Tuesday, January 22, 2013

နာမ်ရုပ်နှစ်သင်း ဉာဏ်မြင်ရှင်းဖို့



နာမ်ရုပ်နှစ်သင်း ဉာဏ်မြင်ရှင်းဖို့
တစ်ခုသော ကထိန်အလှူအပြီးတွင် ဖြစ်ပါသည်။ ပင့်သံဃာတော်များအားလုံး အသီးအသီး ပြန်ကြွ ကြ ပြီ ဖြစ်သဖြင့် စာရေးသူလည်း ပြန်မည်အပြုတွင် ဒါယကာကြီးတစ်ဦးက ဤသို့ စကားဆိုလာ၏။
“ဦးဇင်း ဒီနေ့ ကထိန်တရားဟောတဲ့ ဆရာတော်ဟာ တရားဟော တော်တော်ကောင်းတာပဲ”
“ဟုတ်လား... ဒါကြောင့်လဲ ကထိန်ဒကာက သီးခြား ပင့်လာတာနေမှာပေါ့”
“ဒီနေ့ဟောတဲ့ ကထိန်တရားကို ဦးဇင်း နာလိုက်မိသေးလားဘုရား။”
“ဟင့်အင် ဦးဇင်းတို့နယ်ရဲ့ထုံးစံအရ သီလပေးပြီး ကထိန်သင်္ကန်း အကပ်ခံ။ ပြီးရင်မေတ္တာသုတ် ပရိတ် တရားချီးမြှင့်၊ ပြီးတော့ ပင့်သံဃာတော်တွေအားလုံး သိမ်ထဲကြွပီး ကံဆောင်ကြတယ်။ တရားဟော ဓမ္မ ကထိက တပါးတည်းသာ တရားဟောကျန်ခဲ့ရတာလေ။ ဒီတော့ ကံဆောင်နေကြတာမို့ ကထိန်တရားမနာ လိုက်မိပါဘူး။ ဘာပြုလို့မေးတာလဲ”
“ရုပ်နာမ် အကြောင်းရှင်းပြတာ တော်တော်ရှင်းတာပဲ”
“ပြောစမ်းပါဦး ဘယ်လိုရှင်းပြလို့လဲ”
“လှူချင်တာက နာမ်၊ လှူနေတာက ရုပ်၊ ငါမဟုတ် သူမဟုတ်၊ လှူတာ နာမ်နှင့်ရုပ် ။ နာမ်ရုပ်နှစ် သင်း၊ အမြင် ရှင်း၊ လှူရင်း အလုပ်လုပ်။ ဆိုတဲ့ လင်္ကာလေးကို ချပေးပြီး ရှင်းပြတာ”
“အဲဒီလင်္ကာလေးက ရှင်းပြနေစရာ မလိုလောက်အောင် ရှင်းနေပြီးသားပဲ။ သူက ဘာကို ထပ်ပြီး ရှင်းပြ တာလဲ”
“ဒီလိုလေဘုရား။ အဲဒီလင်္ကာထဲမှာပါတဲ့ ရုပ်နာမ်ဆိုတာကိုရှင်းပြတာ။ လူတော်တော်များများက ရုပ်နာမ်၊ ရုပ်နာမ်နဲ့သာပြောနေကြတာ။ တကယ်တမ်းကျတော့ ရုပ်နာမ်ဆိုတာ ဘာကိုဆိုလိုမှန်း တိတိပပ သိကြသူနဲပါတယ်။ အဲဒါကို တိတိပပ သိရအောင် လက်တွေ့ သရုပ်ပြပြီး ရှင်းလင်းပြတာ ဘုရား။”
“ကိုင်း ဘယ်လိုရှင်းလင်းပြသလဲ ဆက်ပြောစမ်းပါဦး”
“စိတ်၊ စေတသိက်၊ နိဗ္ဗာန်တို့ကို ကိုင်တွယ်မယ်ဆိုရင် ကိုင်တွယ်လို့ ရ၊ မရမေးတယ်။ မရပါဘုရား လို့ ဖြေတော့ ကိုင်တွယ်လို့ မရတာက နာမ် တဲ့။ ပြီးတော့ သူ့ရဲ့လက်တစ်ဖက်ကို ကျန်လက်တစ်ဖက်နဲ့ ကိုင်ပြတယ်။ ကိုင်လို့ ရ၊ မရ မေးတယ်။ ရပါတယ်ဘုရားဆိုတော့ ကိုင်တွယ်လို့ရတာက ရုပ်ဖြစ်တယ်ဆိုတာ ကို လက်တွေ့ နည်းနဲ့ ရှင်းပြတာ။”
“ဒါပဲလား”
“ပြီးတော့ ပိုရှင်းသတဲ့ရှင်းအောင် ထပ်ပြီးရှင်းပြသေးတယ်။ စိတ်၊ စေတသိက်၊ နိဗ္ဗာန်တို့ကို ကြည့် ရင် မြင်နိုင်၊ မမြင်နိုင်အမေးအဖြေလုပ်ပြီး မမြင်ရလို့နာမ်တဲ့။ ရုပ်ကိုလက်တွေ့ပြရာမှာတော့သူ့ကိုမြင်၊ မမြင်မေးတယ်။ မြင်ရပါတယ်လို့ ဖြေတော့ မြင်ရတာဟာ ရုပ်လို့ခေါ်တယ်လို့ ရှင်းပြတယ်။”
“အော်...အဲဒီလို ရှင်းပြတာပေါ့”
“ဒါတင်ဘယ်ကလဲဘုရား။ အများသိပြီးဖြစ်တဲ့ သိတတ်တာက နာမ်၊ မသိတတ်တာက ရုပ် ဆိုပြီးတော့ လဲ ရှင်းပြသေးတယ်။ ဘယ်လောက်ရှင်းလိုက်သလဲဘုရား။ တစ်ခါမှ တရားမနာဘူးတဲ့ သူတောင် ရုပ်နာမ် အကြောင်း တခဏနဲ့ သဘောပေါက် နားလည်သွားနိုင်တယ်။ တပည့်တော်လဲ ခုမှပဲ ရုပ်နာမ်ဆိုတာ ဘာခေါ်တယ်ဆိုတာကို ရေရေရာရာ တိတိပပ သိရတော့တယ်ဘုရား။”
“ရုပ်နာမ်ဆိုတာကိုတကယ်တမ်း ရေရေရာရာတိတိပပသိ၊ မသိမေးကြည့်ပါဦးမယ်။ အသံတို့အနံ့ တို့ဟာ ရုပ်လား၊ နာမ်လား။”
“ရုပ် ပါဘုရား။”
“ဒါဆို ကိုင်တွယ်လို့ ရ ရမှာပေါ့။”
“မရပါ ဘုရာ။”
“ဒါနဲ့ ကိုင်တွယ်လို့ ရတာက ရုပ်လို့ ပြောတာ ဟုတ်နိုင်ပါ့မလား”
“မဟုတ်နိုင်ပါဘူး ဘုရား”
“ဒကာကြီးရဲ့ ဓမ္မကထိကဟာ သပ္ပဋိဃတရားနဲ့ အပ္ပဋိဃတရား ဆိုတာကို အဓိပ္ပာယ်နဲ့ အကောက် လွဲ သွားသလားမှ မသိတာ။”
“ဘယ်လို လွဲနိုင်လို့လဲ ဘုရား”
“သပ္ပဋိဃ ဆိုတာ ထိပါးခြင်းနှင့်တကွဖြစ်သော တနည်း ထိခိုက်၍ရသော တရားကိုခေါ်တာ။ အပ္ပဋိဃ တရားဆိုတာကတော့ သပ္ပဋိဃရဲ့ ပြောင်းပြန်အဓိပ္ပာယ်ထွက်တယ်လေ။ ထိပါးခြင်းဖြစ်တယ်၊ မဖြစ်ဘူးဆိုတာလဲ လက်နဲ့ထိပါးလို့ရတာ၊ မရတာကိုဆိုလိုတာမဟုတ်ပါဘူး။ ဒါကြောင့်လဲ သပ္ပဋိဃတရားကို အရကောက်ရာမှာ ပသာဒရုပ်(၅)နဲ့ ဂေါစရရုပ်(၇)ပါး ပေါင်း(၁၂)ပါးကိုကောက်ပါတယ်။ ကျန်တဲ့သုခုမရုပ် (၁၆)ပါးရယ်၊ စိတ်၊ စေတသိက်၊ နိဗ္ဗာန်ရယ်ဟာ အပ္ပဋိဃတရားတွေ ဖြစ်တယ်ဆိုတာကို ဓမ္မသင်္ဂဏီ ပါဠိေ တာ်၊ သပ္ပဋိဃဒုက်မှာ ပြဆိုထားပါတယ်။
