်လည်ထားခြင်း၏ ရည်ရွယ်ချက်မှာ မဟာဗောဓိပင်ရင်းဝယ် မာရ်ငါးပါးကိုအောင်မြင် သည့် ရည်ရွယ်ရင်းဖြစ်ကြောင်း၊ ရှစ်မြှောင့်ပုံသဏ္ဍာန် ပြုလုပ်ထားခြင်းမှာ (ဂြိုဟ်ရှစ်ခွင်ကို ကိုယ်စားပြုခြင်း မဟုတ်) မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းဖော်ကြူးထားခြင်းသာ ဖြစ်ကြောင်း၊ ပလ္လင်သဖွယ် အဆင့်သုံးဆင့် ပြုလုပ် ထားခြင်းမှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသ၀က္ခယဉာဏ်သုံးပါးကို ရည်ညွှန်းခြင်း ဖြစ်ေ ကြာင်းတို့ကို ရှင်းပြရပါသည်။
ရှစ်မြှောင့် ပုံသဏ္ဍာန်ပြုလုပ်ထားသဖြင့် ဂြိုဟ်ရှစ်ခွင်ကို ကိုယ်စားပြုထားသည်ဟု ယူဆကြသော် ရည်ညွှန်းချက်နှင့် အဓိပ္ပာယ်ဖော်ဆောင်မှု တခြားစီဖြစ်သွားပေမည်။ ထို့ကြောင့်လည်း ရှင်းပြရခြင်းဖြစ်၏။ ရှစ်မျက်နှာစေတီတော်တို့ကို ဖူးမြင်ကြရသည့်အခါတို့တွင်လည်း မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းလျက် ထေရ၀ါဒ ရှုထောင့်မှ ရှုမြင်၍ ဖူးမြော်ကြဖို့လိုကြောင်း ထည့်သွင်းရှင်းပြဖြစ်ပါသည်။
_ _ _ _ _ _ _ _ _ _ _ _
ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့်ဗောဓိပင်ကိုစိုက်ပျိုးပူဇော်ကြခြင်းသည် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော် အ ပင် ဖြစ်ခြင်း၊ ဗောဓိဉာဏ်မြတ်ကို ရရှိတော်မူရာ အပင်ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓသက်တော်ထင်ရှား ရှိတော်မူစဉ် ကပင် မြတ်ဗုဒ္ဓကိုယ်တော်စား ကိုးကွယ်ပူဇော်ခြင်း ပြုကြရန် ညွှန်ကြားတော်မူခြင်းတို့ကြောင့် စိုက်ပျိုး ပူဇော်ခဲ့ကြ ကြောင်းကို တေရသကနိပါတ်၊ ကာလိင်္ဂဗောဓိဇာတ်တွင်လာသည့်အတိုင်း သင်တန်း ပို့ချချိန် အတွင်း ရှင်းပြထား ပါသည်။
“ဘုရားရှင်လက်ထက်တော်က ဘုရားရှင်အား ဖူးမြော်လိုကြတဲ့ ဘုရားဖူးပရိသတ်များဟာ ဇေတ ၀န် ကျောင်းတော်ကို ရောက်လာကြပါတယ်။ ဘုရားရှင်ဒေသစာရီ ကြွချီခိုက်နှင့်ကြုံတဲ့အခါ ၀မ်းနည်း ပက် လက် ဖြစ်ခဲ့ ကြရပါတယ်။
“အဲဒီ အဖြစ်အပျက်ကို အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားပါတယ်။ ဘုရားရှင်မရှိခိုက် ဘုရား ကိုယ်စား ဖူးမြော်စရာတစ်ခုပေးထားဖို့တောင်းပန်ပါတယ်။ ဘုရားရှင်ဟာမဟာဗောဓိပင်အား ပူဇော် ခွင့် ပြုတော်မူခဲ့ပါတယ်။
“အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ဗုဒ္ဓဂယာသို့ ကြွတော်မူပြီးမဟာဗောဓိပင်မျိုးစေ့ကို ယူဆောင်ပေးခဲ့ပါတယ်။ အနာထပိဏ်သူဌေးကြီးက ဇေတ၀န်ကျောင်းပေါက်ဝမှာ စိုက်ပျိုးပေးခဲ့ပါတယ်။ ရှင်အာနန္ဒာရဲ့ အစီအစဉ်နဲ့ စိုက်တာကြောင့် အာနန္ဒာဗောဓိပင်ရယ်လို့ ခေါ်ဆိုကြပါတယ်။ အဲဒီအချိန်က စပြီး ဘုရားရှင်ကိုယ်စား ပရိဘောဂစေတီအဖြစ် ပူဇော်ခဲ့ကြပါတယ်။”
ဗုဒ္ဓဂယာဘုရားဖူး ဗီစီဒီခွေမှ ဤအာနန္ဒာဗောဓိအခန်းကို အကြိမ်ကြိမ်ဖွင့်ပြထားပါသည်။ သင်တန်းသား လူငယ်တို့သည် ဗောဓိပင်စိုက်ပျိုးပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း သိရှိထားခြင်း၊ အာနန္ဒာဗောဓိပင် ကိုလည်း မျက်ဝါးထင်ထင်ဖူးမြင်ရခြင်းတို့ကြောင့် ပူပြင်းလှသည့်နွေရာသီကို အမှုမထား ဘဲ စေတနာသဒ္ဓါတရား ထက်သန်စွာ လုပ်အားအလှူတို့ကို ပေးလှူနေကြသည်ဟု ယုံကြည်မိပါ၏။
ဗောဓိပင်စိုက်ပျိုးပူဇော်မည့်နေရာကို ရှင်းလင်းသုတ်သင်ခြင်း၊ ပင့်ဆောင်မည့်လမ်းတစ်လျှောက် တို့ကို သဲဖြူခင်းခြင်း၊ ရာဇမတ်ကာရံခြင်းတို့ကို ကျေးရွာအတွင်းရှိလူကြီး၊ လူငယ်များနှင့် သဟပုညကာရီ ၀တ်အသင်း သူတို့မှလည်း ကုသိုလ်ပါဝင်ကြပါ၏။
   _ _ _ _ _ _ _ _ _ _ _ _
ကံမမြို့နယ်၊ တောင်စကိုင်းကျေးရွာ၊ ၀ိဇယာရာမကျောင်းတိုက်သို့ သွားရောက်၍ ဗောဓိပင်ကို ပင့် ဆောင်ကြရမည်ဖြစ်၏။ ပထမ၀ါဆိုလပြည့်နေ့တွင် သွားရောက်ပင့်ကြမည်ဟု သတ်မှတ်ထား သည်။ ရေတက်ချိန်ကို မှန်း၍ သတ်မှတ်ထားခြင်းဖြစ်၏။ ရေတက်ချိန် မဟုတ်ခဲ့သော် တောင်စကိုင်းကျေး ရွာမှ ကံမမြို့သို့ ရောက်အောင်နှစ်မိုင်ခွဲခန့် လမ်းလျှောက်ကြရမည်ဖြစ်၏။ ရေတက်ချိန်ဆိုပါလျှင် မဒေးချောင်း (တောင်ချောင်း)မှ ၀င်သွားလျှင်တောင်စကိုင်းရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နိုင်၏။
၁၃၇၂-ခုနှစ်၊ ပထမ၀ါဆိုလပြည့်နေ့နံနက်စောစောတွင် ထွေလာသုံးစီးဖြင့် ဒါးစမ်းကျေးရွာမှ စတင် ထွက်ခဲ့ကြ၏။ ပြလို့သို့ နံနက် ၉း နာရီ အချိန်ခန့်တွင် ရောက်ကြသည်။
ထိုမှတဆင့်ကြိုတင်ငှါးထားသော မော်တော်ဖြင့် ကံမမြို့သို့ ဦးတည်ထွက်ခွာခဲ့ကြ၏။ ရာသီဥတုက သာသာယာယာရှိနေပါသည်။ လှိုင်းလေတို့လည်း ငြိမ်သက်လျက်ရှိနေချေ၏။ ယခင်နေ့များကဆိုလျှင် မိုးသည် မကြီးသော်လည်း စဲသည်ဟုမရှိခဲ့ပါချေ။