မြတ်စွာဘုရားတရားဟောတဲ့အခါ တရားနာတဲ့သူတွေ နားလည်အောင် မြေမှုန့်တို့ ၊ ရေမျှော သစ် တုံးတို့ကို ဥပမာပြပြီး တရားဟောခဲ့သေးတာပဲ။ တကယ်တမ်း ရုပ်ဆိုတာ လက်နဲ့ထိကိုင်လို့ရတယ်ဆိုရင် လက်တွေ့ကိုင်ပြပြီး ရုပ်ဆိုတာ ဒါကို ခေါ်တာလို့ ရှင်းပြမှာပေါ့။ မနက်ကတရားဟောတဲ့ ဆရာတော်က ဘုရားရှင်တောင် သူ့လောက် တရားနာတဲ့သူတွေကို ရှင်းအောင် မဟောတတ်ဘူးလို့ အထင်ရောက် နေသ လားမှ မသိတာ။
တကယ်တော့။ ဘုရားရှင် ဟောတဲ့ ရုပ်တရားဆိုတာ သဘောတရားကို ခေါ်တာ။ (substance) အရာဝတ္ထု အထည်ဒြပ်ရှိတာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်ရုပ်တရားကိုမျှ ကိုင်တွယ်လို့မရပါဘူး ဆို တာ သေသေချာချာ မှတ်သားထားလိုက်စမ်းပါ။
ပြီးတော့မြင်ရတာ ရုပ်ဆိုတာလဲ ရုပ်(၂၈)ပါးထဲမှာမြင်ရတဲ့ ရုပ်ဆိုလို့အဆင်းရုပ်တစ်ခု တည်း သာ မြင်လို့ရပါတယ်။ ကျန်တဲ့ရုပ်တွေက မြင်လို့ရတဲ့ ရုပ်တွေ မဟုတ်ပါဘူး။”
“ဒီလိုဆိုရင် ‘သိတတ်တာကနာမ်၊ မသိတတ်တာက ရုပ်’ ဆိုတာကတော့မှန်တယ်မဟုတ်လား ဘုရား”
“မှန်၊ မမှန် ဝေဖန်ဆန်းစစ်ကြည့်ရအောင်။ နာမ်တရားတွေထဲမှာ စေတသိက်ကို အသာထား နိဗ္ဗာန် ဟာ အာရုံကို သိတတ်ပါ့မလား”
“မသိတတ်ပါဘူး ဘုရား။”
“မသိတတ်ရင် ဒါဆို ရုပ်တရားပေါ့။”
“အဲဒီလိုလဲ မဟုတ်ပါဘူး ဘုရား”
“ဓမ္မသင်္ဂဏီပါဠိတော်၊ စိတ္တဒုက်မှာ အာရုံကိုသိတတ်သောတရားဆိုသည်မှာ စိတ်၈၉-ခုသာဖြစ်ပြီး၊ အာရုံကို မသိတတ်သောတရားများကတော့ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ဖြစ်တယ်လို့ ဟောထားတယ်။ ဒါကြောင့် သိတတ်တာက နာမ်ဆိုရင် စိတ်တစ်ခုတဲ အတွက်သာ မှန်ပြီး၊ နာမ်တရားဖြစ်တဲ့ စေတသိက်၊ နိဗ္ဗာန်တို့အတွက် မှားနေတယ်။
မသိတတ်တာက ရုပ်ဆိုရာမှာလဲ ရုပ်တစ်ခုတည်း အတွက်သာမှန်နေပြီး အာရုံကိုမသိတတ် တဲ့ စေတသိက်နိဗ္ဗာန်တို့ကို ရုပ်တရားလို့ ပြောရမလို ဖြစ်နေတယ်။ ဒါဆိုရင် ‘သိတတ်တာကနာမ်၊ မသိ တတ်တာက ရုပ်’ ဆိုတဲ့စကားဟာမှားတယ်၊ မှန်တယ်ဆိုတာ ခွဲခြားလို့ ရလောက်ပါပြီ။”
“ဒီလိုဆိုရင် တပည့်တော်တို့အနေနဲ့ နာမ်နဲ့ ရုပ်ရဲ့သသော အဓိပ္ပာယ်ကို မမှားအောင် ဘယ်လို မှတ် သား ထားရမှာလဲ ဘုရား။”
       “မမှားအောင် မှတ်သားထားဖို့ဆိုရင် အဋ္ဌသာလိနီမှာ နာမရူပဒုက်ကို ဖွင့်ဆိုထားတဲ့အတိုင်း မှတ်သား-ထားလိုက်ပေါ့”
“ဘယ်လိုများ ဖွင့်ဆိုထားလို့လဲ ဘုရား။”
“နမနဋ္ဌေန နာမနဋ္ဌေန စ နာမံ။ ရုပ္ပနဋ္ဌေန ရူပံ။ အာရုံသို့ ညွတ်တတ် ညွတ်စေတတ်သော တရား ဟာ နာမ်တရား။ ဖောက်ပြန်တတ်သောတရားဟာ ရုပ်တရား ဖြစ်တယ်} လို့အဋ္ဌသာလိနီအဋ္ဌကထာမှာ ဖွင့်ဆိုထား တယ်လေ”
“ရုပ်ရဲ့သဘောကိုနားလည်ပေမယ့်နာမ်ရဲ့သဘောဖြစ်တဲ့ ‘အာရုံသို့ညွတ်တတ် ညွှတ်စေတတ်သော ’ ဆိုတဲ့ စကားလုံးတွေကို နားမလည်ဘူး ဖြစ်နေတယ် ဘုရား။ ရှင်းပြပေးပါအုံး။”
“ညွတ်ဆိုတာဟာ ကိုင်းကျတာ၊ စိတ်ရောက်တာကိုဆိုလိုတာပါ။ ညွတ်တတ် ညွတ်စေတတ်လို့ နှစ် မျိုး ဆိုထားတာကတော့ နာမ်တရားများဖြစ်ကြတဲ့စိတ်၊ စေတသိက်နဲ့နိဗ္ဗာန်တို့ဟာသဘောသဘာဝချင်း မတူတဲ့ အတွက် နှစ်မျိုးဆိုထားတာ ဖြစ်တယ်။ စိတ်၊ စေတသိက်တို့ကအာရုံပေါ်သို့ ကိုင်းကျတတ် တယ်၊ ရောက် တတ်တယ်။ ဒါကြောင့်မို့ နာမ်လို့ခေါ်တာ။ နိဗ္ဗာန်ကတော့အာရုံ ပြုတတ်တဲ့ အပြစ်ကင်းတဲ့ တရားတို့ကို မိမိထံသို့ ကိုင်းကျစေတတ်၊ ရောက်စေတတ်လို့ နာမ်လို့ ခေါ်ရတယ်။ ဒါဆိုရင် နာမ်ရုပ် နှစ် သင်း အမြင်ရှင်းတန် ကောင်းပါရဲ့”
“မှန်ပါ့။ ခုမှပဲ ရှင်းသွားပါပြီဘုရား။”
“ဒကာကြီးတို့ကလဲ နာမ်ရုပ်နှစ်သင်း သာမန်အမြင်နဲ့ ရှင်းရုံမက ဉာဏ်မြင်ပါရှင်းအောင် လှူရင်း အလုပ်လုပ်ရမှာဖြစ်သလို ဦးဇင်းတို့ အလှူခံပုဂ္ဂိုလ်များကလဲ နာမ်ရုပ်နှစ်သင်း၊ ဉာဏ်မြင်ရှင်းအောင်၊ ယူရင်း အလုပ်လုပ်ကြတာပေါ့” ဟု သတိပေးတိုက်တွန်းစကားဆိုခဲ့ပြီး ရွာသို့ပြန်ခဲ့ပါတော့၏။
(ညွတ်၊ ကြိ- ၁၊ ကိုင်းကျသည်။ ၂၊ စိတ်ရောက်သည်။ မြန်မာအဘိဓာန်၊ ၁၃၈။)

အမှတ်စဉ်(၂၇၀) ၂၀၁၂ခုနှစ်၊ ဇွန်လ၊ဓမ္မရံသီမဂ္ဂဇင်း။

ထုံးအိုးထဲကခေတ်သစ်ကျမ်းစာ



ထုံးအိုးထဲကခေတ်သစ်ကျမ်းစာ
စာပေပရိယတ္တိအရာ၌ အထူးထင်ရှားကျော်ကြားတော်မူသော ညောင်ကန်ဆရတော် ဦးဗုဓ်ထံသို့ ရဟန်းတစ်ပါးက သူကိုယ်တိုင် ပြုစုရေးသားထားသော ပေကျမ်းစာမူ တစ်ထုပ် လာရောက်ဆက်ကပ်သည်။ အမှားတွေ့လျှင်ထုံးဖြင့်တို့ထားပြီး သုတ်သင်တည်းဖြတ်ပေးတော်မူပါရန်လျှောက်ထားသည်။ သုတ်သင် တည်း ဖြတ်၍ ပြီးလောက်ချိန်တွင် ဆရာတော်ဦးဗုဓ်ထံသို့ ကြွရောက်လာပြီး-
“တပည့်တော်ရဲ့ ပေစာမူ သုတ်သင်တည်းဖြတ်လို့ ပြီးပါပြီလား ဘုရား” ဟု လျှောက်ထားလေသည်။
ဆရာတော်က -
“အေး... ပြီးပါပြီ။ဟို... ထုံးအိုးထဲမှာ” ဟု ထုံးအိုးရှိရာကို ညွှန်ပြလိုက်လေ၏။ ထိုအခါကျမ်းပြုသူ ရဟန်း တော်က -
“ဘာကြောင့်ထုံးအိုးထဲနှစ်ထားရပါလိမ့်ဘုရား” ဟု မ၀ံ့မရဲမေးလျှောက်သည်။
“ကိုယ်တော်စာတွေက ထုံးတို့လို့မနိုင်လောက်အောင်ကို အမှားတွေကများလွန်းနေလေတော့ ထုံးအိုး ထဲ နှစ်ထားလိုက်ရတာပဲ”ဟု ပြန်လည်၍ ဖြေကြားတော်၏။
မကြာသေးမီကစာရေးသူဖတ်ရသော ‘ဟိတသိဒ္ဓိပကာသနီကျမ်း’ အမည်ရှိစာအုပ်သည်လည်း နီဒါန်းမှ ဆုတောင်းခန်းတိုင်အောင်အမှားများ တင်းကျမ်းပြည့်နေသဖြင့် ထုံးအိုးထဲနှစ်ထားရမည့် ကျမ်း စာဖြစ်သည်ဟု ဆိုရပါလိမ့်မည်။
ကျမ်းစာ၏ အစ ‘စကားလက်ဆောင်မွန်ဏ္ဍတွင် စာရေးဆရာကြီးတစ်ဦးက ပညက်နယ်တွင် နေနေ ရသည့် လူသားများအဖို့စီပွားရေး၊ ကြီးပွားရေး၊ အမျိုးသားရေးဆိုသည့်ကိစ္စများ ရှိနေဦးမည်ဖြစ်သည်။ အရိယာသံဃာမဖြစ်သေးသည့်သံမ္မုတိသံဃာတော်အရှင်သူမြတ်တို့မှာလည်း လောကီနယ်မှ မလွတ်နိုင်ေ သး။ ထို့ကြောင့် လောကလူသားများ၏ အကျိုးရှိရာရှိကြောင်းကို တတ်အားသမျှ လမ်းပြညွှန်ကြား ပေး တတ်ကြပါ သည်။
“ကျမ်းပြုဆရာသည်လည်း ထိုအမြင် ထိုအတွေးဖြင့် လောကတ္ထစရိယလုပ်ငန်းတစ်ရပ်အနေနှင့် ဤ ‘ဟိတသိဒ္ဓိပကာသနီ’ ကျမ်းကို ပြုစုရေးသားထားခြင်း ဖြစ်သည်” ဟု ကျမ်းပြုသူ၏ဂုဏ်ပုဒ်ကို ထုတ်ဖော် မိတ်ဆက်ထားပါသည်။
သို့ပါသော်လည်း ကျမ်းပြုပုဂ္ဂိုလ်ကမူ “လူသားများ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စများ အခန်းတွင်” မိမိနေထိုင်ရာ အိမ်ဂေဟာ၌ ကျေးဇူးမရှိပါဘဲနှင့် စည်းကမ်းမဲ့စွာ ဒုက္ခသည်၊ အပူသည်၊ ရောဂါသည် စသည်တို့ မလာရောက်စေရပါ။
“ထိုပုဂ္ဂိုလ်တို့သည် တစ်ခါတစ်ရံ၌ တစ်နေ့တစ်ညလာရောက်လျှင် ကိစ္စမရှိ၊ ရက်ရှည်လများ အထိ တည်ရှိလာမူ၊ နေ့စဉ်ရက်ဆက် ခဏခဏ၀င်ထွက်လာလျှင် မိမိအိမ်တွင်းရေးကိုလည်းကောင်း၊ စီးပွားရေး ကို လည်းကောင်း၊ ကျန်းမားရေးကိုလည်းကောင်း ထိခိုက်လာနိုင်ပါသည်။
“ဤကိစ္စမျိုးတွင် မြန်မာလူမျိုးများသည် များသောအားဖြင့် မပြတ်သား၊ တိကျစွာမဆောင်ရွက် ဘဲ နေရာတိုင်းမှာစည်းကမ်းမရှိ၊ အားနာတတ်၊ သဘောကောင်းလွန်း၍ အမှုပြဿနာ ဒုက္ခဆင်းရဲ ဆုံးရှုံးနစ်နာမှုများ မဖြစ်သင့်ဘဲ ဖြစ်ကြရသည်။ ထို့ကြောင့် စဉ်းစား ဆင်ခြင် ဉာဏ်ဖြင့်ယှဉ်၍ သတိပြုကြ ရန် ဖြစ်ပါသည်။” ဟူ၍ မိမိ၏ ပင်ကိုဇာတိရုပ်ကို ထုတ်ဖော်ပြသထားပါ၏။
ဟိတသိဒ္ဓိပကာသနီကျမ်းပြုသူအနေဖြင့် လောကလူသားများ၏ အကျိုးကိုဆောင်ရွက်ရာတွင် ဒုက္ခ သည်၊ အပူသည်၊ ရေဂါသည်စသည်တို့ ပါဝင်မှုမရှိကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။
   _ _ _ _ _ _ _ _ _ _ _ _
ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ဇာတက၊ ၀ိမာန၀တ္ထုတို့တွင် လာရှိသော -
“သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ၊ ပရိနိဗ္ဗာန်စံတော်မူသောမြတ်စွာဘုရား ၌ ဖြစ်စေ စိတ်ထားညီမျှသည်ရှိသော် ညီမျှသောအကျိုးကိုပေးနိုင်၏။ စိတ်ကို ကောင်းစွာထားခြင်းတည်း ဟူသော အကြောင်းကြောင့် သတ္တ၀ါတို့သည် ကောင်းသော လားသုဂတိသို့ သွားကြရကုန်၏” ဟူသည့် ဘုရားစကားကို မျက်ကွယ်ပြုကာ-
“(လောကီနည်း) ကိုးကွယ်သင့်သော ဘုရားပုံဏ္ဍာန်” ဟူသော အခန်းတွင် နေ့သင့်၊ နံသင့်အလိုက် ပလ္လင်တော်ထုလုပ်ရမည့် အသားနှင့် ပုံတော်ထုရမည့် အသားတို့ကိုခွဲခြား၍ ပြဆိုထားသည်။ ပုံတော်ကို မဟာ မြတ်မုနိပုံတော် ထုရန်နှင့်ဉာဏ်တော်အမြင့်ကိုလည်း ၉-လက်မ ထုရန် ညွှန်ကြားထား၏။