  တောင်စကိုင်းကျေးရွာ၊ ၀ိဇယာရာမကျောင်းတိုက်သို့ နံနက် ၁၁-နာရီ အချိန်တွင် ချောချောမောေ မာ ရောက်ကြသည်။ ဆရာတော်ဘဒ္ဒန္တဇ၀န၊ တိုင်းသံဃနာယကဥက္ကဋ္ဌ(မူလဒွါရ) ထံတော်တွင် ဗော ဓိပင်ပင့်ဆောင်ရေး အဖွဲ့သားများကရှစ်ပါးသီလခံယူဆောက်တည်ကြခြင်း၊ ၀ါဆိုသင်္ကန်း ဆက်ကပ် လှူ ဒါန်းခြင်းတို့ကို ဆောင် ရွက်ကြသည်။

ဆရာတော်ကဗောဓိပင်ပင့်ဆောင်ရေးအဖွဲ့သားများအား အနုမောဒနာတရားချီမြှင့်ပါသည်။
“ဒါယကာ၊ဒါယိကာမအပေါင်းတို့၊ ယခုစိုက်ပျိုးပူဇော်မည့်ဗောဓိပင်ဟာ တောထဲမှာအလေ့ကျပေါက် ပြီး ဘယ်အပင်မှမှီတွယ်ခြင်းမရှိတဲ့ ညောင်ပင်ကို ဗောဓိပင်အဖြစ်နဲ့ စိုက်ပျိုးပူဇော်ကြရတာမဟုတ်ပါဘူး။ ဘုန်းကြီး ဗုဒ္ဓဂယာကို ပထမအကြိမ်ဘုရားဖူး ကြွစဉ်အခါက အာနန္ဒာဗောဓိပင်ကမျိုးစေ့တွေကို ယူဆောင်လာပြီး ပျိုးကြည့်တယ်။ နည်းစနစ်မမှန်လို့လား မသိဘူး။ တစ်ပင်မှမပေါက်ဘူး။
“ဒါကြောင့်လည်း ဒုတိယအကြိမ်ဗုဒ္ဓဂယာကို ဘုရားဖူး ကြွတဲ့အခါမှာတော့ နည်းစနစ်မှန်မှန်ပျိုး တတ်တဲ့ ဘုန်းကြီးရဲ့ မိတ်ဆွေ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ဆရာတော် ဦးဆေဒကကို ပျိုးခိုင်းထားခဲ့ရတယ်။ အပင်ဖြစ်မှ မြန်မာနိုင်ငံကိုရောက်အောင် ခဲရာခဲဆစ်ပင့်ဆောင်လာခဲ့ရတာ။
အိန္ဒိယနိုင်ငံမှ ပင့်ဆောင်လာစဉ်က ဗောဓိပင်မှန်း သိသာရုံမျှသာရှိသေးတယ်။ အချို့အပင်တွေ ဆိုရင် နှစ်ရွက်၊ သုံးရွက်မျှသာအရွက်ထွက်သေးတာဆိုတော့ လက်နှစ်ဆစ်၊ သုံးဆစ်ခန့်သာရှိသေးတာ။ အဲဒီလောက် သေးငယ်တဲ့ အပင်လေးတွေကို ဒီအရွယ်အထိ ဖြစ်လာအောင် တယုတယ ပြုစုပျိုးထောင် လာခဲ့ရတာ။
“ဘာကြောင့်ဒီလောက်အထိတယုတယ ပြုစုပျိုးထောင်ရပါသလဲဆိုရင် ဘုရားရှင်သက်တော် ထင် ရှား ရှိတော်မူစဉ်အခါက ဘုရားရှင်ကိုယ်တော်တိုင် ဘုရားရှင်မရှိခိုက် ဘုရားရှင်ကိုယ်စား ကိုးကွယ်ပူဇော် ဖို့ရန် ညွှန်ကြားတော်မူခဲ့တဲ့ အတွက်ကြောင့်ပါပဲ။
“ဒါကြောင့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့လဲ အင်မတန်အကြောင်းကံကောင်းကြလို့ ကိုးကွယ် ပူဇော် ခွင့်ရခိုက်မှာ ‘ဧ၀ံသန္တေ ဇေတ၀နေ မမနိဗဒ္ဓ၀ါသောဝိယ ဘ၀ိဿတိ’ လို့ ဇာတကအဋ္ဌကထာလာ အရှင် အာနန္ဒာအား မြတ်ဗုဒ္ဓဟောထားသည်နှင့်အညီ သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်တိုင် မိမိ တို့ရဲ့ ကျောင်းတိုက်အတွင်းဝယ် အမြဲသီတင်းသုံးနေတော်မူတယ်ရယ်လို့ သဘောပိုက်ပြီး သက်တော် ထင်ရှား မြတ်စွာဘုရားအလား ရိုရိုသေသေ လေးလေးမြတ်မြတ်နဲ့ ကိုးကွယ်ပူဇော်ကြဖို့ အထူးတိုက်တွန်း လိုပါတယ်။”