“ဗုဒ္ဓရုပ်ပွားတော်မှန်သမျှ အနေကဇာတင်ရာ၌ သောကြာ၊ ဗုဒ္ဓဟူး၊ တနင်္လာလပြည့်နေ့ ကြုံကြိုက်ရ ပါမည်။ ၎င်းင်းနေ့ တစ်နေ့နေ့သည် လပြည့်နေ့ဖြစ်ရပါမည်။ အရုဏ်တက်ချိန် ၅-နာရီခွဲခန့်ကို အနည်းဆုံး သံဃာ၅-ပါး၊ အများဆုံး သံဃာ၉-ပါးကိုပင့်၍အနေကဇာတင်ကိုးကွယ်ပါ” ဟုအထူးမှတ်ချက် အနေဖြင့် ဖော်ပြ ထားလေသည်။
   _ _ _ _ _ _ _ _ _ _ _ _
မြတ်ဗုဒ္ဓ ဟောဖော်ညွှန်ကြား ဆုံးမထားခဲ့ပါသော ဒေသနာတော်တို့သည် ပိုနေသဖြင့် နုတ်ပယ်ခြင်း၊ လိုနေသဖြင့်ဖြည့်စွက်ခြင်းတို့ မပြုနိုင်လောက်အောင် အလုံးစုံပြည့်စုံပြီးဖြစ်သည်။ လှူဖွယ်တန်းဖွယ် အသွယ်သွယ် (ဒါန၀တ္ထု) တို့ကိုသုတ္တန်နည်းအရ ၁၀-ပါး၊ အဘိဓမ္မာနည်းအရ ၆-ပါးရှိကြောင်း ခွဲခြား၍ ဟောကြားထားခဲ့ပြီး ဖြစ်၏။
သုတ္တန်နည်းအရ (၁) အန္န = ဆွမ်းအလှူ၊ (၂) ပါန = အဖျော်အလှူ၊ (၃) ဃရ = ကျောင်းအလှူ၊ (၄) ၀တ္ထ = အ၀တ်ပုဆိုးအလှူ၊ (၅) ယာန = ယာဉ်အစီးအနင်းအလှူ၊ (၆)မာလာ = ပန်းအလှူ၊ (၇) ၀ိလေပန = နံ့သာပျောင်းအလှူ၊ (၈) ဂန္ဓ = အနံ့အလှူ၊ (၉) သေယျ = အိပ်ရာနေရာအလှူ၊ (၁၀) ပဒီပ = ဆီမီး အလှူတို့ ဖြစ်သည်။
အဘိဓမ္မာနည်းအရ(၁) ရူပဒါန= အဆင်းအလှူ၊(၂) သဒ္ဒဒါန= အသံအလှူ၊(၃)ဂန္ဓဒါန=ရနံ့အလှူ၊ (၄) ရသဒါန = ခဲဖွယ်ဘောဇဉ်အလှူ၊ (၅) ဖောဌဗ္ဗဒါန = အုံးမွေ့ရာအလှူ၊ (၆) ဓမ္မဒါန = တရားပေစာ အလှူတို့ ဖြစ်သည်။
သို့ပါလျက် ဟိတသိဒ္ဓိပကာသနီကျမ်းပြုသူက မြတ်ဗုဒ္ဓ၏ ဒေသနာတော်တို့ကို လိုနေသည် အ ထင်ဖြင့် ပြင်ဆင်ဖြည့်စွက်ထားသည်ကိုတွေ့ရ၏။
လောကီနည်းအရ ကောင်းကျိုးချမ်းသာ သုခအဖြာဖြာနှင့်ပြည့်စုံစေနိုင်သော သစ်သီးများမှာ(၁) သင်္ဘောသီး၊ (၂) မာလကာသီး၊(၃) လိမ္မော်သီး၊ (၄)ရခိုင်ငှက်ပြောသီး၊ (၅) ရွှေငှက်ပျောသီး၊ (၆) သီးမွှေး၊(၇) အုန်းသီး၊(၈) ပန်းသီး၊(၉) သစ်တော်သီး၊(၁၀) ကျွဲကောသီး(၁၁) သံပရာသီး၊(၁၂) ကတ္တီပါသီးတို့ဖြစ်ပါသည်။
“ကပ်လှူပူဇော်သင့်သောပန်းများ၊ အညွှန့်များမှာ (၁) သပြေပန်း၊ (၂)ဂန္ဓမာပန်း၊(၃) မြတ်လေးပန်း၊ (၄) သရဖီပန်း၊ (၅) ငွေပန်း၊ (၆)ကံ့ကော်ပန်း၊ (၇) မေမြို့ပန်းအဖြူ၊ (ဂ)သစ္စာပန်းများ ဖြစ်ပါသည်။
“ဤ၈- မျိုးသောပန်းများသည်မြတ်စွာဘုရားနှင့်တကွအနန္တောအနန္တငါးပါးအား ကပ်လှူပူဇော်ရမည်။ အထက်ပါရှစ်မျိုးသောပန်းများသည် ကုသိုလ်ဓာတ်ပန်းများဖြစ်သောကြောင့် မင်္ဂလာနှင့်လည်း ပြည့်စုံနိုင် သည်။ အေးမြကြည်လင်စေသော ကောင်းကျိုးမင်္ဂလာနှင့်ပြည့်စုံသော ပန်းများဟုမှတ်ယူသင့်ပါသည်။
“ဤကုသိုလ်ဓာတ် မင်္ဂလာကျက်သရေနှင့်ပြည့်စုံသော ပန်း ၈-မျိုးကိုသာ ကပ်လှူခြင်း၊ ပူဇောခြင်း၊ လှူဒါန်းခြင်းကိုပြုရပါမည်။ အထူးသတိပြုကြရန်ဖြစ်ပါသည်။}}ဟူသတတ်။
   _ _ _ _ _ _ _ _ _ _ _ _
မိလိန္ဒပဥှာကျမ်းတွင်အသျှင်နာဂသေနမထေရ်မြတ်က မိလိန္ဒမင်းကြီးအား-
“မင်းမြတ်၊ အလှူခံပုဂ္ဂိုလ်ရောက်လာသည်ရှိသော် အကြင် အလှူကိုမပေးလှူအပ်။ အပေးလှူဘဲ ထား အပ်သော ထိုအလှူသည် လောက၌ ရှိသလော” ဟု မေးတော်မူ၏။
“အသျှင်ဘုရားနာဂသေန၊ (၁) သေအရက်အလှူကို လောက၌ပေးလှူ၏။ ထိုသူသည် အပါယ်သို့လား၏။ (၂) သဘင်အလှူကို၊ (၃) မိန်းမအလှူကို၊ (၄) နွားလားဥဿဘအလှူကို၊ (၅) ပန်းချီဆေးရေး အလှူကို၊ (၆) လက်နက်အလှူကို၊ (၇) အဆိပ်အလှူကို၊ (၈) သံခြေကျင်း အလှူကို၊ (၉) ကြက်/၀က်အလှူကို၊ (၁၀) ချိန်စဉ်းလဲ တောင်းစဉ်းလဲအလှူကို လောက၌ မပေးလှူသင့်သော အလှူဟူ၍ သမုတ်အပ်၏။ အကြင်သူသည် ထိုအလှူကို ပေးလှူ၏။ ထိုသူသည်အပါယ်လား၏။
“အသျှင်ဘုရား နာဂသေန၊ လောက၌ မပေးလှူသင့်သော အလှူသမုတ်အပ်ကုန်သော အလှူတို့သည် ဤဆယ်ပါးတည်း။ အကြင်သူသည် ထိုအလှူတို့ကို ပေးလှူ၏။ ထိုသူသည် အပါယ်သို့ လား၏ဟု (လျှောက်၏)။”
ဤဖော်ပြခဲ့သောမိလိန္ဒပဥှာကျမ်း၊ ဝေဿန္တ့ရာပဥှာအခန်းကို ဖတ်ဖူးဟန်မတူသော ဟိတသိဒ္ဓိ ကျမ်းပြု ဆရာသည် မလှူဒါန်းကောင်းသော သစ်သီးနှင့်ပန်းမျာကို ဖော်ပြရာ၌မကောင်း ကျိုးကိုဖြစ်စေနိုင်သော အသီး များမှာ (၁) ဖီးကြမ်းငှက်ပျောသီး၊ (၂) စပျစ်သီး၊ (၃) ကနခိုသီး၊ (၄) သြဇာသီး၊ (၅) ဒူးရင်းသီး၊ (၆ ) ရဲယိုသီး၊ (၇) ပေသီးတို့ ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
ထို့ပြင်မလှူသင့်သောပန်း၊ အညွှန်များကို ဖော်ပြရာ၌မူ အကုသိုလ်ဓာတ်များပါသော ပန်း များ၊ ဒေါသ နှင့် မကောင်းကျိုးကိုသာ ပေးစွမ်းနိုင်သော ပန်း၊ အညွှန့်များမှာ-(၁) ဇော်စိမ်း၊ ဇော်ကျားပန်း၊ (၂) ဒေါနပန်း၊ (၃)နှင်းဆီပန်း၊ (၄) စံပယ်ပန်း၊(၅) ကြက်မောက်ပန်း၊ (၆)လူအများသတ်မှတ်ထားသော စီးပွားဂမုန်းပန်း၊ (၇) နှင်းပန်း၊ (၈) တရုတ်စံကားပန်း၊ (၉) စံကားစိမ်းပန်း၊ (၁၀) တမာညွှန့်၊ (၁၁) ပိတောက်ပန်း၊ (၁၂) နဂါးစက်ပန်း စသော ဤ ၁၂ မျိုးသော အညွှန့်ပန်းများသည် အကုသိုလ်ဓာတ်ပါသော ပန်းအညွှန့်များ ဖြစ်ကြသည်။
“မဆောင်ကောင်း၊ မဆောင်ထိုက်၊ မပန်ကောင်း၊ မပန်ထိုက်၊ မနှစ်သက်ကောင်း၊ လောကီနည်းအရ ဘုရားစသောအနန္တောအနန္တ၅-ပါးအား မလှူကောင်း၊ မလှူအပ်သတိထားပါ။
ဤ ၁၂-မျိုးသော ပန်းများသည် အဆိပ်ပြင်းသော မြွေပွေး ၁၂- ကောင်နှင့်တူ၏။ ထိုပန်း ၁၂-မျိုးသည် ပြုစားတတ်သော စုန်းကဝေများနှင့်တူ၏။ မကောင်းသော အတိတ်များ၊ နိမိတ်များ၊ မကောင်း ကျိုးများကိုသာ တွင်တွင်ပေးစေနိုင်သော မီး ၁၂-ပါးနှင့်တူလှ၏။” ဟု ဆိုလေသတတ်။
ဟိတသိဒ္ဓိပကာသနီကျမ်းပြုဆရာသည် ခုဒ္ဒကနိကာယ်၊ ၀ိမာန၀တ္ထုတွင်ပါရှိသော ‘တမာရွက် လက် တစ်ဆုပ်စာမျှလောက်ကိုဆွမ်းခံရဟန်းတော်တစ်ပါးအား ပေးလှူခဲ့သည့် ကောင်းမှုကြောင့် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာတို့ ခံစားရသည့် နတ်သမီးအကြောင်း” ပြဆိုရာ နိမ္ဗမုဋ္ဌိဒါယိကာဝိမာန၀တ္ထုကို ဖတ်ဖူး၊ ကြားဖူးခြင်း မရှိလေဟန်တကား။
ထို့ပြင် ခါးသဖြင့် လူတို့ အလိုမရှိသော သပွတ်ခါးနွယ်ပန်း လေးပွင့်တို့ကို မြတ်စွာဘုရား၏ စေတီ (သရီဓာတ်)တော်အား ပူဇော်ရန်အသွား လမ်းခရီးအကြားတွင် နွားဝှေ့ခံရသဖြင့်သေဆုံး၍ နတ်ပြည်၌ ရွှေဝါရောင်ပြသာဒ်တွင် ခံစားရသောနတ်သမီးအကြောင်းကို ပြဆိုထားသည့် ပီတ၀ိမာန ၀တ္ထု ကိုလည်း ယုံကြည်မှု မရှိကြောင်း ပြဆိုရာရောက်နေပါ၏။
“သဒ္ဒါမပိုင်စာမကိုင်နှင့်” ဟူသောဆိုရိုးစကားရှိပါသည်။ စာရေးသူအနေဖြင့် “သဒ္ဓါမခိုင်စာမ ကိုင်” နှင့် ဟု ထပ်ဆင့်သတိပေးစကား ဆိုချင်ပါ၏။ ရတနာသုံးပါးအပေါ်ယုံကြည်မှုသဒ္ဓါတရား မရှိပါဘဲ လျက် ဘာသာ ရေးစာ မရေးပါနှင့်” ဟူလို။
ဤသည်တို့မှာ “ဟိတသိဒ္ဓိပကာသနီကျမ်း” မှတစ်စိတ်တစ်ဒေသမျှသာ ထုတ်နှုတ်ပြခြင်းဖြစ်၏။ အခြား ကဏ္ဍများဖြစ်သည့် သူရဿတီနတ်သမီး၏ အချစ်ဂါထာ၊ သူရဿတီနတ်သမီး၏ ကိုယ်စောင့်ဂါထာ၊ ရှင်ဥပ ဂုတ္တရဟန္တာဂါထာ၊ အာရောဂျသိဒ္ဓိဂါထာ၊ လာဘ်လာဘပွင့်ဝတ်ရွတ်စဉ်ဂါထာ စသည်တို့ကို ကား ဆောင်းပါး ရှည်လျားမည်စိုးသဖြင့် ချန်လှပ်၍ထားခဲ့ပါမည်။
   _ _ _ _ _ _ _ _ _ _ _ _
နောက်ဆုံး “ဆုတောင်းခန်း” တွင်-
“ဤသို့ ‘ဟိတသိဒ္ဓိပကာသနီကျမ်းမြတ်’ ကိုပြုစုရေးသားရသော ကောင်းမှုကုသိုလ်ကြောင့်” ဟု အစ ချီကာ “ဘုရား ရဟန္တာ အရိယာတို့ ၀င်စံရာဖြစ်သော ခေမာသောင်ကမ်း နိဗ္ဗာန်နန်းသို့ ၀ဋ်ဒုက္ခတိုတိုနှင့် လျင်မြန်စွာ ၀င်စံရပါစေသတည်း။”ဟု ဆုတောင်းထားသည်။
ထိုဆုတောင်းခန်းကို ဖတ်ပြီးချိန်တွင် ဖြူးဆရာတော်ဟောကြားသော တရားတော်ထဲမှ တက်တိုးတို့ သားအဖအကြောင်းကို ကြားယောင်နေမိ၏။
တက်တိုးဆိုသူ၏ ဖခင်သည် ညဦးပိုင်းတွင် မူးရူးကာ ရပ်ကွက်ထဲရှိလူများးကို ကြမ်းချင်တိုင်းကြမ်း ရမ်းကားချင်တိုင်း ရမ်းကားနေကျ ဖြစ်သည်။ နံနက်စောစော အမူးပြေသောအခါ ‘သြကာသ၊ သြကာသ၊ သြကာသ...နိဗ္ဗာန်မဂ်ဖိုလ်ကိုရက်တိုတိုနှင့်ရောက်ရပါလို၏ဘုရား’ ဟု ဆုတောင်းကာ ကြေးစည်ထုရန် ရွယ် လိုက်စဉ် သားဖြစ်သူ တက်တိုးက ‘မထင်...ထင်.....ထင်...’ဟု ကြေးစည်သံအလား ရွတ်ဆိုလိုက်လေ၏။
ကြေးစည်ထုရန်ဟန်ပြင်နေသော ဖခင်ဖြစ်သူက ကျိန်ဆဲလေ၏။ တက်တိုးကလည်း ထပ်မံ၍ ‘ထို့ ကြောင့် ပို၍ သာ၍ မထင်...ထင်...ထင်’ ဟု ဆိုလေ၏။
အကယ်၍သာ တက်တိုးဆိုသူသည် ဟိတသိဒ္ဓိပကာသနီကျမ်းမှ ဆုတောင်းထားသည့်စာကို ဖတ်ရှုရမည်ဆိုပါလျှင်.....။ ။

အမှတ်စဉ်(၂၅၇) ၂၀၁၁-ခုနှစ်၊ မေလ၊ဓမ္မရံသီမဂ္ဂဇင်း။

သဒ္ဓါပီတိဂွမ်းဆီထိသို့



သဒ္ဓါပီတိဂွမ်းဆီထိသို့