ဆရာတော်၏ အနုမောဒနာတရား နာကြားရသည့်အခါကြည်ညိုသဒ္ဓါတရားများ တိုးပွားလာကြရပါ သည်။
    _ _ _ _ _ _ _ _ _ _ _ _
နေ့လယ် ၁-နာရီအချိန်တွင် ဗောဓိပင်မြတ်အား ပင့်ဆောင်သည့်အခမ်းအနား အစီအစဉ်ကို စတင် ဆောင်ရွက်ကြ၏။ ရှေးဦးစွာဦးကြည်သိန်းက- "သုံးလောကသင်းကျစ်၊ ဓမ္မရာဇ်မှန်ကူ၊ သယမ္ဘူ ထွတ်ထား ရှင်တော်မြတ်ဘုရား။ ရှင်တော်မြတ်ဘုရား သည် သာဝတ္ထိပြည်သားတို့အား ရှင်တော်မြတ် ကိုယ်စား မဟာဗောဓိပင်မှမျိုးစေ့ကို ယူဆောင်စိုက်ပျိုးစေပြီးလျှင် ကိုးကွယ်ပူဇော်ခွင့်ပြုတော်မူခဲ့သည့် နည်းတူ ဘုရားတပည့်တော်တို့ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာသူ၊ ကျေးရွာသားတို့အားလည်း ရှင်တော်မြတ်ကိုယ်စား ကိုးကွယ်ပူဇော်ခွင့် ပြုတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် သုံးလောက သင်းကျစ်၊ ဓမ္မရာဇ်မှန်ကူ၊ သယမ္ဘူထွတ်ထားရှင်တော်မြတ်ဘုရား”
ဤသို့မြန်မာစကားပြေဖြင့်ကျေးရွာသူ၊ ကျေးရွားတို့၏ ကိုယ်စား ဦးစွာပင့်လျှောက်ပါသည်။ ပြီးလျှင် သဟပုညကာရီ ၀တ်အသင်းသူများက ပင့်လျှောက်ကြသည်။ ထို့နောက် အသင့်ပြုလုပ် ယူဆောင်လာ ခဲ့သော လူထမ်းဝေါယာဉ်ဖြင့်ခမ်းနားသိုက်မြိုက်စွာပင့်ဆောင်ခဲ့ကြပါသည်။ တောင်စကိုင်းကျေးရွာမှအထွက် တွင်နာရီကို ကြည့်လိုက်တော့ နေ့လည် ၂-နာရီ ထိုးနေပါပြီ။
ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်သဟပုညကာရီဝတ်အသင်းသူများ၏ မဟာဗောဓိဘုရားရှိခိုး ဂါထာသံတို့သည် လွင့်ပျံနေချေ၏။ ရေပြင်ကို ဆန်တက်လာခိုက်တွင် မြစ်ရေပြင်၏ လှိုင်းဂယက်တို့မှာ ၀ဲ ယာ သွယ်တန်းပြီး မော်တော်ဦးစွန်းတွင် ပေါင်းဆုံကာ လက်အုပ်ယှက်လျက် ဦးခိုက်ပူဇော်နေသည်သို့ရှိ၏။
ဗောဓိပင်တော်၏ အထက်တွင်သစ္စာလေးပါးကိုကိုယ်စားပြုလျက်အုပ်မိုး ပူဇော်၍ထားသော ထီးဖြူ လေး လက်တို့ကို အားကျသည့်အလား ကောင်းကင်ယံတွင်လည်း တိမ်ဖြူများဖြင့်အုပ်မိုး ပူဇော် လျက်ရှိသည်။
အပြန်ခရီးသည် အဆန်ဖြစ်ခြင်းကြောင့် ပြလို့သို့ လေးနာရီခွဲမှသာ ရောက်ရှိကြသည်။ ရွာအပြန် လမ်း သည် တောင်တက်၊ တောင်ဆင်း၊ အတိမ်း၊ အစောင်းများ ထူထပ်သဖြင့် ဗောဓိပင်အားထိခိုက်မှု မရှိရလေ အောင် သတိဖြင့် ကောင်းစွာစောင့်ရှောက် ပင့်ဆောင်ကြရပါသည်။ ထို့ကြောင့် ၅-နာရီခွဲမှ ရွာသို့ပြန်နိုင်သည်။
ရွာသို့အရောက်တွင် မှောင်ရီပင်ပျိုးနေပေပြီ။ ရွာသူရွာသားများသည် ရွာအ၀င် ကြိုဆိုရေး မဏ္ဍပ်မှနေ၍ ဗောဓိပင်တော်မြတ်အား ရိုသေစွာလက်အုပ်ချီမိုး ရှိခိုးပူဇော်ကြပါသည်။ လမ်းဘေးဝဲယာတို့မှ သာသနာ့ အလံများ ကိုင်ဆောင်လျက် ဖူးမြော်ကြသည်။ ပရိသတ်မှာ တိုးမပေါက်အောင် များလှခြင်းကြောင့် ကျောင်းသို့ ည၉-နာရီအချိန်ခန့်တွင်မှ ရောက်ပါလေတော့သည်။
စိုက်ပျိုးပူဇော်ချိန်မီသော် နေ့ချင်းပြီးစိုက်ပျိုးပူဇော်မည်ဟု မှန်းထားသည်။ သို့သော်မှောင်နေပြီဖြစ် သဖြင့် နောက်နေ့မှ စိုက်ပျိုးရန် ဆုံးဖြတ်လိုက်ရသည်။ ကျောင်းရှေ့မြေကွက်လပ်တွင် တစ်ညတာ ကိန်းဝပ် စံပယ် အပူဇော်ခံယူတော်မူနိုင်ရန် စီစဉ်လိုက်ပါသည်။
လူသားတို့ထွန်းညှိပူဇော်ထားသော ဆီးမီးရောင်တို့နှင့်အပြိုင် ကောင်းကင်ယံမှ စန်းလသော်တာ သည်လည်း ကြယ်တာရာအပေါင်း ခြံရံလျက်ဗောဓိပင်မြတ်အား အားပါးတရ ဖူးမြော်နေသည့်နှယ်ပါတည်း။
_ _ _ _ _ _ _ _ _ _ _ _
ပထမ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့နံနက် အရုဏ်တက်ချိန်တွင်ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်ရသာ အဖြာဖြာတို့ကို ဘုရားရှင်အားရည်မှန်း၍ ဆက်ကပ်လှူဒါန်း ပူဇော်ကြ၏။ နံနက် ၈-နာရီအချိန်တွင် ယာယီစံမြန်းရာ နေရာမှ ထာဝစဉ်ကိန်းဝပ်စံပယ်ကိန်းဝပ်စံပယ်အပူဇော်ခံယူတော်မူမည့်နေရာသို့ အခမ်း အနားဖြင့်ပင့်ဆောင်ပြီးလျှင် မြေ၀ယ်စိုက်ပျိုး ပူဇော်ကြပါသည်။
ထို့နောက် အမျှအတန်း ပေးဝေခြင်း၊ အမွှေး၊ နံသာ၊ ဆီမီးများဖြင့် ပူဇော်ခြင်းတို့ကို ပြုကြ၏။ ပြီးလျှင် အကာအရံများ ပြုလုပ်ဆောင်ရွက်ကြသည်။
စာရေးသူအနေဖြင့်ဗောဓိပင်မြတ်အား ပင့်ဆောင်ရန်သွားကြသည်မှစ၍မြေ၀ယ်စိုက်ပျိုး ပူဇော် သည် အထိ ညွှန်းစာရေးဖွဲ့၍ ဖော်ပြနိုင်စွမ်းရှိပါ၏။ သို့သော် စာရေးသူ အနှစ်နှစ် အလလ က မျှော်လင့် တောင့်တ ခဲ့ရပါသော ဗောဓိပင်မြတ်အား ကိုးကွယ်ပူဇော်ခွင့် ရရှိသဖြင့် ရင်၌ဖြစ်ပွား ၀မ်းသာကြည်နူးမှုများကိုကား ဖော်ပြ နိုင်စွမ်းမရှိပါတော့ချေ။

အမှတ်စဉ်(၁၇၂)၂၀၁၁-ခုနှစ်၊ဧပြီလ၊ဓမ္မရတနာမဂ္ဂဇင်း။

No comments:

Post a Comment