၁၃၇၂-ခုနှစ်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း တက်ရောက်သင်ကြားကြသူ သင်တန်းသား/သူ ၉၆- ဦးတို့သည် အသက်အရွယ် ငယ်ရွယ်ပင် ငယ်ရွယ်ကြသေးသော်လည်း ဘုရားဒါယကာ၊ ဘုရားဒါယိကာမ ကလေးများအဖြစ် ခံယူကြရသည်ဟု ဆိုနိုင်ပါ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ နှလုံးသားဝယ် (ဓမ္မစေတီ) ဘုရားတည်ကြရသည်သာမဟုတ် မြေပြင်၌လည်း ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခွင့် ရရှိသောကြောင့် ဖြစ်၏။
ဗောဓိပင်စိုက်ပျိုးပူဇော်မည့် နေရာအနီးတွင် အုတ်ကျင်းဟောင်း တစ်ခုရှိနေပါသည်။ ထို့ကြောင့် အုတ်ကျင်းဟောင်းအား သဲဖို့ခြင်း၊ ဗောဓိပင်စိုက်ပျိုးမည့် ငါးတောင်ပတ်လည် ရှစ်မြှောင့်ပုံသဏ္ဍာန် အဆင့် သုံးဆင့်ရှိသော နေရာ၌ မြေဆွေးထည့်ခြင်းစသော အလှူတို့ကို ပေးလှူကြသည်။
ငါးတောင်ပတ်လည်ထားခြင်း၏ ရည်ရွယ်ချက်မှာ မဟာဗောဓိပင်ရင်းဝယ် မာရ်ငါးပါးကိုအောင်မြင် သည့် ရည်ရွယ်ရင်းဖြစ်ကြောင်း၊ ရှစ်မြှောင့်ပုံသဏ္ဍာန် ပြုလုပ်ထားခြင်းမှာ (ဂြိုဟ်ရှစ်ခွင်ကို ကိုယ်စားပြုခြင်း မဟုတ်) မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းဖော်ကြူးထားခြင်းသာ ဖြစ်ကြောင်း၊ ပလ္လင်သဖွယ် အဆင့်သုံးဆင့် ပြုလုပ် ထားခြင်းမှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသ၀က္ခယဉာဏ်သုံးပါးကို ရည်ညွှန်းခြင်း ဖြစ်ေ ကြာင်းတို့ကို ရှင်းပြရပါသည်။
ရှစ်မြှောင့် ပုံသဏ္ဍာန်ပြုလုပ်ထားသဖြင့် ဂြိုဟ်ရှစ်ခွင်ကို ကိုယ်စားပြုထားသည်ဟု ယူဆကြသော် ရည်ညွှန်းချက်နှင့် အဓိပ္ပာယ်ဖော်ဆောင်မှု တခြားစီဖြစ်သွားပေမည်။ ထို့ကြောင့်လည်း ရှင်းပြရခြင်းဖြစ်၏။ ရှစ်မျက်နှာစေတီတော်တို့ကို ဖူးမြင်ကြရသည့်အခါတို့တွင်လည်း မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းလျက် ထေရ၀ါဒ ရှုထောင့်မှ ရှုမြင်၍ ဖူးမြော်ကြဖို့လိုကြောင်း ထည့်သွင်းရှင်းပြဖြစ်ပါသည်။
_ _ _ _ _ _ _ _ _ _ _ _
ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့်ဗောဓိပင်ကိုစိုက်ပျိုးပူဇော်ကြခြင်းသည် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော် အ ပင် ဖြစ်ခြင်း၊ ဗောဓိဉာဏ်မြတ်ကို ရရှိတော်မူရာ အပင်ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓသက်တော်ထင်ရှား ရှိတော်မူစဉ် ကပင် မြတ်ဗုဒ္ဓကိုယ်တော်စား ကိုးကွယ်ပူဇော်ခြင်း ပြုကြရန် ညွှန်ကြားတော်မူခြင်းတို့ကြောင့် စိုက်ပျိုး ပူဇော်ခဲ့ကြ ကြောင်းကို တေရသကနိပါတ်၊ ကာလိင်္ဂဗောဓိဇာတ်တွင်လာသည့်အတိုင်း သင်တန်း ပို့ချချိန် အတွင်း ရှင်းပြထား ပါသည်။
“ဘုရားရှင်လက်ထက်တော်က ဘုရားရှင်အား ဖူးမြော်လိုကြတဲ့ ဘုရားဖူးပရိသတ်များဟာ ဇေတ ၀န် ကျောင်းတော်ကို ရောက်လာကြပါတယ်။ ဘုရားရှင်ဒေသစာရီ ကြွချီခိုက်နှင့်ကြုံတဲ့အခါ ၀မ်းနည်း ပက် လက် ဖြစ်ခဲ့ ကြရပါတယ်။
“အဲဒီ အဖြစ်အပျက်ကို အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားပါတယ်။ ဘုရားရှင်မရှိခိုက် ဘုရား ကိုယ်စား ဖူးမြော်စရာတစ်ခုပေးထားဖို့တောင်းပန်ပါတယ်။ ဘုရားရှင်ဟာမဟာဗောဓိပင်အား ပူဇော် ခွင့် ပြုတော်မူခဲ့ပါတယ်။
“အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ဗုဒ္ဓဂယာသို့ ကြွတော်မူပြီးမဟာဗောဓိပင်မျိုးစေ့ကို ယူဆောင်ပေးခဲ့ပါတယ်။ အနာထပိဏ်သူဌေးကြီးက ဇေတ၀န်ကျောင်းပေါက်ဝမှာ စိုက်ပျိုးပေးခဲ့ပါတယ်။ ရှင်အာနန္ဒာရဲ့ အစီအစဉ်နဲ့ စိုက်တာကြောင့် အာနန္ဒာဗောဓိပင်ရယ်လို့ ခေါ်ဆိုကြပါတယ်။ အဲဒီအချိန်က စပြီး ဘုရားရှင်ကိုယ်စား ပရိဘောဂစေတီအဖြစ် ပူဇော်ခဲ့ကြပါတယ်။”
ဗုဒ္ဓဂယာဘုရားဖူး ဗီစီဒီခွေမှ ဤအာနန္ဒာဗောဓိအခန်းကို အကြိမ်ကြိမ်ဖွင့်ပြထားပါသည်။ သင်တန်းသား လူငယ်တို့သည် ဗောဓိပင်စိုက်ပျိုးပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း သိရှိထားခြင်း၊ အာနန္ဒာဗောဓိပင် ကိုလည်း မျက်ဝါးထင်ထင်ဖူးမြင်ရခြင်းတို့ကြောင့် ပူပြင်းလှသည့်နွေရာသီကို အမှုမထား ဘဲ စေတနာသဒ္ဓါတရား ထက်သန်စွာ လုပ်အားအလှူတို့ကို ပေးလှူနေကြသည်ဟု ယုံကြည်မိပါ၏။
ဗောဓိပင်စိုက်ပျိုးပူဇော်မည့်နေရာကို ရှင်းလင်းသုတ်သင်ခြင်း၊ ပင့်ဆောင်မည့်လမ်းတစ်လျှောက် တို့ကို သဲဖြူခင်းခြင်း၊ ရာဇမတ်ကာရံခြင်းတို့ကို ကျေးရွာအတွင်းရှိလူကြီး၊ လူငယ်များနှင့် သဟပုညကာရီ ၀တ်အသင်း သူတို့မှလည်း ကုသိုလ်ပါဝင်ကြပါ၏။
   _ _ _ _ _ _ _ _ _ _ _ _
ကံမမြို့နယ်၊ တောင်စကိုင်းကျေးရွာ၊ ၀ိဇယာရာမကျောင်းတိုက်သို့ သွားရောက်၍ ဗောဓိပင်ကို ပင့် ဆောင်ကြရမည်ဖြစ်၏။ ပထမ၀ါဆိုလပြည့်နေ့တွင် သွားရောက်ပင့်ကြမည်ဟု သတ်မှတ်ထား သည်။ ရေတက်ချိန်ကို မှန်း၍ သတ်မှတ်ထားခြင်းဖြစ်၏။ ရေတက်ချိန် မဟုတ်ခဲ့သော် တောင်စကိုင်းကျေး ရွာမှ ကံမမြို့သို့ ရောက်အောင်နှစ်မိုင်ခွဲခန့် လမ်းလျှောက်ကြရမည်ဖြစ်၏။ ရေတက်ချိန်ဆိုပါလျှင် မဒေးချောင်း (တောင်ချောင်း)မှ ၀င်သွားလျှင်တောင်စကိုင်းရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နိုင်၏။
၁၃၇၂-ခုနှစ်၊ ပထမ၀ါဆိုလပြည့်နေ့နံနက်စောစောတွင် ထွေလာသုံးစီးဖြင့် ဒါးစမ်းကျေးရွာမှ စတင် ထွက်ခဲ့ကြ၏။ ပြလို့သို့ နံနက် ၉း နာရီ အချိန်ခန့်တွင် ရောက်ကြသည်။
ထိုမှတဆင့်ကြိုတင်ငှါးထားသော မော်တော်ဖြင့် ကံမမြို့သို့ ဦးတည်ထွက်ခွာခဲ့ကြ၏။ ရာသီဥတုက သာသာယာယာရှိနေပါသည်။ လှိုင်းလေတို့လည်း ငြိမ်သက်လျက်ရှိနေချေ၏။ ယခင်နေ့များကဆိုလျှင် မိုးသည် မကြီးသော်လည်း စဲသည်ဟုမရှိခဲ့ပါချေ။

  တောင်စကိုင်းကျေးရွာ၊ ၀ိဇယာရာမကျောင်းတိုက်သို့ နံနက် ၁၁-နာရီ အချိန်တွင် ချောချောမောေ မာ ရောက်ကြသည်။ ဆရာတော်ဘဒ္ဒန္တဇ၀န၊ တိုင်းသံဃနာယကဥက္ကဋ္ဌ(မူလဒွါရ) ထံတော်တွင် ဗော ဓိပင်ပင့်ဆောင်ရေး အဖွဲ့သားများကရှစ်ပါးသီလခံယူဆောက်တည်ကြခြင်း၊ ၀ါဆိုသင်္ကန်း ဆက်ကပ် လှူ ဒါန်းခြင်းတို့ကို ဆောင် ရွက်ကြသည်။

ဆရာတော်ကဗောဓိပင်ပင့်ဆောင်ရေးအဖွဲ့သားများအား အနုမောဒနာတရားချီမြှင့်ပါသည်။
“ဒါယကာ၊ဒါယိကာမအပေါင်းတို့၊ ယခုစိုက်ပျိုးပူဇော်မည့်ဗောဓိပင်ဟာ တောထဲမှာအလေ့ကျပေါက် ပြီး ဘယ်အပင်မှမှီတွယ်ခြင်းမရှိတဲ့ ညောင်ပင်ကို ဗောဓိပင်အဖြစ်နဲ့ စိုက်ပျိုးပူဇော်ကြရတာမဟုတ်ပါဘူး။ ဘုန်းကြီး ဗုဒ္ဓဂယာကို ပထမအကြိမ်ဘုရားဖူး ကြွစဉ်အခါက အာနန္ဒာဗောဓိပင်ကမျိုးစေ့တွေကို ယူဆောင်လာပြီး ပျိုးကြည့်တယ်။ နည်းစနစ်မမှန်လို့လား မသိဘူး။ တစ်ပင်မှမပေါက်ဘူး။
“ဒါကြောင့်လည်း ဒုတိယအကြိမ်ဗုဒ္ဓဂယာကို ဘုရားဖူး ကြွတဲ့အခါမှာတော့ နည်းစနစ်မှန်မှန်ပျိုး တတ်တဲ့ ဘုန်းကြီးရဲ့ မိတ်ဆွေ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ဆရာတော် ဦးဆေဒကကို ပျိုးခိုင်းထားခဲ့ရတယ်။ အပင်ဖြစ်မှ မြန်မာနိုင်ငံကိုရောက်အောင် ခဲရာခဲဆစ်ပင့်ဆောင်လာခဲ့ရတာ။
အိန္ဒိယနိုင်ငံမှ ပင့်ဆောင်လာစဉ်က ဗောဓိပင်မှန်း သိသာရုံမျှသာရှိသေးတယ်။ အချို့အပင်တွေ ဆိုရင် နှစ်ရွက်၊ သုံးရွက်မျှသာအရွက်ထွက်သေးတာဆိုတော့ လက်နှစ်ဆစ်၊ သုံးဆစ်ခန့်သာရှိသေးတာ။ အဲဒီလောက် သေးငယ်တဲ့ အပင်လေးတွေကို ဒီအရွယ်အထိ ဖြစ်လာအောင် တယုတယ ပြုစုပျိုးထောင် လာခဲ့ရတာ။
“ဘာကြောင့်ဒီလောက်အထိတယုတယ ပြုစုပျိုးထောင်ရပါသလဲဆိုရင် ဘုရားရှင်သက်တော် ထင် ရှား ရှိတော်မူစဉ်အခါက ဘုရားရှင်ကိုယ်တော်တိုင် ဘုရားရှင်မရှိခိုက် ဘုရားရှင်ကိုယ်စား ကိုးကွယ်ပူဇော် ဖို့ရန် ညွှန်ကြားတော်မူခဲ့တဲ့ အတွက်ကြောင့်ပါပဲ။
“ဒါကြောင့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့လဲ အင်မတန်အကြောင်းကံကောင်းကြလို့ ကိုးကွယ် ပူဇော် ခွင့်ရခိုက်မှာ ‘ဧ၀ံသန္တေ ဇေတ၀နေ မမနိဗဒ္ဓ၀ါသောဝိယ ဘ၀ိဿတိ’ လို့ ဇာတကအဋ္ဌကထာလာ အရှင် အာနန္ဒာအား မြတ်ဗုဒ္ဓဟောထားသည်နှင့်အညီ သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်တိုင် မိမိ တို့ရဲ့ ကျောင်းတိုက်အတွင်းဝယ် အမြဲသီတင်းသုံးနေတော်မူတယ်ရယ်လို့ သဘောပိုက်ပြီး သက်တော် ထင်ရှား မြတ်စွာဘုရားအလား ရိုရိုသေသေ လေးလေးမြတ်မြတ်နဲ့ ကိုးကွယ်ပူဇော်ကြဖို့ အထူးတိုက်တွန်း လိုပါတယ်။”
ဆရာတော်၏ အနုမောဒနာတရား နာကြားရသည့်အခါကြည်ညိုသဒ္ဓါတရားများ တိုးပွားလာကြရပါ သည်။
    _ _ _ _ _ _ _ _ _ _ _ _
နေ့လယ် ၁-နာရီအချိန်တွင် ဗောဓိပင်မြတ်အား ပင့်ဆောင်သည့်အခမ်းအနား အစီအစဉ်ကို စတင် ဆောင်ရွက်ကြ၏။ ရှေးဦးစွာဦးကြည်သိန်းက- "သုံးလောကသင်းကျစ်၊ ဓမ္မရာဇ်မှန်ကူ၊ သယမ္ဘူ ထွတ်ထား ရှင်တော်မြတ်ဘုရား။ ရှင်တော်မြတ်ဘုရား သည် သာဝတ္ထိပြည်သားတို့အား ရှင်တော်မြတ် ကိုယ်စား မဟာဗောဓိပင်မှမျိုးစေ့ကို ယူဆောင်စိုက်ပျိုးစေပြီးလျှင် ကိုးကွယ်ပူဇော်ခွင့်ပြုတော်မူခဲ့သည့် နည်းတူ ဘုရားတပည့်တော်တို့ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာသူ၊ ကျေးရွာသားတို့အားလည်း ရှင်တော်မြတ်ကိုယ်စား ကိုးကွယ်ပူဇော်ခွင့် ပြုတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် သုံးလောက သင်းကျစ်၊ ဓမ္မရာဇ်မှန်ကူ၊ သယမ္ဘူထွတ်ထားရှင်တော်မြတ်ဘုရား”
ဤသို့မြန်မာစကားပြေဖြင့်ကျေးရွာသူ၊ ကျေးရွားတို့၏ ကိုယ်စား ဦးစွာပင့်လျှောက်ပါသည်။ ပြီးလျှင် သဟပုညကာရီ ၀တ်အသင်းသူများက ပင့်လျှောက်ကြသည်။ ထို့နောက် အသင့်ပြုလုပ် ယူဆောင်လာ ခဲ့သော လူထမ်းဝေါယာဉ်ဖြင့်ခမ်းနားသိုက်မြိုက်စွာပင့်ဆောင်ခဲ့ကြပါသည်။ တောင်စကိုင်းကျေးရွာမှအထွက် တွင်နာရီကို ကြည့်လိုက်တော့ နေ့လည် ၂-နာရီ ထိုးနေပါပြီ။
ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်သဟပုညကာရီဝတ်အသင်းသူများ၏ မဟာဗောဓိဘုရားရှိခိုး ဂါထာသံတို့သည် လွင့်ပျံနေချေ၏။ ရေပြင်ကို ဆန်တက်လာခိုက်တွင် မြစ်ရေပြင်၏ လှိုင်းဂယက်တို့မှာ ၀ဲ ယာ သွယ်တန်းပြီး မော်တော်ဦးစွန်းတွင် ပေါင်းဆုံကာ လက်အုပ်ယှက်လျက် ဦးခိုက်ပူဇော်နေသည်သို့ရှိ၏။
ဗောဓိပင်တော်၏ အထက်တွင်သစ္စာလေးပါးကိုကိုယ်စားပြုလျက်အုပ်မိုး ပူဇော်၍ထားသော ထီးဖြူ လေး လက်တို့ကို အားကျသည့်အလား ကောင်းကင်ယံတွင်လည်း တိမ်ဖြူများဖြင့်အုပ်မိုး ပူဇော် လျက်ရှိသည်။
အပြန်ခရီးသည် အဆန်ဖြစ်ခြင်းကြောင့် ပြလို့သို့ လေးနာရီခွဲမှသာ ရောက်ရှိကြသည်။ ရွာအပြန် လမ်း သည် တောင်တက်၊ တောင်ဆင်း၊ အတိမ်း၊ အစောင်းများ ထူထပ်သဖြင့် ဗောဓိပင်အားထိခိုက်မှု မရှိရလေ အောင် သတိဖြင့် ကောင်းစွာစောင့်ရှောက် ပင့်ဆောင်ကြရပါသည်။ ထို့ကြောင့် ၅-နာရီခွဲမှ ရွာသို့ပြန်နိုင်သည်။
ရွာသို့အရောက်တွင် မှောင်ရီပင်ပျိုးနေပေပြီ။ ရွာသူရွာသားများသည် ရွာအ၀င် ကြိုဆိုရေး မဏ္ဍပ်မှနေ၍ ဗောဓိပင်တော်မြတ်အား ရိုသေစွာလက်အုပ်ချီမိုး ရှိခိုးပူဇော်ကြပါသည်။ လမ်းဘေးဝဲယာတို့မှ သာသနာ့ အလံများ ကိုင်ဆောင်လျက် ဖူးမြော်ကြသည်။ ပရိသတ်မှာ တိုးမပေါက်အောင် များလှခြင်းကြောင့် ကျောင်းသို့ ည၉-နာရီအချိန်ခန့်တွင်မှ ရောက်ပါလေတော့သည်။
စိုက်ပျိုးပူဇော်ချိန်မီသော် နေ့ချင်းပြီးစိုက်ပျိုးပူဇော်မည်ဟု မှန်းထားသည်။ သို့သော်မှောင်နေပြီဖြစ် သဖြင့် နောက်နေ့မှ စိုက်ပျိုးရန် ဆုံးဖြတ်လိုက်ရသည်။ ကျောင်းရှေ့မြေကွက်လပ်တွင် တစ်ညတာ ကိန်းဝပ် စံပယ် အပူဇော်ခံယူတော်မူနိုင်ရန် စီစဉ်လိုက်ပါသည်။
လူသားတို့ထွန်းညှိပူဇော်ထားသော ဆီးမီးရောင်တို့နှင့်အပြိုင် ကောင်းကင်ယံမှ စန်းလသော်တာ သည်လည်း ကြယ်တာရာအပေါင်း ခြံရံလျက်ဗောဓိပင်မြတ်အား အားပါးတရ ဖူးမြော်နေသည့်နှယ်ပါတည်း။
_ _ _ _ _ _ _ _ _ _ _ _
ပထမ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့နံနက် အရုဏ်တက်ချိန်တွင်ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်ရသာ အဖြာဖြာတို့ကို ဘုရားရှင်အားရည်မှန်း၍ ဆက်ကပ်လှူဒါန်း ပူဇော်ကြ၏။ နံနက် ၈-နာရီအချိန်တွင် ယာယီစံမြန်းရာ နေရာမှ ထာဝစဉ်ကိန်းဝပ်စံပယ်ကိန်းဝပ်စံပယ်အပူဇော်ခံယူတော်မူမည့်နေရာသို့ အခမ်း အနားဖြင့်ပင့်ဆောင်ပြီးလျှင် မြေ၀ယ်စိုက်ပျိုး ပူဇော်ကြပါသည်။
ထို့နောက် အမျှအတန်း ပေးဝေခြင်း၊ အမွှေး၊ နံသာ၊ ဆီမီးများဖြင့် ပူဇော်ခြင်းတို့ကို ပြုကြ၏။ ပြီးလျှင် အကာအရံများ ပြုလုပ်ဆောင်ရွက်ကြသည်။
စာရေးသူအနေဖြင့်ဗောဓိပင်မြတ်အား ပင့်ဆောင်ရန်သွားကြသည်မှစ၍မြေ၀ယ်စိုက်ပျိုး ပူဇော် သည် အထိ ညွှန်းစာရေးဖွဲ့၍ ဖော်ပြနိုင်စွမ်းရှိပါ၏။ သို့သော် စာရေးသူ အနှစ်နှစ် အလလ က မျှော်လင့် တောင့်တ ခဲ့ရပါသော ဗောဓိပင်မြတ်အား ကိုးကွယ်ပူဇော်ခွင့် ရရှိသဖြင့် ရင်၌ဖြစ်ပွား ၀မ်းသာကြည်နူးမှုများကိုကား ဖော်ပြ နိုင်စွမ်းမရှိပါတော့ချေ။

အမှတ်စဉ်(၁၇၂)၂၀၁၁-ခုနှစ်၊ဧပြီလ၊ဓမ္မရတနာမဂ္ဂဇင်း။